Print

အာဟာရဖြစ်စေသော ကန်စွန်းဥ

  07-Feb-2020
Preview Image

          ကန်စွန်းဥဆိုလျှင် ငယ်စဉ်ကာလ ကလေးဘဝကတည်းကပင် လွန်စွာနှစ်သက်ခဲ့သော အစားအစာဖြစ်သည်။ ငယ်ငယ်တုန်းက လမ်းသွားရင်း လမ်းဘေး၌ ကန်စွန်းဥမီးဖုတ်ရောင်းနေသည်ကို တွေ့လျှင် အမေ့အား ဝယ်ကျွေးဖို့ ပူဆာတော့သည်။ ငယ်စဉ်က ကန်စွန်းဥစားရတာ ချိုလည်းချို၊ မွှေးလည်းမွှေး၍ စွဲမက်နှစ်သက်စရာကောင်းသောကြောင့် ကြိုက်နှစ်သက်ခဲ့ခြင်းဖြစ်ပါသည်။ ယခု အသက်ကြီးလာသည့်အခါတွင် ကန်စွန်းဥ၏ အာဟာရတန်ဖိုးနှင့် ၎င်းတွင် ပါဝင်သော ဓာတ်များအကြောင်းကို သိရှိကာ လူသားတို့ကို မည်သို့မည်ပုံ အကျိုးပြုသည်ကို သိရှိလာပါတော့သည်။


          ကန်စွန်းဥသည် နွယ်ပင် ပေါင်းပင်အမျိုးအနွယ်မှ ဆင်းသက်လာပြီး မြန်မာ့သဘောအရဆိုပါလျှင် ကန်စွန်းကြီးမျိုးနွယ်မှ ဆင်းသက်လာခြင်းဖြစ်သည်။ ကန်စွန်းကြီးပင်၏ မြေတွင်းမှ တူးယူရခြင်းဖြစ်သည်။ ကန်စွန်းဥကို သုံးမျိုးသုံးစား ခွဲခြားတွေ့နိုင်ပါသည်။ ကန်စွန်းဥအဖြူ၊ ကန်စွန်းဥအဝါနှင့် ကန်စွန်းဥခရမ်းရောင်တို့ ဖြစ်ပါသည်။ ကန်စွန်းဥတွင် ဗီတာမင်အေ၏ အရင်းအမြစ်ဖြစ်သော ဘီတာကယ်ရိုတင်းဓာတ်များ မြောက်မြားစွာ ပါဝင်ပါသည်။ ကယ်ရိုတင်းဓာတ်များ စားသုံးပေးခြင်းအားဖြင့် ခန္ဓာကိုယ်ထဲတွင် ဗီတာမင်အေဓာတ်ကို ရရှိမည်ဖြစ်သည်။ နောက်ဓာတ်များမှာ ဗီတာမင်စီဓာတ်၊ မဂ္ဂနီးစ်ဓာတ်၊ ကြေးနီဓာတ်၊ ဗီတာမင်ဘီဒြပ်ပေါင်းများဖြစ်သော B1,B2,B6 ဓာတ်များ ပါဝင်ပါသည်။ သတ္တုဓာတ်များတွင် ဖော့စ်ဖရပ်ဓာတ် ပါဝင်သည်။ ဆီးကျိတ်ကင်ဆာကို ကာကွယ်ပါသည်။ ထို့ပြင် သားသမီးဖြစ်ထွန်းခြင်းကိုလည်း အားပေးစေသည်။ နောက်တစ်မျိုးမှာ ရောဂါပြီးစနစ်ကို အားပေးစေ၍ ရောဂါတစ်ခုခုမဖြစ်စေရန် ကာကွယ်ပေးသည်။ ရောဂါဖြစ်လျှင်လည်း ရောဂါသက်သာပျောက်ကင်းရန် ကူညီဆောင်ရွက်ပေးစေသည်။


          ကျန်းမာရေး အကျိုးပြုချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။


သွေးချို၊ ဆီးချိုကျစေခြင်း

          ကန်စွန်းဥစားသုံးခြင်းအားဖြင့် သွေးချိုနှုန်းထားကို ကျစေပါသည်။ ကန်စွန်းဥတွင် ဖိုင်ဘာဓာတ်ပါဝင်သည့်အတွက် အမျိုးအစားနံပါတ်တစ် ဆီးချိုရှိသူသည် ဖိုင်ဘာဓာတ်များစွာ လိုအပ်သဖြင့် ကန်စွန်းဥကို များများစားပေးပါက ဆီးချိုကျနိုင်ပါသည်။ နံပါတ်နှစ်အမျိုးအစား ဆီးချိုဝေဒနာရှင်များကမူ သွေးတွင်းသကြားဓာတ် ကျဆင်းပြီး သွေးတွင်းအဆီနှင့် အင်ဆူလင်ကျနိုင်ပါသည်။ အခွံပါသော အလယ်အလတ်ကန်စွန်းဥတစ်လုံးဆိုလျှင် ဖိုင်ဘာဓာတ်ခြောက်ဂရမ်ခန့် ပါဝင်ပါသည်။


