Print

အစာအဆိပ်သင့်ခြင်း အပိုင်း(၂)

  06-Jan-2020
Preview Image

Clostridium ဘက်တီးရီးယားကြောင့် အစာအဆိပ်သင့်ခြင်း

          ရောဂါဖြစ်စေသောပိုးသည် Clostridium botulinum နှင့် Clostridium perfringens တို့ဖြစ်ပြီး ရောဂါပိုးတွေ့ရှိနိုင်သော အစားအစာများမှာ စည်သွပ်ဘူးများ၊ အသား၊ ငါးများ၊ ပင်လယ်ငါး၊ နွားနို့၊ နို့ထွက်ပစ္စည်းနှင့် ရေခဲတို့ဖြစ်ပါသည်။

          ရောဂါလက္ခဏာများသည် ၁၂ နာရီမှ ၃၆ နာရီအတွင်း ဖြစ်ပေါ်ပါသည်။ အန်ခြင်း၊ ဝမ်းသွားခြင်း၊ ပျို့ခြင်း၊ ခြေကုန်လက်ပန်းကျခြင်း၊ ခေါင်းမူးခေါင်းကိုက်ခြင်း၊ မျက်စိဝါးခြင်း၊ မျိုချမရခြင်း၊ အသက်ရှူခြင်းနှင့်ပတ်သက်သော ကြွက်သားများ အလုပ်မလုပ်တော့ဘဲ အဆုတ်လေပြွန်ရောင်ခြင်းနှင့် လေဖြန်းခြင်းများဖြစ်ကာ သေဆုံးနိုင်ပါသည်။

          ၎င်းရောဂါမဖြစ်စေရန် စည်သွပ်ဘူးများကို လိုအပ်သည့်အပူချိန်အထိ အပူပေးခြင်း၊ ဖောင်းကြွနေသော သို့မဟုတ် ပျက်စီးနေသော စည်သွပ်ဘူးများကိုပယ်ခြင်း၊ အသေအချာချက်ပြုတ်မထားသော အစားအသောက်များစားခြင်းမှ ရှောင်ခြင်း၊ ဘက်တီးရီးယားအဆိပ် (Exotoxin) သည် အပူပေးခြင်း၏ဒဏ်ကို မခံနိုင်သောကြောင့် ဆူပွက်နေသောအပူချိန်၌ ၁၅ မိနစ်ခန့်ထားခြင်းနှင့် ချက်ပြုတ်ပြီးအေးခဲထားသည့် အစားအစာများကို အပူမပေးဘဲ မစားခြင်းများ စသည်တို့ကို ပြုလုပ်၍ ကာကွယ်ရပါမည်။


Staphylococcus ကြောင့် အစာအဆိပ်သင့်ခြင်း

          ရောဂါဖြစ်စေသောပိုးသည် Staphylococcus aureus ဖြစ်ပြီး မသန့်ရှင်းသော နှာခေါင်း၊ လက်၊ ပြည်တည်နာတို့တွင် တွေ့ရပါသည်။ နို့နှင့် နို့ထွက်ပစ္စည်း၊ ပူတင်း၊ ခရင်မ်နှင့် ကိတ်မုန့်တို့တွင် ပေါက်ပွားတတ်ပါသည်။

          ရောဂါလက္ခဏာများသည် အစားအစာစားပြီး ၂ နာရီမှ ၃ နာရီကြာလျှင် ပြတတ်ပါသည်။ တံတွေးထွေးခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ ကျို့ထိုးခြင်းနှင့် ဝမ်းသွားခြင်းလက္ခဏာများ ဖြစ်ပေါ်တတ်ပါသည်။

          ၎င်းရောဂါမဖြစ်စေရန် Staphylococcus အစားအသောက်များကို ပိုးပေကျံခြင်းနှင့် ပွားများခြင်းမရှိစေရန် ပြုလုပ်၍ ကာကွယ်ရပါမည်။


ကာလဝမ်းရောဂါ (Cholera)

          ရောဂါဖြစ်စေသောပိုးသည် Vibrio cholerae ဖြစ်ပြီး ကာလဝမ်းရောဂါပိုးနှင့် ထိတွေ့ထားသောရေနှင့် အစားအသောက်များ စားသုံးမိခြင်းကြောင့် ဖြစ်ပါသည်။ မသန့်ရှင်းသောပင်လယ်ငါး၊ ပုဇွန်၊ ဟင်းသီးဟင်းရွက်နှင့် ရေတို့တွင် ပေါက်ပွားတတ်ပါသည်။

