Print

သင့်အတွက် အကောင်းဆုံးပိန်ဆေး

  11-Oct-2020
Preview Image

        ကမ္ဘာ့လူဦးရေ သန်းပေါင်း ၆၀၀၀ ကျော်နေပြီဖြစ်သော ယခုအချိန်တွင် ကမ္ဘာတစ်ဝန်း အဝလွန်သူပေါင်း အနည်းဆုံး ၀ ဒသမ ၁ ဘီလီယံမျှ ရှိနေသည်။ ထိုအရေအတွက်သည် အာဟာရမပြည့်ဝသော ကလေးအရေအတွက်နှင့်လည်း တူနေသည်။

          အဝလွန်ခြင်းသည် ထူးထူးထွေထွေသော ကျန်းမာရေးပြဿနာများ ဖြစ်စေသည်သာမက လူမှုရေး၊ စီးပွားရေးနယ်ပယ်များတွင်ပါ အခက်အခဲ တွေ့နေစေသည်။

          ထို့ကြောင့် မည်သည့်အကြောင်းကြောင့်ပင် ဝဖြိုးနေစေကာမူ ပိန်အောင်လုပ်ချင်ကြသည်။ ထိုသို့လုပ်ရာတွင် ပိန်စေသည့် နည်းလမ်းများစွာရှိသည့်အနက် အလွယ်ဆုံးမှာ ပိန်ဆေးစားခြင်းပင်ဖြစ်သည်။ ပိန်ဆေး ဆိုလိုက်သည်နှင့် ဝသူတို့ အထူးစိတ်ဝင်တစား ဝယ်ယူစားသုံးကြသဖြင့် ကမ္ဘာတစ်ဝန်း ပိန်ဆေးများစွာ ထုတ်လုပ်ရောင်းချနေကြသည်။

          ထိုဆေးအများစု၏ သဘာဝမှာ အစာကို စားပြီးသည်နှင့် အဆီအဖြစ် မစုဝေးခင် လောင်ကျွမ်းစေကာ အပူဓာတ်အဖြစ် ထုတ်လွှတ်လိုက်ခြင်းဖြစ်သည်။ အမှန်တကယ်လည်း ထိုဆေးစားသူများ သိသိသာသာ ပိန်ကျသွားကြသည်။ ဗိုက်ခေါက်စူစူ၊ ကုပ်ပိုးထူထူ မျက်နှာနှင့် လည်ပင်းရှိ ပျော့တွဲနေသော အဆီအဆုပ်ကြီးများ လျော့ကျသွားကြသည်။ လက်မောင်းအိုးဝဝ၊ ပေါင်တုတ်တုတ်ကြီးများလည်း ပါးပါးချပ်ချပ်ဖြစ်သွားကြသဖြင့် လူကြိုက်များကြသည်။ ထိုဆေးများကို စားသုံးသဖြင့် ထိုသို့ဖြစ်ရသည်မှာ လူကို ဒုက္ခမပေးလျှင်မူ အလွန်ထောက်ခံအားပေးသင့်သည့် ဆေးဝါးများဖြစ်သည်။

          ထိုဆေးတို့တွင် အဓိကပါဝင်သည့် ပစ္စည်းမှာ “Ephedra” ဖြစ်ပြီး တရုတ်ဆေးပင်တစ်မျိုးဖြစ်သော မာဟွမ် မှ ထုတ်လုပ်ထားခြင်းဖြစ်သည်။ ထို Ephedra သည် အမှန်အားဖြင့် Ephedrine (အက်ဖီဒရင်း) သာဖြစ်သည်။ ထိုအက်ဖီဒရင်းသည် လူကို ဘေးဖြစ်စေသောဆေးများ Dangerous Drugs တို့ ပါဝင်လေ့ရှိသဖြင့် နိုင်ငံအများအပြားတို့တွင် ပိတ်ပင်ထားသည်။ ထိုဓာတုပစ္စည်းသည် လူ့ခန္ဓာကိုယ်၏ ဇီဝဖြစ်စဉ်ကို အလျင်အမြန် ပြောင်းလဲစေသဖြင့် နှလုံးရောဂါဖြစ်ခြင်း၊ လေဖြတ်ခြင်း၊ တက်ခြင်း နှင့် စိတ်ရောဂါဖြစ်ပွားစေသည်။

          အက်ဖီဒရင်းအပြင် ကေဖီး(န်) ၊ ဆူဒိုအက်ဖီဒရင်းနှင့် နော်အက်ဖီဒရင်းစသည့် ဓာတုပစ္စည်းများ ပါဝင်သည်။

          ထိုဓာတုပစ္စည်းများသည် အများအပြားသုံးစွဲမိပါက စိတ်ကြွဆေးတစ်မျိုးဖြစ်သော မီသာဖင်န်တာမင်း methamphetamine သုံးစွဲသကဲ့သို့ ဖြစ်စေသည်ဟုလည်း သိရသည်။ ထိုပိန်ဆေးတို့ကို အမျိုးသမီးထုက ပို၍ စိတ်ဝင်စားကြသည်။

          အချို့ပိန်ဆေးတို့သည် အဆီကျ၊ အသားကျစ်စေသည်။ ၁၀ ရက်အတွင်း ဖြစ်စေသည်ဟု ကြော်ငြာကြသည်။ သို့သော် ထိုသို့မဖြစ်နိုင်ဟု ဆေးပညာရှင်တို့က ဆိုကြသည်။

