Print

အရောင်ငါးပါး ပါ အစားအစာများ

  20-Jun-2019
Preview Image

          လူသားတို့အတွက် အစားအစာသည် အဓိကကျသည်။ အစာစားခြင်းကြောင့် အသက်ရှင်သန်နေကြရသည်။ ထိုသို့ အစာစားရာတွင် အစားအစာများကို စားတတ်ရန် အရေးကြီးသည်။ ထိုသို့ပြောလျှင် စာဖတ်သူများက ထင်ကြလိမ့်မည်။ အစားစားတာများ ဘာခက်ပါဘိသနည်း။ အစားစားဖြင်းသည် မခက်ပါ။ သို့သော် အစားစားသည့်အခါ ခန္ဓာကိုယ်အတွက် အကျိုးပြုမည့် အစာများကိုသာ စားပေးသင့်သည်။

          အကျိုးပြုမည့် အစာများကို ရွေးချယ်ရာတွင် အစားအစာများ၏ အကျိုးပြု ပုံများကို သိရှိရန် လိုအပ်သည်။ အရောင်ငါးမျိုးအစားအစာများကို ရွေးချယ်စားရမည်။ အရောင်ငါးမျိုးဆိုသည်မှာ အစားအစာတို့၏ ပြင်ပအပေါ်ယံအရေ အစိမ်းရောင်၊ အနီရောင်၊ အဝါရောင်၊ အဖြူရောင်၊ အမဲရောင် စသည်ဖြင့် ခွဲခြားထားသည်။


(၁) အစိမ်းရောင်

          အစိမ်းရောင်အစားအစာများတွင် ပါဝင်သော အဓိက အာဟာရမှာ ဆယ်လူလို့စ်၊ ဗီတာမင်စီ၊ ပိုတက်စီယမ်၊ ဖောလစ်အက်စစ်ဓာတ်တို့ ပြည့်ဝစွာ ပါဝင်သည်။ အစိမ်းရောင်ပါသော အစားအစာဆိုသည်မှာ အစိမ်းရောင် ဟင်းသီးဟင်းရွက် များပင်ဖြစ်သည်။ ဆယ်လူလို့စ် ဓာတ်ပြည့်စုံစွာပါသော ဟင်းသီးဟင်းရွက်သည် အစာအိမ်အူမကြီးကို လုံလောက်သော နှိုးဆွမှုများ ပေးနိုင်သည်။ ခန္ဓာကိုယ်အတွင်းမှာ ရှိသော အန္တရာယ် ရှိစေမည့် အရာဝတ္တုများကို ပြင်ပသို့ ရောက်ရှိအောင် ဖယ်ရှားပေးသည်။ အူလမ်းကြောင်းအတွင်းရှိ အဆိပ်များကို စုပ်ယူသွားသည်။ ၎င်းနောက် အသည်း၊ ကလီစာများ၏ တာဝန်ထမ်းဆောင်မှုများတွင် အဆိပ်ဖြေပေးသည်။ ထိုအစိမ်းရောင် အစားအစာများထဲရှိ ဗီတာမင်စီ၏ လုပ်ဆောင်မှုကြောင့် အိုမင်းရင့်ရော်မှုကို နှောင့်နှေးစေသည်။ လှပစေသည်။

အစိမ်းရောင်ပါသောအစားအစာများမှာ ဟင်းနုနယ်၊ ကန်စွန်းရွက်၊ အစိမ်းရောင်ငရုပ်ပွ၊ ကြက်သွန်မြိတ်၊ ကညွတ်၊ သင်္ဘောသီးအစိမ်း၊ ချင်းကျားရွက်၊ တရုတ်နံနံပင်၊ သခွားမွှေး၊ သလဲသီး၊ ကီဝီသီး စသည်တို့ ဖြစ်သည်။


(၂) အနီရောင်

          အနီရောင်ပါသော အစားအစာများသည် နှလုံးအတွက် အဓိကကောင်းစေသည်။ အနီရောင်အစားအစာများတွင် ပါဝင်သော အဓိက အာဟာရမှာ သံဓာတ်၊ ဗီတာမင်အေ၊ ကယ်ရိုတင်းဓာတ်၊ ပရိုတင်း၊ အဆီနှင့် Lycopene ဓာတ်တို့ ပြည့်ဝစွာ ပါဝင်သည်။ သံဓာတ်ပမာဏများစွာ ပါဝင်သည့်အတွက် သွေးအားကို ဖြည့်ပေးနိုင်သည်။ သံဓာတ်ချို့တဲ့ကာ သွေးအားနည်းခြင်းမဖြစ်စေရန် ကြိုတင်ကာကွယ်ပေးသည်။ ပင်ပန်းနွမ်းနယ်မှုများကို ပျောက်စေရန် ဖယ်ရှားပေးသည်။