          ရောဂါလက္ခဏာများမှာ ဆန်ဆေးရေကဲ့သို့ အရည်များသွားခြင်း၊ အန်ခြင်း၊ ခန္ဓာကိုယ်တွင်းရှိ ရေနှင့် ဓာတ်ဆားများ ကုန်ခမ်းခြင်းကြောင့် ကြွက်တက်ခြင်း၊ သွေးလန့်ခြင်း၊ သတိလစ်ခြင်း၊ အချိန်မီမကုသပါက သေဆုံးခြင်းတို့ ဖြစ်နိုင်ပါသည်။

          ၎င်းရောဂါမဖြစ်စေရန် ရောဂါဖြစ်ပွားနေသောလူနာများ၊ ရောဂါပိုးရှိနေသော လူနာများကို သီးသန့်ခွဲထားခြင်း၊ အစာမစားမီ၊ အစာစားပြီးချိန်နှင့် အိမ်သာမှအဆင်းတွင်လက်ကိုဆပ်ပြာဖြင့် စင်ကြယ်အောင်ဆေးခြင်း၊ အစားအစာများ ချက်ပြုတ်ပြင်ဆင်မည့်သူသည် လက်ကိုသေချာအောင် ဆပ်ပြာဖြင့် အရင်ဆေးခြင်းနှင့် အသုံးအဆောင်ပန်းကန်၊ ခွက်ယောက်၊ စဉ်းနှီးတုံးများကို သန့်ရှင်းစင်ကြယ်စွာ ဆေးကြောပြီးမှ သုံးခြင်းများ စသည်တို့ကို ပြုလုပ်၍ ကာကွယ်ရပါမည်။


ဝမ်းပျက်ဝမ်းလျှောရောဂါ (Gastroentritis)

          ရောဂါဖြစ်စေသောပိုးသည် Escherichia coli ဖြစ်ပြီး၊ ရောဂါပိုးကို လူနှင့်တိရစ္ဆာန်တို့၏ အူအတွင်း၌ တွေ့ရပြီး မစင်နှင့်အတူ အပြင်သို့စွန့်ပစ်ရောက်ရှိသွားပါသည်။ ပတ်ဝန်းကျင်အနှံ့အပြား၊ ရေ၊ ရောဂါပိုးထိတွေ့ထားသော အစားအစာ၊ နို့၊ ရေတို့တွင် ပေါက်ဖွားတတ်ပါသည်။ အသက် ၂ နှစ်အောက်နှင့် ခရီးသွားလာသူများတွင် အများဆုံးတွေ့ရတတ်ပါသည်။

          ရောဂါလက္ခဏာများမှာ တစ်နေ့လျှင် သုံးကြိမ်ထက် ဝမ်းအရည်များသွားခြင်း၊ ရုတ်တရက်ဝမ်းလျှောခြင်း၊ ခန္ဓာကိုယ်တွင်းရေခမ်းခြောက်ခြင်းနှင့် သွေးထိတ်လန့်ခြင်းများ ဖြစ်ပေါ်တတ်ပါသည်။

          ၎င်းရောဂါမဖြစ်စေရန် ကာလဝမ်းရောဂါအတိုင်း ကာကွယ်ရပါမည်။


ဝမ်းကိုက်ရောဂါ (Dysentry)

          ရောဂါဖြစ်စေသောပိုးသည် Shigella dysentriae ဖြစ်ပြီး၊ ရောဂါဖြစ်နေသောလူနာများနှင့် ရောဂါပိုးရှိနေသောလူနာများတွင် အများဆုံးတွေ့ရပါသည်။ ဝမ်းကိုက်ပိုးနှင့် ထိတွေ့ထားသောရေ၊ နွားနို့၊ အစားအသောက်များ စားသုံးမိခြင်း၊ မသန့်ရှင်းသောနွားနို့၊ ဟင်းသီးဟင်းရွက်၊ အာလူးနှင့် ဟင်းရွက်သုပ်များစားသုံးမိခြင်း၊ ရေကို ကျိုချက်မသောက်ခြင်းတို့ကြောင့် ဖြစ်တတ်ပါသည်။

          ရောဂါလက္ခဏာများမှာ ချွဲနှင့် သွေးစပါသော ဝမ်းအနည်းငယ်သွားလျှင် ၁၀ ကြိမ်ထက်မနည်းသွားခြင်း၊ ဗိုက်ရစ်နာခြင်း၊ ဖျားခြင်းများ ဖြစ်ပေါ်တတ်ပါသည်။

