Print

ကလေးရော လူကြီးပါ အတူရောဖျော် တွဲမစားသင့်တဲ့ သီးနှံများ

  02-Aug-2020
Preview Image

          အစားစားပြီးဖြစ်စေ၊ အဆာပြေဖြစ်စေ၊ သစ်သီးအမျိုးမျိုးကို လက်ဖျော်၊ စက်ဖျော်ပြုလုပ်သောက်လေ့ရှိကြတာ များပါတယ်။ အသီးတစ်မျိုးတည်းသာမက အမည်စုံအောင် ရောသမမွှေပြီး ဖျော်ရည်ကို ဖာလူဒါ၊ ရေခဲသုပ်စသည်ဖြင့် အမည်အမျိုးမျိုးတပ်ပြီး ရောင်းချကြသလို ကိုယ်တိုင်လည်း ဖျော်သောက်ကြပါတယ်။ အသီးအစုံပါလေ ကျန်းမာရေးနဲ့ ပိုညီညွတ်လိမ့်မယ် ထင်တတ်ကြပါသေးတယ်။ တချို့အသီးအနှံတွေက ရောဖျော်သောက်လို့ ရပေမယ့် တချို့အသီးတွေက သီးသန့်စီ စားရင်ဘာမှမဖြစ်ပေမယ့် တစ်မျိုးနဲ့တစ်မျိုး ဒါမှမဟုတ် အမည်စုံ ရောဖျော်စပ်လိုက်ကာမှ နေမထိထိုင်မသာ နေလို့မကောင်းတဲ့ အချက်တွေ ခံစားလာရစေတာမို့ တွဲဖက်မဖျော်သင့်တာတွေကို လေ့လာဖော်ပြပေးပါမယ်။


၁။ ငှက်ပျောသီးနဲ့ ပူတင်း

          တစ်မျိုးစီ သီးသန့်စားရင် အရသာလည်း ရှိ၊ စားလို့လည်းကောင်း ကျန်းမာရေးနဲ့လည်း ညီညွတ်စေပါတယ်။ အဲဒီနှစ်မျိုးကိုသာ ရောပြီးစားလိုက်ရင် အစာကြေညက်ဖို့ ခဲယဉ်းသွားစေတယ်။ အဆိပ်အတောက်တွေ ထုတ်လုပ်ဖို့တောင် ပိုလွယ်ကူသွားစေတယ်။ အထူးသဖြင့် ကလေးငယ်တွေနဲ့ အသက်ကြီးတဲ့သူတွေမှာ ရင်ပြည့်ရင်ကယ်၊ လေထိုးလေအောင့်နဲ့ အော့အန်၊ မောပန်းစသဖြင့် ဆိုးရွားတဲ့လက္ခဏာတွေ ခံစားရစေပါတယ်။


၂။ မုန်လာဥနီနဲ့ လိမ္မော်သီး

          မုန်လာဥနီက မျက်စိအားကောင်း အမြင်ကြည်လင်စေတယ်။ တချို့ကင်ဆာရောဂါတွေကို ကာကွယ်ကုသပေးနိုင်တယ်။ လိမ္မော်ရည်က ဗီတာမင်စီနဲ့ အမျှင်ဓာတ်တွေ ကြွယ်ဝလို့ ကိုယ်ခံအားမြင့်တက်စေတယ်၊ ဝမ်းမှန်စေတယ်၊ အဲဒီနှစ်မျိုးသာ တစ်ပြိုင်တည်းရောဖျော်သောက်လိုက်ရင် အစာမကြေရင်ပြည့်ဗိုက်နာစတဲ့ ဘေးထွက်ဆိုးကျိုးတွေကိုလည်း ခံစားရရှိစေတယ်။ ဒါတွေက မအီမသာ ခံစားရစေတာကြောင့် အတူတူဖျော်မသောက်သင့်ပါဘူး။


၃။ နွားနို့၊ ပဲနို့၊ ဆိတ်နို့စတဲ့ နို့တစ်မျိုးမျိုးနဲ့ နာနတ်သီး

          တစ်ခုချင်းဆိုရင် အလွန်အရသာရှိစေသလို ကျန်းမာရေးကောင်းစေတဲ့ အဲဒီနှစ်မျိုးကို အတူတူရောစားရင် ဗိုက်နာစေတယ်၊ ဝမ်းပျက်စေတယ်။ နာနတ်သီးမှာပါတဲ့ ဘရိုမီလိမ် (Bromelain) ဆိုတဲ့ ဓာတ်တစ်မျိုးဟာ နာနတ်သီးချည်း စားပေးရင် ရောင်ရမ်းမှုနာကျင်ကိုက်ခဲမှုတွေကို သက်သာစေပေမယ့် နို့တစ်ခုခုနဲ့ ရောစပ်သောက်လိုက်ရင် အထက်ပါမကောင်းတဲ့ လက္ခဏာတွေအပြင် ပိုးမွှားဝင်ရောက်ကာ ဖျားနာခြင်းကိုဖြစ်စေတဲ့ ပိုးမွှားတွေ ဝင်ရောက်လွယ်စေပါတယ်။


၄။ သံပရာနဲ့ သင်္ဘောသီး

          ယိုးဒယားသင်္ဘောသီးထောင်း မကြာခဏ စားလေ့ရှိသူတွေအနေနဲ့ သင်္ဘောသီးနဲ့ သံပရာသီးကို အတူရောစားပါများရင် သွေးအားနည်းတာနဲ့ ဟီမိုဂလိုအင် မညီမျှမှုပြဿနာတွေ ခံစားရစေပါတယ်။ အထူးသဖြင့် ကလေးတွေကို အဲဒီနှစ်မျိုးတွဲဖက်ကာ လုံးဝမကျွေးသင့်ပါဘူး။ ပြီးတော့ အဲဒီသင်္ဘောသီးထောင်းက ချိုချို၊ ငန်ငန်၊ စပ်စပ်ဖြစ်တာမို့ အရသာက အစွန်းသိပ်ရောက်တာကြောင့် အများကြီး ခဏခဏလည်း မစားသင့်ပါဘူး။ အစာအိမ်ထိခိုက်စေသလို ဆီးချို၊ သွေးတိုးစတဲ့ ရောဂါဆိုးတွေကိုပါ ဖိတ်ခေါ်ပေးသလို ဖြစ်စေနိုင်ပါတယ်။


၅။ ငှက်ပျောသီးနဲ့ မာလကာသီး

          ဒီနှစ်ခုကို အတူတူဖြစ်စေ တစ်ခုပြီးတစ်ခု ဆက်တိုက်ဖြစ်စေ စားလိုက်လို့ကတော့ အစာအိမ်ထဲမှာ လေတွေမတရားဖြစ်ပေါ်စေလို့ လေဖောင်းပွလာပြီး လေတွေ တဂေ့ဂေ့တက်လာစေတယ်။ ဒါ့အပြင် အက်ဆစ်မျှခြေတွေ ပိုမြင့်လာစေတယ်။ အစာကြေချက်မှုကိုလည်း နှောင့်နှေးစေတယ်။

Credit : ဒေါက်တာ မြချယ်ရီ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18