Print

Obstructive Sleep Apnoea (အိပ်နေစဉ်အသက်ရှူလမ်းကြောင်းပိတ်ခြင်း)

  24-Feb-2017
Preview Image

 

အိပ်နေစဉ်အသက်ရှူလမ်းကြောင်းပိတ်ခြင်း ဆိုတာဘယ်လိုဖြစ်တာလဲ?

လူတစ်ယောက်အိပ်ပျော်သွားတဲ့ အချိန်မှာ ကြွက်သားတွေပြေလျော့သွားပါတယ်။အသက်ရှူလမ်းကြောင်းနဲ့ လျှာမှာရှိတဲ့ကြွက်သားတွေပါပြေလျော့သွားပြီး လေပြွန်ကျဉ်းကာ လေအဝင်နည်းစေတယ်။ ဒီလိုဖြစ်တဲ့အချိန်မှာ သွေးထဲမှာ အောက်စီဂျင် လျော့နည်းသွားတယ်၊ ဦးနှောက်ထဲ ကိုရောက်တဲ့ အောက်စီဂျင်လည်းနည်းသွားတဲ့ အတွက် ရုတ်တရက်နိုးလာပြီး အသက်ပုံမှန်ပြန်ရှူရတာရှိသလို ၊ အချို့လူတွေမှာတော့ မနိုးလာပဲ အသက်
ပင့်ရှိုက်ခြင်း၊ ဟောက်သံပြုခြင်း၊ အိပ်နေတဲ့ ပုံစံပြောင်းခြင်းတို့ဖြင့် ပုံမှန်အသက်ပြန်ရှူသွားနိုင်ပါတယ်။ ဒီလို လေပြွန်ကျဉ်းပြီး အသက်ရှူကြပ်လိုက် အသက်ကိုပြန်ရှူ လိုက်နဲ့ တစ်ညလုံး ဖြစ်နေတော့တာပါပဲ။ တစ်ချို့ဆိုးတဲ့လူတွေမှာဆို တစ်ညတည်းမှာတင် ရာနဲ့ချီပြီး ဖြစ်တတ်တဲ့ အတွက် နှစ်ခြိုက်စွာ မအိပ်ရပဲ တစ်နေ့လုံးအိပ်ငိုက်နေရပါတော့တယ်။

 

ဘယ်သူတွေပိုဖြစ်နိုင်လဲ?

အောက်ပါအချက်တွေရှိရင် ပ်ိုဖြစ်တတ်ပါတယ်။
- အဝလွန်ခြင်း
- လည်ပင်းလုံးပတ်ကြီးခြင်း (အမျိုးသားတွေမှာ >၄၃စင်တီမီတာ၊ အမျိုးသမီးတွေမှာ >၄ဝစင်တီမီတာ)
- တိုသော မေးရိုးရှိခြင်း၊ လျှာကြီးခြင်း
- ပုံမှန်မဟုတ်သောမျက်နှာပုံစံရှိခြင်းကြောင့် အသက်ရှူလမ်းကြောင်း တိုပြီးသေးနေခြင်း
- မိသားစုမျိုးရိုးထဲတွင်ပုံစံတူ ရောဂါဖြစ်သူရှိခြင်း
- ဆေးလိပ်သောက်သုံးခြင်း၊ အရက်အလွန်အကျွံ သောက်သုံးခြင်း
- အိပ်ဆေးသောက်ပြီး အိပ်လေ့ရှိခြင်း

 

ဘာလက္ခဏာတွေခံစားရလေ့ရှိလဲ?

