Print

ကလေးငယ်တွေ ဘယ်လို ဗီတာမင်တွေလိုအပ်လဲ

  08-Nov-2020
Preview Image

ကလေးငယ်တွေ ဘယ်လို ဗီတာမင်တွေလိုအပ်လဲ

ကလေးငယ်တွေ ကျန်းကျန်းမာမာ ကြီးထွားဖွံ့ဖြိုးလာဖို့အတွက် ဗီတာမင်လုံလုံလောက်လောက်ရရှိရန် အရေးကြီးပါတယ်။ ကလေးအများစုအတွက် အာဟာရပြည့်ဝပြီး မျှတတဲ့ အစာကို စားပေးခြင်းဖြင့် လိုအပ်တဲ့ ဗီတာမင်ကို ရရှိနိုင်   ပါတယ်။ ဒါပေမယ့် တစ်ချို့သော ကလေးငယ်တွေအတွက်တော့ အစားအစာ တစ်ခုထဲကနေ လုံလောက်တဲ့ ဗီတာမင် မရတာမျိုးရှိတတ်ပါတယ်။

ကလေးတွေ အာဟာရဘယ်လောက်လိုအပ်လဲ

ကလေးတွေရဲ့ အသက်အရွယ်၊ ကျား၊ မ၊ ခန္ဓာကိုယ် အရွယ်အစား၊ ကြီးထွားနှုန်းနဲ့ လှုပ်ရှားမှု ဘယ်လောက်ရှိလဲ ဆိုတာပေါ်မူတည်ပြီး လိုအပ်တဲ့ အာဟာရပမာဏ ကွဲပြားပါတယ်။ ကျွမ်းကျင်သူတွေရဲ့ အဆိုအရတော့ အသက် ၂ နှစ်ကနေ ၈ နှစ်ကြားကလေးတွေဟာ တစ်နေ့ကို ကယ်လိုရီ ၁၀၀၀ မှ ၁၄၀၀ အထိ လိုအပ်ပြီး အသက် ၉ နှစ် က ၁၃ နှစ်ကြားမှာတော့ ၁၄၀၀ ကနေ ၂၀၀၀ ကယ်လိုရီအထိ လိုအပ်နိုင်ပါတယ်။ ကလေးတွေရဲ့ နေ့စဉ် ကယ်လိုရီလိုအပ်မှု ပမာဏက ဘယ်လောက်လှုပ်ရှားကစားလဲ ဆိုတဲ့အချက်ပေါ်လည်း မူတည်ပါတယ်။ ဒီကယ်လိုရီလိုအပ်ချက်အပြင် ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို ပမာဏ အနည်းငယ်လိုအပ်ပါတယ်။ လိုအပ်တဲ့ ဗီတာမင်ပမာဏက အသက်အရွယ်လိုက် ကွာခြားမှုရှိပါတယ်။ဥပမာ ဆယ်ကျော်သက်အရွယ်ကလေးတွေက အသက်ပိုငယ်တဲ့ကလေးတွေထက် ဗီတာမင်ပိုများများလိုအပ်ပါတယ်။

ကလေးနဲ့ လူကြီးလိုအပ်တဲ့ ဗီတာမင်တွေကွာခြားသလား

ကလေးရောလူကြီးပါ လိုအပ်တဲ့ ဗီတာမင်အမျိုးအစားတွေကတူတူပါပဲ။ လိုအပ်တဲ့ပမာဏတွေကတော့ ကွာခြားနိုင်ပါတယ်။ ကလေးငယ်တွေ ကြီးထွားလာတာနဲ့ အမျှ အရိုးဖွံ့ဖြိုးဖို့အတွက် ကယ်လ်ဆီယမ်နဲ့ ဗီတာမင် D လုံလုံလောက်လောက်ရဖို့ အရေးကြီးပါတယ်။ ဒါ့အပြင် ငယ်ရွယ်စဉ်မှာ ဦးနှောက်ကောင်းမွန်စွာ ဖွံ့ဖြိုးစေဖို့အတွက် သံဓာတ်၊ ဇင့်ဓာတ် ၊ အိုင်အိုဒင်းဓာတ် ၊ ကလိုရင်းဓာတ်၊ ဗီတာမင် A၊ B6၊ B12၊ နဲ့ ဗီတာမင် D တို့ကို လိုအပ်ပါတယ်။

