Print

ဆီးကျောက်တည်ခြင်း

  29-Oct-2016
Preview Image

Uolithiasis (Renal Stones) လို့ခေါ်တဲ့ ဆီးကျောက်တည်ရောဂါဖြစ်ပွား  ရတဲ့ အကြောင်းရင်းတွေကို လေ့လာကြည့်တဲ့အခါ အဓိကအုပ်စု ကြီးနှစ်ခုရှိပါတယ်။ ပထမ အုပ်စုကတော့ ခန္ဓာကိုယ်တွင်းမှာ ရှိတဲ့ ရောဂါတစ်ခုခုကြောင့် ဆီးကျောက်တည် ခြင်းဖြစ်ပါတယ်။ ဥပမာ Parathyroid လို့ ခေါ်တဲ့ဂလင်းက အလုပ်တွေ ပိုလုပ်လို့ သွေးထဲမှာ Calcium လို့ ခေါ်တဲ့ ထုံးဓာတ်တွေ များလာ ပြီး ကျောက်တည် တာမျိုးပေါ့။ ဒါမျိုးကိုတော့ သက်ဆိုင်ရာ ဆရာဝန်နဲ့ သမားတော်များက ရောဂါ ရှာဖွေပြီး ကုသရမှာဖြစ်ပါတယ်။ 

ဒုတိယအုပ်စုကတော့ နဂိုဘာရောဂါမှ မရှိဘဲအနေအထိုင် အစား  အသောက် မှားယွင်းနေလို့ ဆီးကျောက်တည် ရောဂါ ဖြစ်ပွား ရခြင်း ဖြစ်ပါတယ်။ ပထမဆုံးနဲ့ အရေအကြီးဆုံး ပြောချင်တဲ့ အချက်ကတော့ ရေများများသောက်ဖို့ပဲ ဖြစ်ပါတယ်။ ရေများများသောက်ရင် ဆီးများများသွားပြီး ဆီးအနည်ကျတာ မဖြစ်တော့တဲ့အတွက် ကျောက်တည်ဖို ့ အလားအလာ အလွန်နည်းမှာ ဖြစ်ပါတယ်။ သာမန်လူတစ်ယောက်အတွက် တစ်နေ့ ၃ လီတာ လောက်သောက်သင့်ပါတယ်။ မနက်မိုးလင်းအိပ်ရာထချိန်ကနေစပြီး နှစ်နာရီ သုံးနာရီ ခြားတစ်ခါ တစ်ဖန်ခွက်စီ သောက်ပေးရင်ဘာမှ အပန်းမကြီးဘဲ အကျိုး အများကြီးရနိုင်ပါတယ်။ ဆီးကျောက်တည်ရောဂါ ဖြစ်တဲ့သူတွေကို လေ့လာတဲ့အခါမှာ ရေသောက်တဲ့ အလေ့အထနည်းတာတွေ့ရပါတယ်။ အထူးသဖြင့် နွေရာသီလို အခါမျိုးမှာ ချွေးထွက်များတဲ့အတွက် ရေပိုသောက်သင့်ပါ တယ်။ ရေသောက် နည်းရင် ဆီးကနည်း လာပါမယ်။ အဲဒီအခါမှာ ဆီးမှာပါဝင်နေ တဲ့ပစ္စည်းတွေဖြစ်တဲ့ Calcium တို့ Oxalate လို Phosphate စသည့် သတ္တု ဓာတ်တွေဟာ ဆက်လက် ပျော်ဝင်နိုင်ခြင်း မရှိလို့အနည်းကျလာပါမယ်။ အဲဒီ အနည်ကနေတစ်ဆင့်  တဖြည်းဖြည်း စုစည်းလာမယ်၊ မာလာမယ် ပြီးတော့ ဆီးကျောက်အဖြစ်ပြောင်းသွား ပါမယ်။ ရိုးရိုးသောက်ရေဟာ များများသောက်ဖို့ အတွက် အကောင်းဆုံးဖြစ် ပါတယ်။ သောက်ရေဆိုတာ သောက်ရေသန့် ဖြစ်စေ၊ ကျိုချက်ထား တဲ့ရေဖြစ်စေကောင်းပါတယ်။ အချို့တောင်ပေါ်ဒေသတွေမှာ ရှိတဲ့တွင်းရေတွေမှာ Calcium လို့ခေါ်တဲ့ ထုံးဓာတ်တွေ အလွန် များပြားစွာ ပါတဲ့ အတွက် ဒီလိုရေမျိုးကို  အစိမ်းမသောက်သင့်ပါဘူး။ ဒီရေကို ကျိုချက်လိုက်ရင် ပျော်ဝင်နေတဲ့ ထုံးဓာတ်တွေ ဟာ အောက်ကိုအနည်ကျလာမှာ ဖြစ်ပါတယ်။ ဒါကိုအအေးခံ၊ ရေစစ်နဲ့စစ်ပြီး သောက်ရင် ကောင်းပါတယ်။ ဘယ်ဒေသက ရေမဆိုအစိမ်းမသောက်ဘဲ ကျိုချက်သောက်ခြင်းဟာ ကျန်းမာရေးအတွက်အကောင်းဆုံး ဖြစ်ပါတယ်။ နောက်တစ်ခုက ဖျော်ရည်တွေပါ။ သဘာဝသစ်သီး ဖျော်ရည်တွေဖြစ်တဲ့  သံပရာရည်တို့၊ နာနတ်ရည်တို့၊ သင်္ဘောသီးဖျော်ရည်တို့၊ ဖရဲသီး ဖျော်ရည်  တို့ဟာ အင်မတန်ကောင်းပါတယ်။ ပြောစရာရှိတာက ဒီဖျော်ရည်တွေသောက် ရင် သကြားမထည့်ဘဲ ဒီအတိုင်းသောက်ရင် အကောင်းဆုံးဖြစ်ပါတယ်။ အချိုကြိုက်လို့ထည့် ချင်ရင်တောင်အတတ်နိုင်ဆုံး အနည်းဆုံးသာထည့်သင့်ပါတယ်။ သကြားများများစားရင် သွေးချို၊ဆီးချိုရောဂါဖြစ်နိုင်တဲ့အပြင် ဆီးကျောက်တည် ခြင်း  ကိုပါ ဖြစ်စေနိုင်လို့ပဲ ဖြစ်ပါတယ်။

