Print

အဆုတ်ကို သန့်စင်ပေးနိုင်သော အစားအစာများ

  23-Jun-2020
Preview Image

          အသက်ရှူလမ်းကြောင်းစနစ် ကျန်းမာရေးကောင်းမွန်ပြီး အဆုတ်ထဲမှာ အဆိပ်အတောက်တွေ သန့်စင်ဖို့အတွက် အောက်ပါ အစားအစာတွေကို စားသုံးသင့်ပါတယ်။

          အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေမှာ ပါဝင်တဲ့ ဒြပ်ပေါင်းအများစုဟာ အဆုတ်ကျန်းမာရေးအတွက် အလွန်အသုံးဝင်ပါတယ်။ အစိမ်းရောင် ဟင်းသီးဟင်းရွက်အများစုနဲ့ Cruciferous ဟင်းသီးဟင်းရွက် အမျိုးအစားတွေမှာပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက ခန္ဓာကိုယ်ကို ဒုက္ခပေးတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ ဂေါ်ဖီထုပ်၊ ကိုက်လန်၊ အစိမ်းရောင်ပန်းဂေါ်ဖီနဲ့ ပန်းဂေါ်ဖီတွေဟာ သွေးကို သန့်စင်ပေးနိုင်သလို အဆုတ်ကိုလည်း သန့်စင်ပေးနိုင်ပါတယ်။


          ကယ်ရိုတီနွိုက်ဆိုတာက ဓာတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်ပြီး ဆဲလ်နဲ့ တစ်သျှူးတွေပေါ်မှာ ကင်ဆာကို ကာကွယ်နိုင်တဲ့ အကျိုးသက်ရောက်မှုရှိပါတယ်။ ခရမ်းချဉ်သီး၊ မုန်လာဥနီ၊ အနီရောင်ငရုတ်ပွနဲ့ ကန်စွန်းဥတွေမှာ အဆုတ်ကျန်းမာရေးကို မြှင့်တင်နိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပေါကြွယ်ဝစွာ ပါဝင်ပါတယ်။


          အိုမီဂါ ၃ အဆီများတွင် ပါဝင်တဲ့ အစားအစာတွေကို စားသုံးတာက အဆုတ်ကို သန့်စင်ပေးနိုင်ပြီး အသက်ရှူလမ်းကြောင်းစနစ် ထိထိရောက်ရောက် အလုပ်လုပ်ဖို့ အထောက်အကူပြုနိုင်ပါတယ်။ ငါးသလောက်၊ ငါးကွမ်းရှပ်၊ ဆယ်လ်မွန်လိုမျိုးအဆီများတဲ့ ငါးနဲ့ အစေ့အဆန်၊ ဥအမျိုးမျိုးတွေမှာ အိုမီဂါ၃တွေ ပေါကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒီအစားအစာတွေက ခန္ဓာကိုယ်အတွင်း ရောင်ရမ်းမှုကိုလည်း လျှော့ချပေးပါတယ်။

 

         ဘယ်ရီသီး၊ အချဉ်အရသာရှိသောသစ်သီးနဲ့ သစ်သီးအများစုမှာ ပါဝင်တဲ့ ဖလေဗိုနွိုက်တွေက အဆုတ်သန့်စင်ဖို့အတွက် အလွန်အသုံးဝင်ပါတယ်။ ဒီဒြပ်ပေါင်းတွေက ခန္ဓာကိုယ်တွင်းအင်္ဂါအများစုပေါ်မှာ ဓာတ်တိုးဆန့်ကျင်နိုင်တဲ့ အကျိုးကျေးဇူးများစွာ ရှိပါတယ်။ ပန်းသီး၊ လိမ္မော်သီး၊ ဘလူးဘယ်ရီ၊ ရှောက်သီး၊ ခရမ်းချဉ်သီးတွေမှာ ဖလေဗိုနွိုက်တွေ များစွာပါဝင်ပါတယ်။ ဒီဖလေဗိုနွိုက်တွေက အဆုတ်ကို သန့်စင်ပေးပြီး အဆုတ်ရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် အဆုတ်ကင်ဆာ၊ သားမြတ်ကင်ဆာနဲ့ ဆီးကျိတ်ကင်ဆာအပါအဝင် ကင်ဆာမျိုးစုံမဖြစ်အောင် ကာကွယ်နိုင်တဲ့အပြင် အဲဒီကင်ဆာတွေကို ကုသရာမှာလည်း ထိရောက်မှု ရှိတယ်လို့ သိရပါတယ်။


ကြက်သွန်ဖြူ

          ကြက်သွန်ဖြူဟာလည်း အဆုတ်ကျန်းမာဖို့အတွက် အလွန်အသုံးဝင်ပါတယ်။ သူ့မှာပါဝင်တဲ့ အလက်စင်ဟာ သဘာဝ ပဋိဇီဝဆေးအဖြစ် အသုံးဝင်ပြီး အသက်ရှူလမ်းကြောင်း စနစ်အတွင်း ရောက်ရှိနေတဲ့ ပိုးမွှားတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ကြက်သွန်ဖြူစားသုံးတာက အဆုတ်ကင်ဆာမဖြစ်အောင် ကာကွယ်နိုင်တယ်လို့ သိရပါတယ်။