ကလေးတွေကို ဗီတာမင်ဆေး ဖြည့်စွက်တိုက်ကျွေးဖို့လိုလား

ယေဘုယျအားဖြင့် ကျန်းမာရေးနဲ့ ညီညွတ်ပြီး မျှတတဲ့အစားအစာကို လုံလုံလောက်လောက်စားမယ်ဆိုရင်တော့ ဖြည့်စွက်ပြီး အားဆေးတိုက်စရာမလိုပါဘူး။ ဒါပေမယ့် မွေးစ ကလေး မိခင်နို့တိုက်ကျွေးနေတဲ့ ကလေးတွေမှာတော့ တစ်ခါတလေ ဗီတာမင် D လိုအပ်နိုင်ပါတယ်။ ကလေးငယ်တွေအနေနဲ့ အသားငါး၊ အသီးအနှံ ၊ ဆန်၊ ဂျုံ နဲ့ နို့ထွက်ပစ္စည်းတွေကို နေ့စဉ် လုံလုံလောက်လောက် စားသုံးမယ်ဆိုရင် ဖြည့်စွက်ပြီး ဗီတာမင် တိုက်ကျွေးစရာမလိုပါဘူး။

တစ်ချို့ကလေးတွေမှာတော့ ဗီတာမင်ဖြည့်စွက်ပေးဖို့လိုပါတယ်။

အစားအစာ ကို လုံလုံလောက်လောက်မျှမျှတတစားတဲ့ ကလေးတွေအတွက် ဖြည့်စွက်ဗီတာမင် တိုက်ကျွေးဖို့မလိုဘူး ဆိုပေမယ့် တချို့သော ကလေးငယ်တွေမှာတော့ လိုကောင်းလိုနိုင်ပါတယ်။ ဥပမာ -

·         သက်သက်လွတ်စားသော ကလေးငယ်များ

·         အစာအိမ်နဲ့ အူလမ်းကြောင်းရောဂါတွေကြောင့် ဗီတာမင် စုပ်ယူမှုမကောင်းသော ကလေးငယ်များ

·         အစာအိမ်နှင့် အူလမ်းကြောင်း ခွဲစိတ်ကုသမှု ခံယူဖူးသော ကလေးငယ်များ

·         အစားရွေးလွန်းသော ကလေးငယ်များမှာတော့ ဖြည့်စွက်ပြီး ဗီတာမင်ဆေး တိုက်ဖို့လိုနိုင်ပါတယ်။

သတိပြုရန်များ

တစ်ချို့ ဗီတာမင်တွေက ပမာဏများလွန်းတဲ့အခါမှာ ကလေးငယ်အတွက် အန္တရာယ်ပေးနိုင်ပါတယ်။ အထူးသဖြင့် အဆီမှာမှ ပျော်ဝင်တဲ့ ဗီတာမင် A,D,E,K  တို့ဖြစ်ပါတယ်။  တစ်ချို့ သုတေသနတွေအရ အားဆေးသောက်တာ များလွန်းတဲ့ ကလေးငယ်တွေမှာ ဗီတာမင် D အဆိပ်သင့်မှုတွေကို တွေ့ရှိရပါတယ်။ သကြားလုံးလိုမျိုး ဝါးစားလို့ရတဲ့ ဗီတာမင်ဆေးတွေက ကလေးငယ်တွေ အနေနဲ့ များများစားမိနိုင်တဲ့ အတွက် အထူးသတိထားရပါမယ်။ အကယ်၍ မိမိကလေးငယ်က ဗီတာမင် ဆေးတွေ အများကြီးစားမိနေတယ်လို့ သံသယရှိရင်တော့ ဆရာဝန်နဲ့ သွားရောက်တိုင်ပင်သင့်ပါတယ်။

မှတ်သားရမယ့် အချက်တွေကတော့ အစားအစာကို မျှမျှတတစားသုံးတဲ့ ကလေးငယ်တွေကို ဗီတာမင်ဆေးတိုက်ဖို့မလိုပါဘူး။ ဒါပေမယ့် အစားရွေးလွန်းတဲ့ ကလေးတွေ အချို့သောရောဂါတွေကြောင့် ဗီတာမင် စုပ်ယူမှုအားနည်းတဲ့ ကလေးတွေမှာတော့ ဗီတာမင်ဆေးပြား တွေကို ဖြည့်စွက်တိုက်ကျွေးရပါမယ်။ အားဆေးကို ရွေးချယ်တဲ့ အခါမှာလည်း အရည်အသွေးစိတ်ချရတဲ့ တံဆိပ်တွေကိုသာ ရွေးချယ်သင့်ပါတယ်။

Dr.Aung

Ref: healthline.com

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18