နောက်တစ်ခုကတော့ သဘာဝနည်းနဲ့ မဟုတ်ဘဲ ပြုလုပ်ထားတဲ့ အချိုရည်တွေ၊  အဲဒီ အချိုရည်အများစုဟာ Refined Sugar လို့ခေါ်တဲ့ Glucose တို့ Sucrose တို့နဲ့ ရေဖျော်ထား တာဖြစ်ပြီး အရောင် အနံ့ကိုတော့ Chemical တွေနဲ့ ပြုလုပ်ထား လေ့ရှိပါတယ်။ ဒီအချိုရည်တွေမှာ NaHCO3 (ဆိုဒီယမ်ဘိုင်ကာဗွန်နိတ်) လို့ခေါ်တဲ့ ဆိုဒါတွေပါမယ်။ ကြာကြာခံအောင် Preservative တွေထည့်ထားမယ်။ အဆိုးဆုံးက Phosphoric Acid တွေဖြစ်ပြီး ဒါတွေ အားလုံးဟာ ဆီးကျောက်တည်ခြင်း ကိုအားပေးပါတယ်။ အချိုရည်သောက်တိုင်း သောက်တိုင်း ဆီးထဲမှာ ပါတဲ့  Calcium တွေ Oxalate တွေ စွန့်ထုတ်မှုများ လာတဲ့အတွက် ဆီးကျောက်တည်ဖို့  အခွင့် အလမ်းများပါတယ်။ ဒါ့ကြောင့် ဆီးကျောက် မတည်စေချင်ရင်တော့ အချိုရည်တွေကို တစ်ခါတစ်ရံမှသာ သောက်သင့် ပါတယ်။ တတ်နိုင်သမျှ ရှောင်ကြဉ်နိုင်ရင် ဆီးကျောက်တည်ရောဂါ သာမက ဆီးချိုရောဂါကိုပါ ကာကွယ်ရာ ရောက်ပါတယ်။ ကော်ဖီတို့၊ လက်ဖက်ရည်တို့ကိုလည်း များများမသောက်သင့်ပါဘူး။  တစ်နေ့သုံးခွက် ထက်ပိုမသောက်သင့်ပါဘူး။ ကော်ဖီကပိုဆိုးပါတယ်။ ကော်ဖီမှုန့် ဆိုတာ ကော်ဖီအစေ့ကို တိုက်ရိုက် အမှုန့်ကြိတ်ထားတာဖြစ်ပါတယ်။ ကော်ဖီစေ့ကို ဓာတ်ခွဲကြည့်ရင် Purine alkaloid တွေများစွာပါဝင်ပါတယ်။ Purine အုပ်စုမှာပါတဲ့ Caffeine ဓာတ်ဟာ အနည်းငယ်သောက်ရင် ဥပမာ တစ်ခွက်နှစ်ခွက်သောက်ရင် စိတ်ကိုကြည်လင် လန်းဆန်းတက်ကြွစေတော့ ကောင်းပါတယ်။ ဒါပေမဲ့ များများသောက်ခဲ့ရင် Caffeine ဓာတ်ဟာ ဆီးကျောက်တည်ခြင်းကို အားပေးပါတယ်။ ဒါကြောင့် ပညာရှင်အများစုက တစ်နေ့သုံးခွက်အထိပဲ သောက်သင့်တယ်လို့ဆိုပါတယ်။ လက်ဖက်ရည်လည်း အလားတူပါပဲ။