          အဆုတ်ကျန်းမာပြီး ချွဲတွေကင်းစင်ဖို့အတွက် လက်ဖက်ရည်ကြမ်းကိုလည်း ပိုမိုသောက်ဖို့လိုအပ်ပါတယ်။ လက်ဖက်ရည်ကြမ်းဟာ နှလုံးသွေးကြောကျန်းမာရေးကို ကောင်းမွန်စေပြီး ကင်ဆာမျိုးစုံကိုလည်း ကာကွယ်ပေးကာ ရောဂါပိုးမွှားတွေကို တွန်းလှန်ပေးနိုင်ပါတယ်။ လက်ဖက်စိမ်းဟာ ဆေးလိပ်သောက်တာကြောင့် ပျက်စီးနေတဲ့ အဆုတ်ကို ပြန်လည်ပြုပြင်ပေးနိုင်ပြီး အဆုတ်ကင်ဆာမဖြစ်အောင် ကာကွယ်နိုင်တယ်လို့လည်း သိရပါတယ်။

          ဗီတာမင်စီဟာလည်း အသက်ရှူလမ်းကြောင်း ကျန်းမာရေးနဲ့ အဆုတ်ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ သူက ဆေးလိပ်ငွေ့နဲ့ ထိတွေ့တဲ့ အဆုတ်အတွင်းက ဓာတ်တိုးပစ္စည်းတွေကို ဖျက်ဆီးပစ်ဖို့ ကူညီနိုင်ပါတယ်။ ကီဝီသီး၊ အနီရောင်ငရုတ်ပွ၊ အချဉ်အရသာရှိတဲ့သစ်သီး၊ သင်္ဘောသီး၊ စတော်ဘယ်ရီသီး၊ သရက်သီးနဲ့ သခွားမွှေးသီးတွေမှာ ဗီတာမင်စီတွေ ကြွယ်ဝတာကြောင့် စားသုံးသင့်ပါတယ်။

          အအေးမိရောဂါ ဒါမှမဟုတ် တုပ်ကွေးရောဂါကြောင့် အသက်ရှူလမ်းကြောင်းမှာ ပြဿနာဖြစ်နေရင် ချင်းကို များများစားသုံးပါက အဆုတ်အတွင်းက ချွဲတွေကို ကင်းစင်စေနိုင်ပြီး ခုခံအားစနစ်ကောင်းမွန်လာနိုင်ပါတယ်။ ချင်းဟာ သဘာဝအတိုင်း သန့်စင်ပေးနိုင်တဲ့အစားအစာဖြစ်ပြီး ရောင်ရမ်းမှုကို လျော့ကျစေတဲ့ ဂုဏ်သတ္တိရှိပါတယ်။

          နနွင်းဟာ အဆုတ်ကို သန့်စင်ဖို့ အကောင်းဆုံးအစားအစာ တစ်ခုဖြစ်ပြီး လေထုညစ်ညမ်းမှု၊ ဆေးလိပ်ငွေ့နဲ့ အဆုတ်ကို ယားယံစေတဲ့ ပစ္စည်းတွေကြောင့် ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးတွေကို ပြန်လည်ပြုပြင်ပေးနိုင်ပါတယ်။


မဂ္ဂနီဆီယမ်ပါဝင်မှုများသော အစားအစာများ

          မဂ္ဂနီဆီယမ်ပါဝင်မှုများတဲ့ အစားအစာတွေက အဆုတ်ကျန်းမာရေးကို အထောက်အကူပြုပြီး အဆုတ်လုပ်ငန်းဆောင်တာတွေအတွက် ကူညီပေးနိုင်ပါတယ်။

          ရေကို လုံလုံလောက်လောက်သောက်တာက ခန္ဓာကိုယ်ကျန်းမာရေးအတွက် အရေးကြီးသလို အဆုတ်လုပ်ငန်းဆောင်တာကောင်းမွန်ဖို့အတွက်လည်း အရေးကြီးပါတယ်။ ရေဓာတ်ချို့တဲ့တာကြောင့် မောပန်းလွယ်တာ၊ စိတ်တိုလွယ်တာ၊ အဆစ်အမျက်နာကျင်ကိုက်ခဲတာနဲ့ ကိုယ်တွင်းကိုလက်စထရောအဆင့်တွေက ကမောက်ကမဖြစ်တာလိုမျိုး ဆိုးကျိုးတွေ ရရှိနိုင်ပါတယ်။ ဒါ့အပြင် ရေဓာတ်ချို့တဲ့တာကြောင့် လေပြွန်ရောင်ရောဂါနဲ့ ရင်ကျပ်ရောဂါအဖြစ်များတယ်လို့ သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။ ရေကို လုံလုံလောက်လောက် သောက်တာကြောင့် အဆုတ်အတွင်း ရောင်ရမ်းမှုကို လျော့ကျပြီး အဆုတ်နဲ့ လေပြွန်ပြဿနာတွမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

Credit : ဒေါက်တာ ခင်မိုးမိုး



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18