          ၎င်းရောဂါမဖြစ်စေရန် ရောဂါရှိနေသူများနှင့် ထိတွေ့ပြီး၊ ၎င်းတို့၏ အသုံးအဆောင်ပစ္စည်းများကို ထိတွေ့ကိုင်တွယ်ပြီးလျှင် လက်ကိုဆပ်ပြာဖြင့် သေချာစွာဆေးကြောခြင်းနှင့် ဖြစ်ပွားနေသော လူနာများ၊ ရောဂါပိုးရှိနေသောလူနာများကို သီးသန့်ခွဲထားခြင်း၊ အစားအသောက်မစားမီ၊ ကိုင်တွယ်ချက်ပြုတ်ခြင်းမပြုမီ လက်ကိုသေချာစွာဆေးကြောခြင်း၊ အိမ်သာမှအဆင်းတွင် လက်ကိုဆပ်ပြာဖြင့် စင်ကြယ်အောင်ဆေးခြင်း၊ ပန်းကန်၊ ခွက်ယောက်များကို သေချာစွာဆေးကြောခြင်းနှင့် ဟင်းသီးဟင်းရွက်များကို သေချာစွာဆေးကြောခြင်းများ စသည်တို့ကို ပြုလုပ်၍ ကာကွယ်ရပါမည်။


အူရောင်ငန်းဖျား (Typhoid) ရောဂါ

          ရောဂါဖြစ်စေသောပိုးသည် Salmonella typhi  ဖြစ်ပြီး ရောဂါပိုးနှင့် ထိတွေ့ထားသော အစားအသောက်နှင့် ရေတို့ကို စားသုံးမိခြင်းနှင့် ရောဂါရှိသူမှ စွန့်ပစ်သောအညစ်အကြေး ထိတွေ့မိခြင်းတို့ကြောင့် ဖြစ်တတ်ပါသည်။

          ရောဂါလက္ခဏာများမှာ ၈ နာရီမှ ၄၈ နာရီအကြာတွင် ဖြစ်ပါသည်။ ဖျားခြင်း၊ ကိုယ်ပူခြင်း၊ ခေါင်းကိုက်ခြင်းများ ဖြစ်ပေါ်တတ်ပါသည်။

          ၎င်းရောဂါမဖြစ်စေရန် ဝမ်းပျက်ဝမ်းလျောရောဂါအတိုင်း ကာကွယ်ရပါမည်။


ဗိုင်းရပ်ပိုးကြောင့်ဖြစ်သော ဝမ်းပျက်ဝမ်းလျှောရောဂါ

          ရောဂါဖြစ်စေသောပိုးသည် Rota Virus နှင့် Norwalk Virus ဖြစ်ပါသည်။ ကာကွယ်ရန်နည်းလမ်းများမှာ သန့်ရင်းသောရေသောက်သုံးခြင်း၊ အညစ်အကြေးများစနစ်တကျစွန့်ပစ်ခြင်း၊ တစ်ကိုယ်ရည်သန့်ရှင်းရေးကို စနစ်တကျဆောင်ရွက်ခြင်းနှင့် ယင်ကောင်များနှိမ်နင်းခြင်းများ ဖြစ်ပါသည်။

အကြံပြုချက်

          “အစာလည်းဆေး၊ ဆေးလည်းအစာ” ဆိုသည့်အတိုင်း မိမိတို့နေ့စဉ်စားသောက်နေသော အစားအစာတိုင်းသည် အာဟာရပြည့်ဝပြီး ဓာတုဆိုးဆေးကင်းကာ ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာဖြစ်ရန် လိုအပ်ပါသည်။ အစားအသောက်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများနှင့် အစာအဆိပ်သင့်ခြင်းကြောင့် အသက်အန္တရာယ်စိုးရိမ်ရပြီး အစားအသောက်များကို သတိပြု၍ ဂရုတစိုက်စားရပါမည်။ အစာအဆိပ်သင့်ခြင်းမဖြစ်စေရန် ကြိုတင်ကာကွယ်ခြင်းများကို အပြည့်အဝလိုက်နာရပါမည်။ ၎င်းရောဂါများဖြစ်ပါကလည်း နီးစပ်ရာဆေးရုံ၊ ဆေးခန်းသို့ လျင်မြန်စွာ ပို့ဆောင်ကုသသင့်ကြောင်း အကြံပြုအပ်ပါသည်။

Credit : ဒေါက်တာ မြင့်သန်းထွန်း

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18