ကွမ်းယာနဲ့ ပတ်သက်လို့ ကွမ်းယာထဲမှာပါတဲ့ ထုံးတွေဟာ Inorganic Calcium တွေဖြစ်လို့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ကွမ်းယာစားခြင်းဟာ  လူကို ဘယ်လိုမှအကျိုးမပြု နိုင်ပါဘူး။ ပါလာတဲ့ Calcium တွေဟာ ဆီးကျောက်တည် ဖို ့အတွက် အလွန်ပဲအားပေးပါတယ်။ မြန်မာနိုင်ငံမှာ ဆီးကျောက်တည်သူ  အများစုဟာကွမ်းယာစားတဲ့ ဓလေ့ရှိကြောင်း တွေ့ရပါတယ်။

အသားစားခြင်းနဲ့ ပတ်သက်လို့ ပြောရရင် အသားများများစားတဲ့ သူတွေမှာ ဆီးကျောက် တည်ရောဂါပိုဖြစ်လေ့ရှိပါတယ်။ အသားတွေရော၊ ဝမ်းတွင်းကလီစာ တွေဟာ ဆီးကျောက်တည်ခြင်းကိုအားပေးပါတယ်။ တော်ရုံသင့်ရုံ စားရုံနဲ့တော့ ပြဿနာ မရှိပါဘူး။ အလွန်အကျူးစားမှသာ ဖြစ်နိုင်တာဖြစ်ပါတယ်။ ပိုကောင်းတာက တော့ အသားငါးတွေ စားတိုင်း ဟင်းသီးဟင်းရွက်တွေနဲ့ တွဲစားရင်ပိုပြီးကောင်း ပါတယ်။ အန္တရာယ်ကင်းပြီး ဆီးကျောက်လည်းမတည်နိုင်တော့ဘူးပေါ့။ 