          ကယ်ရိုတင်းဓာတ် ပြည့်ဝစွာ ပါဝင်သည့်အတွက် ခန္ဓာကိုယ်အတွင်းရှိ အန္တရာယ်ဖြစ်စေမည့် အရာများကို ဖယ်ရှားပေးသည်။ အနီရောင်အစားအစာများသည် အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးသည်။ အအေးမိခြင်းကို ကြိုတင်ကာကွယ်ပေးနိုင်သည်။ ကင်ဆာကို ကာကွယ်နိုင်အောင် ကူညီပေးသည်။ အပူဓာတ်များ ပေးသည်။ အနီရောင်တောက်တောက်အစားအစာများကို ရွေးချယ်စားပါ။

အနီရောင်ပါသော အစားအစာများမှာ မုန်လာဥနီ၊ ရွှေဖရုံသီး၊ ငရုတ်သီး အနီရောင်၊ ခရမ်းချဉ်သီးအနီ၊ ငရုပ်ပွအနီရောင်၊ ချယ်ရီသီး၊ ဖရဲသီး၊ မက်မွန်သီး၊ စတော်ဘယ်ရီ၊ ပန်းသီးအနီရောင်၊ တည်သီးအနီရောင်၊ စပျစ်သီး၊ ပိုးစာသီး၊ အမဲသား၊ ဝက်သား၊ ဆိတ်သား၊ တိရစ္ဆာန်တို့၏ အသည်းကလီစာ စသည်တို့ ဖြစ်သည်။


(၃) အဝါရောင်

          အဝါရောင်ပါသော အစားအစာများသည် သရက်ရွက်အတွက် အဓိကကောင်းစေသည်။ အဝါရောင်အစားအစာများတွင် ပါဝင်သော အဓိကအာဟာရမှာ ဗီတာမင်အေ၊ ဗီတာမင်စီ၊ ကယ်ရိုတင်းဓာတ်၊ ကာဗိုဟိုက်ဒရိတ်ဓာတ်တို့ ပြည့်ဝစွာ ပါဝင်သည်။

          အဝါရောင်ရှိသော အစားအစာများသည် အောက်ဆီဂျင်နှင့် ဓာတ်ပြုခြင်းကို ခုခံပေးသည်။ အိုမင်းရင့်ရော်မှုကို ကျဆင်းစေသည်။ ခန္ဓာကိုယ်ရှိ အမြှေးပါးများ ကောင်းမွန်စေရန် ဆောင်ရွက်ပေးသည်။ အစာအိမ်ရောင်ခြင်းကို ကြိုတင်ကာကွယ်ပေးသည်။ အူမကြီး ပြည်တည်နာနှင့် ကူးစက်ရောဂါဖြစ်ခြင်းများကိုလည်း ကြိုတင်ကာကွယ်ပေးသည်။ အစာချေစနစ်နှင့် ရောဂါပြီးသောစနစ်များအတွက်လည်း ကောင်းကျိုးပေးသည်။ သရက်ရွက်၊ အစာအိမ် တို့ကို ကောင်းစေသည်။ အာရုံများ ကောင်းမွန်စေရန် စုစည်းပေးနိုင်သည်။

အဝါရောင်ပါသော အစားအစာများမှာ ပြောင်းဖူး၊ မုန်လာဥနီ၊ သင်္ဘောသီး၊ ကန်စွန်းဥအဝါ၊ စိမ်းစားဥ၊ လိမ္မော်သီး၊ ငှက်ပျောသီး၊ သစ်တော်သီး၊ ရွှေဖရုံသီး၊ စောင်းလျားသီး၊ ဆီးသီး၊ ဥအနှစ်၊ ပဲအဝါ စသည်တို့ ဖြစ်သည်။


(၄) အဖြူရောင်

          အဖြူရောင်ပါသော အစားအစာများသည် အဆုတ်အတွက်အဓိကကောင်းစေသည်။ အဖြူရောင်အစားအစာများတွင် ပါဝင်သော အဓိကအာဟာရမှာ ပရိုတင်းဓာတ်၊ ကာဗိုဟိုက်ဒရိတ်၊ ကယ်လစီယမ်တို့ ပြည့်ဝစွာ ပါဝင်သည်။

