Print

နှင်းဆီပန်းရောင်သွေးရှိသောဆား (သို့မဟုတ်) ပန်းရောင် ဟိမဝန္တာဆား

  22-Aug-2019
Preview Image

          ဆားဆိုသောအရာသည် မရှိမကောင်း၊ ရှိမကောင်းသော အရာဖြစ်သည်။ ဟင်းတွင်ဆားမခပ်ထားလျှင် လုံးဝပေါ့ရွှတ်၍ အရသာမှာ လေးနက်မှုမရှိတော့ပေ။ ဟင်းထဲတွင် ဆားများသွားပါကလည်း အရသာမှာ အလွန်ငန်သည့်ဘက်သို့ ရောက်သွားပါသည်။ ထို့ပြင် အသက်အရွယ်ကြီးရင့်သူတို့အတွက် ဆားစားများခြင်းကြောင့် သွေးတိုးရောဂါဖြစ်စေပါသည်။ သို့ရာတွင် ဟိမဝန္တာဆားပန်းရောင်ကို အသုံးပြုပါက အချို့သော ရောဂါဘယများကို သက်သာပျောက်ကင်းစေပါသည်။


          ဟိမဝန္တာဆား ပန်းရောင်ဆိုသည်မှာ ကျန်းမာရေးနှင့် လွန်စွာညီညွတ်သော ဆားဖြစ်ပါသည်။ ပန်းရောင် ဟိမဝန္တာဆားသည် ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ်မှ ထွက်ရှိသောဆားဖြစ်ပါသည်။ ဟိမဝန္တာနှင့် မိုင် ၁၉၀ ဝေးသော အရပ်ဒေသမှ ထွက်ရှိခြင်းဖြစ်ပြီး ၎င်းပန်ဂျပ်ပြည်နယ်သည် ဆားအထွက်ရှိဆုံးဟု ကမ္ဘာပေါ်တွင် နာမည်ကြီးသည်။ ပန်းရောင်ဆားသည် ကျန်းမာရေးကို အကျိုးပေးဆုံးနှင့် အသန့်ရှင်းဆုံး ဆားတစ်မျိုးဖြစ်သည်။ အာဟာရနည်းမျိုးစုံကိုလည်း ၎င်းဆားမှ ရရှိပါသည်။ ဟိမဝန္တာဒေသတွင် နေထိုင်သူတို့သည် အသား၊ ငါးတို့ တာရှည်ခံရန်အတွက် ပြုပြင်ရာတွင် ပန်းရောင်ဆားကို အသုံးပြုကြသည်။ ထို့ပြင် အိမ်တွင်း၌ ခန္ဓာကိုယ်တိုက်ချွတ်ဆေးကြောရာတွင် ပန်းရောင်ဆားကို အသုံးပြုပါသည်။


          ပန်းရောင်ဟိမဝန္တာဆားတွင် သတ္ထုဓာတ် ၈၄ မျိုးပါဝင်ပြီး မပါရင်လည်းမဖြစ်၊ ပါဝင်လျှင်လည်း အနည်းငယ်သာ လိုအပ်သော ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်အစရှိသော Trace – element များလည်း ပါဝင်ပါသေးသည်။ ပန်းရောင်ဆား တစ်နေ့တာ လိုအပ်ချက်မှာ 2300 mg ဖြစ်ပါသည်။ ကျန်းမာစေရန်အတွက်ဆိုရင် မှန်ကန်သောဆားကို မှန်ကန်သော ပမာဏအတွက်ဖြင့် စားသုံးခြင်းမှာ အကောင်းမွန်ဆုံး ဖြစ်ပေသည်။


          ပန်းရောင် ဟိမဝန္တာဆားသည် ဓာတုဗေဒနည်းအရ စားပွဲတင်ဆားနှင့် အတူတူပင် ဖြစ်သည်။ ဆိုဒီယမ်ကလိုရိုဒ် ၉၈ ရာခိုင်နှုန်းပါဝင်ပြီး နှစ်ရာခိုင်နှုန်းမှာ Trace – element များ ဖြစ်သည်။ အရောင်မှာ ပန်းရောင်ဖျော့ဖျော့ဖြစ်ပါသည်။ ပန်းရောင်ဆားကို သုံးနေကျဆားပုံစံအတိုင်း သုံးစွဲရန်ဖြစ်ပြီး ဟင်းချက်ရန်နှင့် အသားငါးများ ကြာရှည်ခံစေရန် ဆားသိပ်ရာ၌ အသုံးပြုသည်။ ထို့ပြင် ရေချိုးရာတွင် ကြေးချွတ်ရာ၌ ပန်းရောင်ဆားအား အသုံးပြုပါသည်။


          ပန်းရောင်ဆားကို ခန္ဓာကိုယ်က မည်သည့်အတွက်ကြောင့် လိုအပ်သနည်းဆိုသော် ကြွက်သားများ ပျော့ပျောင်းအားရှိစေပြီး၊ ခန္ဓာကိုယ်တွင် လျော်ကန်သင့်မြတ်သော အရည်များကုန်ခန်းမသွားစေရန်အတွက် ထောက်ပံ့ပေးသည်။ ထို့ပြင်အာရုံကို နှိုးဆွသော အာရုံကြောစနစ်ကို ပို့လွှတ်ပေးသည်။ သွေးတိုးကိုလည်း ကျစေရန်အတွက် ကာကွယ်စေသည်။ ဆားများများစားခြင်းအားဖြင့် ပြင်းထန်သော ကျန်းမာရေးအခြေအနေကို ဖြစ်ပေါ်စေပါသည်။ ဥပမာအားဖြင့် သွေးတိုး၊ နှလုံး၊ လေဖြတ်ခြင်း၊ အသည်းပျက်စီးခြင်း၊ ကျောက်ကပ်ရောဂါစသည်များကို ဖြစ်စေပါသည်။


          ဆားအလွန်အကျွံ စားသုံးခြင်းအားဖြင့် နှလုံးသွေးကြောရောဂါကို နှစ်ဆဖြစ်စေနိုင်ခြင်းအပြင် ဆီးချိုသွေးချိုရောဂါကိုလည်း တိုးပွားစေနိုင်ပါသည်။ ထို့ကြောင့် မည်သည့်ဆားမျိုးပင်ဖြစ်စေ အလွန်အကျွံ မသုံးမိဖို့တော့ အရေးကြီးသည်။ ဟိမဝန္တာ အရပ်ဒေသတွင် နေထိုင်သူများသည် ၎င်းတို့ဒေသထွက် ပန်းရောင်ဆားကို ရိုးရိုးစားပွဲတင်ဆားထက် အငန်ပေါ့သည်ဟု ယူဆကြပါသည်။ အမှန်မှာ အတူတူပင်ဖြစ်သည်။ ပန်းရောင်ဆားမှာ သတ္ထုဓာတ်များ ပိုမိုပါရှိနေခြင်းသာ ထူးခြားပါသည်။ မည်သည့်ဆားပင်ဖြစ်စေ ဆားလျှော့စားခြင်းသည် ကျန်းမာရေးကို အထောက်အကူပြုကြောင်းသာ ဖြစ်ပါသည်။ ရန်ကုန်မြို့တွင် ယခုအခါ ပန်းရောင်ဆားကို ရောင်းချနေပြီဖြစ်ပါသည်။

Credit : ထူးထူးမြတ်



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18