သွေးတိုးကို ကျစေခြင်း

          ဆားလျှော့စားခြင်းအားဖြင့် သွေးတိုးကျစေခြင်းကို ထောက်ပံ့စေသည်။ သွေးတိုးကျစေရန် ဆားလျှော့စားပြီး ပိုတက်စီယမ်ဓာတ်ပါသော ဟင်းနုနယ်၊ ထောပတ်သီးများကို ပိုမိုစားသုံးပေးရန် လိုအပ်ပါသည်။


ကင်ဆာရောဂါကို ကာကွယ်ခြင်း

          လူလတ်ပိုင်းအရွယ်၌ အမျိုးသားများသည် ဘီတာကယ်ရိုတင်းပါဝင်သော အစားအစာအသီးအနှံ ဟင်းသီးဟင်းရွက်များ စားသုံးပေးပါက ပရော့စတိတ်ကင်ဆာကို ကာကွယ်စေနိုင်သည်။ ဘီတာကယ်ရိုတင်းဓာတ်သည် အူမကြီးကင်ဆာကိုပါ ပျောက်ကင်းစေသည်ဟု ဂျပန်လေ့လာသူပညာရှင်များက ပြောကြားသည်။


အစာကြေစေခြင်း

          မြင့်မားသော ဖိုင်ဘာဓာတ်ကြောင့် ကန်စွန်းဥသည် အစာကြေညက်စေခြင်းကို ကူညီထောက်ပံ့စေပြီး ဝမ်းမချုပ်စေဘဲ ဝမ်းပုံမှန်သွားစေပြီး အစာကြေစေပါသည်။


သားသမီးရတနာ ထွန်းကားခြင်း

          သားသမီးထွန်းကားနိုင်သော အသက်အရွယ်ရှိအမျိုးသမီးတို့သည် သံဓာတ်ပါဝင်သော အသီးအရွက်များနှင့် ဗီတာမင်အေဓာတ်ပါဝင်သော ကန်စွန်းဥကို စားသုံးပေးခြင်းအားဖြင့် မျိုးအောင်စေသည်ဟု ဆိုပါသည်။


ရောင်ရမ်းမှုကို ကျစေခြင်

          ကန်စွန်းဥကဲ့သို့သော စွယ်စုံရအာဟာရတွင် ကိုက်ခဲရောင်ရမ်းမှုကို ကျစေသည်။ ခရမ်းရင့်ရောင် ကန်စွန်းဥသည် နာကျင်ရောင်ရမ်းမှုကို သက်သာစေပြီး ဖရီးရယ်ဒီကယ်များကိုလည်း သုတ်သင်ရှင်းလင်းစေပါသည်။


အမြင်အာရုံကောင်းစေခြင်း

          ဗီတာမင်အေကြောင့် တိမ်ဖြစ်ခြင်းကို ကာကွယ်၍ အင်တီအောက်ဆီးဒင့်၊ ဗီတာမင်စီနှင့် အီးသည် မျက်စိကျန်းမာရေးနှင့် ညံ့ဖျင်းသော ထိခိုက်ပျက်စီးဆုံးရှုံးမှုများကို ကာကွယ်ပေးသည်။

          ကန်စွန်းဥသည် ဘီတာကယ်ရိုတင်း၏ အရင်းအမြစ်တစ်ခုဖြစ်သည့်အပြင် တန်ခိုးထက်မြက်သော အင်တီအောက်ဆီးဒင့်လည်း ဖြစ်သည့်အတွက် ရောဂါဘယများ ပျောက်ကင်းစေသည်။ အထူးသဖြင့် ကင်ဆာရောဂါနှင့် နှလုံးရောဂါတို့ကို သက်သာစေပြီး ခန္ဓာကိုယ်ဆုတ်ယုတ်ပျက်ပြားစေခြင်းနှင့် အသက်အရွယ်အိုမင်းခြင်းကို နှောင့်နှေးစေပါသည်။ နေ့စဉ် စားသောက်သည့် အစားအစာများတွင် ဘီတာကယ်ရိုတင်းဓာတ်ကဲ့သို့ အစားအစာများ ပါဝင်စားသုံးပေးခြင်းဖြင့် ရောဂါများ ကင်းဝေးကာ ကျန်းမာသော လူမှုဘဝကို ရရှိနိုင်မည်ဖြစ်ပါသည်။


Credit : ထူးထူးမြတ်



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18