ဟင်းသီးဟင်းရွက်ပဲစားတဲ့ Vegetarian တွေဟာ ဆီးကျောက်တည်ရော ဂါဖြစ်ပွားလေ့ မရှိတာကို လေ့လာသိရှိရပါတယ်။ ဘာကြောင့်လဲဆိုတော့ ဟင်းသီးဟင်းရွက်ထဲမှာ ဆီးကျောက်မတည်အောင် ဟန့်တားပေးနိုင်တဲ့ သဘာဝ  ဓာတ် ပစ္စည်းတွေများစွာပါဝင်နေလို့ ဖြစ်ပါတယ်။ ဟင်းရွက်တွေ စိမ်းနေတာ Chlorophyll (ကလိုရို ဖီးလ်) ကြောင့် ဆိုတာ လူတိုင်း သိပြီးဖြစ်ပါတယ်။  Chlorophyll ရဲ့ Molecular Structure ကို ကြည့်ရင် အလယ်မှာ Magnesium ပါဝင်ပါတယ်။ ဟင်းရွက်စိမ်းတွေစားရင် Magnesium တွေ ့ရပါတယ်။ ဒီ Magnesium တွေဟာ Calcium တွေကို အူကနေစုပ်ယူမှုကိုရော ကျောက်ကပ် ကနေ စွန့်ထုတ် မှုကိုပါထိိန်းချုပ်ပေးပါတယ်။ ဆိုလိုတာကတော့ Mg ++ တွေလုံ လောက်အောင် ရှိရင် Ca ++ ဆီးထဲမှာ အနည်မကျနိုင်ပါဘူး။ အဲဒါကြောင့် ဟင်းသီး ဟင်းရွက်စိမ်းတွေဟာ ဆီးကျောက်တည်ခြင်းကို ထိထိရောက်ရောက် ကာကွယ်နိုင်စွမ်းရှိပါတယ်။ ဒါ့အပြင် ပါဝင်တဲ့ Fibre တွေဟာ အူကနေ မလိုအပ်တဲ့ ပစ္စည်းတွေ စုပ်ယူမှုမရှိအောင် ဟန့်တားပေးတဲ့အတွက် ဆီးကျောက်မတည်အောင် ကာကွယ်ပေးပြန်ပါတယ်။ ဒါကြောင့် Fibre လို့ခေါ်တဲ့အမျှင်ပါတဲ့ အစားအစာတွေ များများစားခြင်းဟာ ဆီးကျောက်တည်ရောဂါကိုကာကွယ်နိုင်ရုံ မျှမကဆီးချိုရောဂါ၊  အူကင်ဆာ ရောဂါကာကွယ်ရေး အထိပါ ထိရောက်မှုရှိပါတယ်။ 

ဟင်းသီးဟင်းရွက်မှာပါတဲ့ Vitamin (ဗီတာမင်) အချို့ဟာ ဆီးကျောက်မတည်အောင် ကာကွယ်ပေးပါသေးတယ်။ ဥပမာ - Vitamin K  ဆိုရင် ဆီးထဲမှာ Colloid လို့ခေါ်တဲ့ Glycoprotein တွေ တည်ဆောက်ရာမှာ  အဓိက လိုအပ်ပါတယ်။ ဒီ Colloid တွေဟာဆီးအနည်မကျအောင် သတ္တုဓာတ် တွေကို အရည်ဘဝမှာ ရှိအောင်ဖျော်ပေးနိုင်တာကြောင့် ဖြစ်ပြီးသား  ဆီးကျောက်တွေတောင် ပြန်ပျော်အောင်လုပ်နိုင်စွမ်းရှိပါတယ်။ အခြား ဗီတာမင်တွေအနေနဲ့ Vitamin B6၊ Vitamin Aနဲ့VitaminCတို့ဟာလည်းဆီး ကျောက်တည်ခြင်းကို ဟန့်တားပေး ပါသေးတယ်။ Vitamin B6 ကိုတော့ ဂျုံ၊ ပြောင်း၊ အသည်းနဲ့ Yeast ပါဝင်တဲ့ အစားအစာတွေကနေ ရနိုင်ပါ တယ်။Vitamin B6 (ဗီတာမင်ဘီစစ်) ဟာ Magnesium (Mg++) ရဲ့ လုပ်ငန်းဆောင်တာ  တွေကိုကောင်းအောင် လုပ်ပေးပါတယ်။ ပြီး တော့ Vitamin B6 ဟာ ဆီးထဲမှာ Calcium oxalate စွန့်ထုတ်မှု ကို လျော့နည်းစေတဲ့အတွက် ဆီးကျောက်မတည်အောင် ကာကွယ်ပေးပါတယ်။ Vitamin A(ဗီတာမင်အေ) အနေနဲ့ကတော့သဘာဝမှာ BCarotene(ဘီတာကရိုတင်း) အနေနဲ့ ရနိုင်ပါတယ်။ အဝါရောင် ရှိတဲ့ အသီး အနှံတွေ ဖြစ်တဲ့ သင်္ဘောသီး၊ သရက်သီး၊ မုန်လာဥဝါ တွေကနေ ပေါများစွာရနိုင်ပါတယ်။ B-Carotene ကိုစားရင်ခန္ဓာကိုယ်ထဲမှာ VitaminAအဖြစ် ပြောင်းလဲပါတယ်။ Vitamin A ချို့တဲ့ရင် ဆီးလမ်း ကြောင်းမှာရှိတဲ့ ဆဲလ် Cell လေးတွေဟာပျက်စီးပြီး ကွာကွာကျတတ်ပါတယ်။ ဒီဆဲလ်လေး တွေပေါ်မှာ ကျောက်တည်လေ့ ရှိတာမို့ Vitamin A မချို့တဲ့ ရလေအောင် B-Carotene ပါတဲ့ အဝါ ရောင် အသီးအနှံတွေကို မကြာခဏ စားပေးသင့် ပါတယ်။