- ဟောက်ခြင်း
- ညအိပ်မပျော်ဖြစ်ခြင်း၊ ခဏခဏနိုးနေခြင်း
- အိပ်နေစဉ် အသက်ရှူကြပ်ခြင်း၊ မွန်းကြပ်ပြီးအသက်မရှူနိုင်ဖြစ်ခြင်း
- နေ့ဖက်တွင် အလွန်အမင်း အိပ်ငိုက်ခြင်း၊ အိပ်ပျော်သွားခြင်း
- နုံးချိခြင်း၊ ခံနိုင်ရည်မရှိခြင်း၊ အားအင်ကုန်ခမ်းနေခြင်း
- အာရုံမစူးစိုက်နိုင်ခြင်း၊ မှတ်ဉာဏ်အား နည်းလာခြင်း
- မနက်နိုးချိန်တွင် ခေါင်းကိုက်ခြင်း၊ ပါးစပ်ထဲခြောက်သွေ့နေခြင်း၊ လည်ချောင်းနာခြင်း
- စိတ်ဓါတ်ကျခြင်း၊ ဒေါသဖြစ်လွယ်ခြင်း၊ စိုးရိမ်မှုများခြင်း နှင့် အခြားကိုယ်စိတ်အမူအရာများပြောင်းလဲမှုဖြစ်ခြင်း
- ညဘက် မကြာခဏ ဆီးထသွားရခြင်း တို့ခံစားရနိုင်ပါတယ်။

 

ကျန်းမာရေးအပေါ် ဘယ်လိုသက်ရောက်မှုရှိလာနိုင်လဲ?

အဝလွန်တာနဲ့တွဲလေ့ရှိတဲ့အပြင် နေ့အချိန် ပင်ပန်းလွယ်ခြင်း နှင့် ဇီဝဖြစ်ပျက်မှုအပြောင်းအလဲတို့ကြောင့် ကိုယ်အလေးချိန်ကျအောင်လုပ်ဖို့ခက်ခြင်း နှင့် စိတ်ကျခြင်းတို့ပါ တွဲလာနိုင်ပါတယ်။သွေးတိုးရောဂါ၊ လေဖြတ်ခြင်း၊ နှလုံးရုတ်တရက် ထိခိုက်ခံရခြင်း (heart attack)၊ နှလုံးစည်းချက်မမှန်ခြင်း၊ ရင်ဘတ်အောင့်ခြင်း စတဲ့ နှလုံးရောဂါ နဲ့ပတ်သက်သော ရောဂါများနဲ့လည်း ဆက်စပ်နိုင်တဲ့အပြင် ဆီးချိုသွေးချို ရောဂါနဲ့ လည်းတွဲတတ်
ပါသေးတယ်။ ရက်ပေါင်းကြာရှည်စွာ အိပ်ရေးပျက်ခြင်း ဖြစ်နေတဲ့အတွက် စိတ်ကျန်းမာရေးချို့ယွင်းမှုများလည်းရှိလာနိုင်ပါတယ်၊ ဒါ့အပြင် နေ့ဘက်တွင် အလွန်အမင်းအိပ်ငိုက်ခြင်းကြောင့် မတော်တဆ ဖြစ်မှုများ၊ အလုပ်အကိုင် နှင့် ပေါင်းသင်းဆက်ဆံရေး အဆင်မပြေမှုများ၊ ရှိလာနိုင်ပါတယ်။ဒီလို ကျန်းမာရေးအပေါ် သက်ရောက်မှုတွေရှိလာနိုင်တဲ့ အတွက်ကြောင့် ဆရာဝန်နဲ့ ပြသတိုင်ပင် ပြီး အထိရောက်ဆုံးကုသမှု ရယူသင့်ပါတယ်။

 

ဘယ်လိုကုသလို့ရမလဲ

ကုသတဲ့အခါမှာ လူနာရဲ့ အသက်၊ ကိုယ်အလေးချိန်၊ လက္ခဏာ ဆိုးဝါးမှုအခြေအနေ နှင့် တခြားဆက်စပ်နေသော ရောဂါ များ၊ ပေါ်မူတည်၍ ကုသမှု နည်းလမ်းတွေ အမျိုးမျိုးရှိနိုင်ပါတယ်။

 

အရင်ဆုံး နေ့စဉ်နေထိုင်မှုပုံစံကို ပြုပြင်ရပါမယ် (Lifestyle Changes)