          အဖြူရောင် အစားအစာများသည် အဆုတ်ကို စိုစွတ်စေပြီး ၊ ချောင်းဆိုးခြင်ကို ရပ်တန့်စေနိုင်သော စွမ်းဆောင်မှုများကို ပေးနိုင်သည်။ အဆုတ်ကို ကာကွယ်ပေးရုံသာမက အသက်ရှူစနစ်တခုလုံးကို အကျိုးပေးပြီး အရိုးကိုလည်း ကျန်းမာစေသည်။ ၎င်းအစားအာများသည် ခန္ဓာကိုယ်ဖွံ့ဖြိုးတိုးတက်စေရန် ကူညီပေးသည်။ ဆဲလ်များကို အားဖြည့်ပေးသည်။

အဖြူရောင်အစားအစာဖြစ်သည့် ဆန်ထဲတွင် ကာဗိုဟိုက်ဒရိတ်ဓာတ် ပြည့်ဝစွာ ပါဝင်သည်။ ခန္ဓာကိုယ်ထဲတွင် လျော့နေသော အာဟာရဓာတ်များကို ရရှိစေရန် လုပ်ဆောင်ပေးသည်။ ကြက်သွန်နီ၊ ကြက်သွန်ဖြူထဲတွင်လည်း ပိုးမွှားများကို သေစေနိုင်သော အားများ ပါဝင်သည်။ ခုခံအားကိုလည်း တိုးပွားစေသည်။

          အဖြူရောင်ပါသော အစားအစာများမှာ ဆန်၊ ကောက်ညှင်း၊ ကြာစေ့၊ တရုတ်ဆီးသီး၊ မျောက်ဥ၊ မျှစ်၊ ဂေါ်ဖီထုပ်၊ ပန်းပွင့်၊ ကျောက်ဖရုံသီး၊ မုန်လာဥ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ ၊ ကောက်ရိုးမှို၊ သစ်တော်သီး၊ ကျွဲကောသီး၊ အုန်းသီး၊ တို့ဖူး၊ ပဲနို့ရည်၊ နွားနို့၊ နို့ခဲ၊ ဒိန်ခဲ၊ ပင်လယ်ကျောက်ပွင့်၊ ကြက်သား၊ ငါးအမျိုးမျိုးနှင့် ဥအမျိုးမျိုး တို့ စသည်တို့ ဖြစ်သည်။


(၅) အမည်းရောင်

          အမည်းရောင်ပါသော အစားအစာများသည် ကျောက်ကပ်အတွက် အဓိကကောင်းစေသည်။ အမည်းရောင်အစားအစာများတွင် ပါဝင်သော အဓိက အာဟာရမှာ သံဓာတ်၊ ဗီတာမင်၊ ကယ်လ်စီယမ်၊ ဇင့်ဓာတ်၊ ကန့်ညို (ဆီလီနီယမ်)၊ အန်သိုဆိုင်အင်နီဒီ (Anthocyanidin) ဓာတ်တို့ ပါဝင်သည်။

          အမည်းရောင်ပါသော အစားအစာများ၏ အပေါ်ယံအခွံတွင် အန်သိုဆိုင်အင်နီဒင်ဓာတ် အဓိကပါဝင်သည်။ ထို့ကြောင့် ခန္ဓာကိုယ်နှင့် သွေးရည်ထဲတွင်ရှိသော မကောင်းသောအရာများကို ဖယ်ရှားပေးမည်။

          အမည်းရောင် အစားအစာများ စားဖြင်းဖြင့် အရေပြား စိုစွတ်လှပစေရန် ကူညီပေးသည်။ အိုမင်းရင့်ရော်မှုကို နှောင့်နှေးစေသည်။ ဆံပင်ကို မည်းနက်စေသည်။ ဇီဝစွမ်းရည်ကို ထိန်းညှိပေးသည်။ ကင်ဆာကို ကာကွယ်ပေးသည်။ မျိုးပွားခြင်းကို ကောင်းကျိုးပေးနိုင်သည်။ အညစ်အကြေးများ စွန့်နိုင်အောင် လုပ်ဆောင်ပေးသည်။

          အမည်းရောင်ပါသော အစားအစာများမှာ - နှမ်းနက်၊ ခရမ်းသီး၊ စပျစ်သီး၊ ဆီးသီးနက်၊ ပဲနက်၊ ပိုးစာသီး၊ သစ်ချသီး၊ ပင်လယ်ရေညှိ အနက်ရောင်၊ ကြွက်နားရွက်မှို၊ မှိုမွှေး စသည်တို့ ဖြစ်သည်။

Credit : ယမုံအေး (စမ်းချောင်း)

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18