Vitamin C (ဗီတာမင် စီ)လို့ ခေါ်တဲ့ အချဉ် ဓာတ်ဟာလည်း ပုံမှန် စားသောက် ရင် ဆီးထဲမှာ ရှိတဲ့ Ca++ (ကယ်လ်ဆီယမ်) တွေ PO4++ (ဖော့စဖိတ်)တွေကို ၏ ပျော်ဝင်စေနိုင်လို့ ဆီး ကျောက်မတည်အောင် ကာကွယ်ပေးပါတယ်။ ယခု နောက်ပိုင်းမှာဆီးကျောက်တည်ရင် Vitamin C (ဗီတာမင်စီ) လိုအပ်ကြောင်း သိလာ ပါတယ်။ တစ်နေ့ကို 6g အထိ စိတ်ချလက်ချစားနိုင်ပါတယ်။ အချို့ဆေးရုံတွေမှာဆိုရင်ဆီး ကျောက်တည်ရောဂါသည်တွေကို VitaminC(ဗီတာမင်စီ) ဆေးပြားတွေ အပြင် Magnesium Citrate (မဂ္ဂနီဆီယမ်စီးထရိတ်) Potassium Citrate (ပိုတက်ဆီယမ်စီးထရိတ်) တို့ကိုပဲ တိုက်ကျွေးလေ့ရှိပါတယ်။

အိမ်သုံးဆား NaCl ဆိုဒီယမ်ကလိုရိုက် ပါ ဝင်တဲ့ (အငန်ဓာတ်) ဟာ လူတစ်ဦး အတွက် နေ့စဉ် လိုအပ်တဲ့ဓာတ်ဖြစ်ပါတယ်။ ဒါကြောင့် ပုံမှန်သင့်တင့်ရုံ နေ့စဉ်စားရင် အန္တရာယ်မရှိပါ။ ဒါပေမဲ့ နေ့စဉ်ရက်ဆက် များများ စားခဲ့ရင်တော့ သွေးတိုးရောဂါ အပြင် ဆီးကျောက်တည်ရောဂါ ကိုပါဖြစ်စေနိုင်ပါတယ်။ ဆိုဒီယမ် 2.3 g (100 mmol) စားတိုင်းဆီးထဲမှာ Calcium ထုံးဓာတ် 40 mg (1mmol) ပိုမို စွန့်ထုတ်လေ့ ရှိတာမို့  အငန် ဓာတ်ဟာလည်း ဆီးကျောက်တည်ခြင်းကို အား ပေးတဲ့ ဓာတ်တစ်မျိုး လို့ပြောနိုင် ပါတယ်။ ဆီးကျောက်တည်ရောဂါဖြစ်နေတဲ့ သူဆိုရင်တော့ ဆရာဝန်တွေက သွေးတိုးရောဂါသည်တွေကို ကုသသလိုပဲ အငန်လျှော့စားခိုင်းပါတယ်။

Ref:  ဒေါက်တာအောင်ဆန်း Source: ရတီကျန်းမာရေးကဏ္ဍ (Yati Magazine) Monday, July 27, 2015



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18