- ကိုယ် အလေးချိန်လျှော့ချခြင်း၊ 
- အိပ်တဲ့ ပုံစံပြောင်းအိပ်ခြင်း (ဘေးစောင်းအိပ်ခြင်းက ပက်လက်အိပ်ခြင်းထက် အိပ်နေစဉ် အသက်ရှူကြပ်ခြင်းကို ပိုကာကွယ်နိုင်ပါတယ်) ၊ အိပ်ချိန်မှန်အောင် ကျင့်ပေးခြင်း၊ တတ်နိုင်သမျှ တိတ်ဆိတ်သော ပတ်ဝန်းကျင်တွင် အိပ်ခြင်း။ 
- ဆေးလိပ်၊ အရက်များ သုံးစွဲမှုလျှော့ချခြင်း။
- အိပ်ရာမဝင်ခင် ကော်ဖီသောက်ခြင်း ၊ အိပ်ဆေးသောက်ခြင်းများ ရှောင်ကြဉ်သင့်ပါတယ်။

 

Mandibular Advancement Device (MAD)

အိပ်နေတဲ့အချိန်မှာ အံကပ်ပုံစံ ကိရိယာ Mandibular Advancement Device (MAD) အသုံးပြု၍ အိပ်ခြင်း။ MAD ကို တပ်၍ အိပ်ခြင်းဖြင့် မေးရိုး နှင့် လျှာ ကို ရှေ့တွင်ရောက်နေအောင်ထိန်းထား နိုင်ပြီး အိပ်နေစဉ်လေပြွန်ကျဉ်းခြင်းမှ ကာကွယ် ပေးနိုင်ပါတယ်။ ဒါကိုတော့ အသက်ရှူကြပ်ခြင်း အရမ်းမဆိုးတဲ့ လူနာတွေ မှာ အသုံးပြုပေးနိုင်ပါတယ်။

 

Continuous Positive Airway pressure Device (CPAP)
ဒါကတော့ အိပ်နေစဉ် အသက်ရှူကြပ်ခြင်း လက္ခဏာ ဆိုးတဲ့လူ တွေမှာ သုံးနိုင်ပါတယ်၊ နှာခေါင်းနဲ့ ပါးစပ်ကို အုပ်ထားတဲ့အစွပ်ကို အိပ်နေတဲ့အချိန်မှာတပ်ရမှာဖြစ်ပါတယ်။ အဲ့ဒီ မျက်နှာဖုံးလို အစွပ်ကို ပိုက်လိုင်းအသေးလေးနဲ့ ချိတ်ဆက်ထားပြီး လျှပ်စစ်အားအသုံးပြုကာ ဖိအားနဲ့ လေမှုတ်သွင်းပေးတဲ့ စက်ဖြစ်ပါတယ်။ ဒီစက်ကို အသုံးပြုထားခြင်းဖြင့် အသက်ရှူလမ်းကြောင်းကို အိပ်နေစဉ်မှာ အမြဲပွင့် နေအောင်လုပ်ထားပေးနိုင်မှာ ဖြစ်ပါတယ်။

 

Provent therapy (EPAP device)
ဒါကတော့ CPAP ထက် ပိုမိုလွယ်ကူတဲ့ နှာခေါင်းမှာ ကပ်ခွာ ပုံစံကပ်ပေးရတဲ ့ကိရိယာဖြစ်ပါတယ်၊ နှာခေါင်းမှ လေဝင်လေထွက်ကို ထိန်းညှိ ပေးပြီး အသက်ရှူလမ်းကြောင်းမှာ ဖိအားများစေခြင်းဖြင့်အသက်ရှူလမ်းကြောင်းပိတ်မသွားအောင်လုပ်ပေးထားခြင်းဖြစ်ပါတယ်။

 

ခွဲစိတ်ခြင်း
လွန်ခဲ့တဲ့ ၁ဝ-၂ဝ နှစ်လောက်ကတော့ ဒီပြဿ နာ အတွက် ခွဲစိတ်ခြင်းကို အသုံးပြု ခဲ့ပေမယ့် ထိထိရောက်ရောက် အကျိုးမရှိတာအပြင် CPAP နဲ့ provent ကဲ့သို့သော လွယ်ကူ ရိုးရှင်းတဲ့ နည်းတွေပေါ်လာခြင်းတို့ကြောင့် အသုံးမပြုတော့ပါဘူး။ ခွဲစိတ်မှ လုံးဝအရှင်းပျောက်နိုင်တဲ့ နောက်ခံအကြောင်းတရား ကြောင့်ဆိုရင်တော့ခွဲစိတ် ပြုပြင်တာလုပ်ရတတ်ပါတယ်။

 

MyatPwint
Healthcare.com.mm

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18