          ပိန်ဆေးတို့တွင် စားဆေးအပြင် အခြားဆေးနည်းလမ်းများလည်း ရှိပါသေးသည်။

၁။ အဆီကျစေသည့် ထိုးဆေး၊ လိမ်းဆေးများ

          အဆီဆဲလ်များကို ဆေးဖြင့်ဖျက်ဆီးခြင်းသာဖြစ်ပြီး ခဏတာသာ အစွမ်းထက်သဖြင့် ဆေးပညာရှင်တို့ မထောက်ခံကြပါ။

၂။ ပလာစတာကဲ့သို့ ဆေးကပ်ခြင်း

          ပတ်တီးစ၊ အဝတ်စတွင် ဆေးသုတ်၍ ဆေးကပ်ခွာကဲ့သို့ အဆီများသည့် နေရာများတွင် ကပ်ထားခြင်းဖြင့် အရေပြားနှင့် တစ်သျှူးအကြားရှိ အဆီများ လျော့နည်းစေသည်ဟု သိရသည်။ အသားများ ပိပြားစေသည်။ ရေခမ်းခြောက်ကာ ပိန်သွားစေသည်ဟု သိရသည်။ ထိုနည်းသည်လည်း တစ်ကိုယ်လုံး ပိန်သွားစေသည့် သင့်တော်သောနည်းမဟုတ်ပါ။

          အကောင်းဆုံးနည်းမှာ အများသိပြီးဖြစ်သည့် အာဟာရမျှအောင်စားခြင်းနှင့် လေ့ကျင့်ခန်းလုပ်ခြင်းတို့ပင်ဖြစ်ကြောင်း ဆေးပညာရှင်တို့ တညီတညွတ်တည်း ထောက်ခံကြသည်။ အချို၊ ဂျုံဖြင့် ပြုလုပ်သော မုန့်မျိုးစုံ၊ အရက်၊ စီးကရက်၊ မလိုင်၊ ဥအနှစ်စသည်တို့ကို ရှောင်ပြီး သစ်သီး၊ သစ်ဥ၊ အမျှင်ကြမ်းပါသော အသီးအနှံ၊ ငါး စသည်တို့ကို ဦးစားပေးကြရန် ဖြစ်သည်။ ထိုသို့သိရှိထားသော်လည်း မဝလွန်းစေရန်၊ အစာရှောင်သူ အမေရိကန်တို့၏ ၉၅ ရာခိုင်နှုန်းသည် ရေရှည်အစာမရှောင်နိုင်ကြကြောင်း လေ့လာတွေ့ရှိရသည်။

          အသင့်တော်ဆုံးမှာ လေ့ကျင့်ခန်းလုပ်ခြင်းဖြစ်သည်။ ရေကူး၊ စက်ဘီးစီး၊ လမ်းလျှောက်၊ ပြေးခြင်း၊ အလေးမခြင်း၊ ဂေါက်သီးရိုက်ခြင်း စသည်တို့ကို မိမိအဆင်ပြေသလို၊ နေ့စဉ် အနည်းဆုံးမိနစ် ၃၀ ခန့်လုပ်ကြပါက အဆီပိုတို့ လျော့ကျကာ ပိန်သွားမည်ဖြစ်သည်။

          သို့သော် မှန်မှန်ပြုလုပ်ရန် အရေးကြီးပါသည်။ အထက်ပါအစာမရှောင်နိုင်သူ အမေရိကန်တို့ကို လေ့ကျင့်ခန်းလုပ်စေရာ ၅၇ ရာခိုင်နှုန်းမှာ မှန်မှန်မလုပ်နိုင်ကြသဖြင့် ဝမြဲဝလျက်ရှိကြောင်း လေ့လာတွေ့ရှိရသည်။

          လေ့ကျင့်ခန်း မှန်မှန်လုပ်ခြင်းဖြင့် အဆီပိုများ လျော့ကျသွားရုံမက ခန္ဓာကိုယ်အတွင်း သွေးလှည့်ပတ်မှု ကောင်းမွန်ခြင်း၊ နှလုံးနှင့် သွေးကြောများရှိ အဆို့များ ကြံ့ခိုင်ခြင်း၊ ဦးနှောက်အာရုံကြောများ သန်စွမ်းခြင်း၊ ကိုယ်ခံအားစနစ်များ ကောင်းမွန်ခြင်းစသည့် ကောင်းကျိုးများလည်း ရရှိစေသည်။

          ထို့ကြောင့် ပိန်ဆေးဆိုတိုင်း စိတ်ဆန္ဒစောပြီး မမှီဝဲသင့်ပါ။ ပုံမှန်အလေးချိန်ရရှိရန် ထိုဆေးများ၊ နည်းလမ်းများကို အားမကိုးသင့်ပါ။ အသင့်တော်ဆုံးနည်းမှာ မျှတစွာ စားသုံးခြင်းနှင့် အားကစားလိုက်စားခြင်းတို့သာ ဖြစ်ပါကြောင်း . . . ။

Credit : ဒေါက်တာ မြင့်သန်း (ညောင်လေးပင်)

         



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18