Print

ချင်း (ဂျင်း) တက် အစွမ်းအံ့မခန်း

  16-Jun-2019
Preview Image

ချင်း Ginger ကို ဟင်းခတ်အမွှေးအကြိုင်အဖြစ် ရှေးပဝေသဏီကတည်းက သုံးခဲ့ကြသည်။ ချင်း(ဂျင်း) မှာ ရောင်ရမ်းတာ ကျစေတာ ၊ ဓာတ်တိုးပစ္စည်း ဆန့်ကျင်တာ၊ ဗက်တီးရီးယားပိုးမွှားတွေကို သေစေနိုင်တာအပြင် ကိုယ်ခန္ဓာကျန်းမာရေး ပိုကောင်းစေတဲ့ အာဟာရဓာတ်တွေပါ ကြွယ်ဝပါတယ်။


ချင်း(ဂျင်း) ရဲ့ ကျန်းမာရေး အာနိသင်များ

          ကိုယ်ခန္ဓာထဲရှိ အဆီတွေကို လောင်ကျွမ်းခြေဖျက်တာ မြန်စေတယ်။ ကား၊ ရထား လေယာဉ် နဲ့ အခြားယာဉ် တစ်ခုခုစီးလို့ ပျို့အန် မူးဝေတာ ပျောက်ကင်းသက်သာစေတယ်။ ရာသီလာချိန် ဗိုက်နာတာ ၊ နာကျင်ကိုက်ခဲတာ သက်သာစေတယ်။ အစာအိမ်နဲ့ အူလမ်းကြောင်းကနေ အစာကြေချက်မှုကို မြန်ဆန်စေသလို အစာအိမ်ရောဂါ ပြဿနာရှိရင်လည်း သက်သာစေတယ်။

          ကိုယ်ခန္ဓာကျန်းမာရေးအတွက်ဖြစ်စေ၊ အထက်ပါ အာနိသင်တွေဖို့ ဖြစ်စေ၊ ချင်း(ဂျင်း) ဖျော်ရည် သို့မဟုတ် ချင်း(ဂျင်း) ပြုတ်ရည်ကို ဖန်ခွက် အနည်းငယ် နေ့စဉ် သောက်ပေးသင့်တယ်။

လိုအပ်တာတွေက ချင်း(ဂျင်း) တစ်လက်မခန့် ပူစီနံရွက် လက်တစ်ဆုပ်၊ ရေ၊ သံပရာရည်၊ သစ်ကြမ်းပိုးခေါက် အမှုန့် အနည်းငယ်တို့ လိုအပ်ပါတယ်။

          ရေတစ်ဖန်ခွက်ကို ပွက်လာအောင် အပူပေးပြီး ပွက်လာရင် ချင်း(ဂျင်း) နုပ်နုပ်စဉ်းထားတာနဲ့ ပူစီနံ လက်တစ်ဆုပ်ကို ထည့်ပြုတ်ပေးပြီး ၁၅ မိနစ် ဆက်ထားပါ။ ပြီးရင် ဆန်ကာနဲ့ စစ်ပြီး အအေးခံကာ ခပ်နွေးနွေးရောက်ရင် သံပရာသီး တစ်ခြမ်းညှစ်ထည့် ၊ သစ်ကြမ်းပိုးခေါက်မှုန့် လက်ညှိုးနဲ့ လက်မကြား ပါသလောက် (တတို့လောက်) ဖြူးထည့်ပေးပါ။ ဇွန်းနဲ့ အသာမွှေကာ ခပ်နွေးနွေး အနေအထားမှာ နံနက် ၊ ညနေ အနည်းဆုံး တစ်ခွက်စီ သောက်ပေးနိုင်ပါတယ်။ အဲလိုသာ နေ့စဉ် သောက်ပေးရင် ကျန်းမာရေးလည်း ပိုကောင်း၊ အဆီလည်းကျ ကိုယ်ရေလည်းစစ်ပြီး နေလို့ထိုင်လို့ ပိုကောင်းလာပါလိမ့်မယ်။ ဆီးချို၊ သွေးတိုး၊ နှလုံး ရောဂါ၊ ကင်ဆာရောဂါတွေကို အဲဒီရောဂါတွေ ရှိနေရင်လည်း ဝေဒနာ သက်သာစေပါတယ်။

          ချင်း(ဂျင်း) ကို ဖျော်ရည်ထဲ သံပရာရည်ထဲ ထည့်သောက်ကြသလို ဟင်းခတ်အမွှေးအကြိုင်အဖြစ် ဘာ ဟင်းချက်ချက်ထည့်ချက်ကြတယ်။ ချင်း(ဂျင်း) လတ်လတ်ဆတ်ဆတ် ကို ပါးပါးလွှာထုထောင်း၊ အရည်ညှစ်ကာ လက်ဖက်ရည် ထဲလည်း ထည့်သောက်သလို မုန့်အမျိုးမျိုး လုပ်စားရာမှာလည်း ထည့်သုံးကြတယ်။


အကျိုးများတဲ့ ချင်း(ဂျင်း) ရဲ့အာနိသင်တွေ

၁။ ဗိုက်ဆာလောင်စိတ်မရှိ၊ စားချင်သောက်ချင်စိတ် ကုန်ခန်းနေသလား။ ရေစင်အောင်ဆေး အခွံနွှာထားတဲ့ ချင်းလက်မဝက်လောက်ကို အစာမစားခင် နည်းနည်းချင်း ဝါးစားပေးပါ။ စားချင်သောက်ချင်စိတ် ဖြစ်လာစေသလို ၊ အစာကြေညက်မှုကိုလည်း အားပေးတာ တွေ့လာရပါလိမ့်မယ်။

၂။ ချင်း(ဂျင်း) အနည်းငယ် စားပေးတာက စားလိုက်တဲ့ အစာအာဟာရတွေ အမြန်ကြေညက်စေပြီး အူကနေ ကိုယ်ခန္ဓာအတွက် မရှိမဖြစ် အာဟာရတွေ စုပ်ယူအသုံးပြုတာ လွယ်ကူချောမွေ့စေပါတယ်။

၃။ ချင်း(ဂျင်း) ရဲ့ အာနိသင်တစ်ခုက ကိုယ်ခန္ဓာရဲ့ ဆံချည်မျှင်သွေးကြောအဖွဲ့ထဲက အညစ်အကြေးတွေကို ရှင်းလင်းပေးနိုင်သလို နှာခေါင်းပတ်လည်က လေအိုးတွေကိုလည်း သန့်ရှင်းစင်ကြယ်စေခြင်းအားဖြင့် အေးတဲ့ ရာသီတွေမှာ ကာကွယ်ပေးနိုင်တယ်။

၄။ လေယာဉ်စီးလို့ ၊ ကားရထားစီးလို့ ၊ ခေါင်းမူး၊ ပျို့အန်နေသလား။ ပျားရည်စိမ်ထားတဲ့ ချင်း အနည်းငယ် ( လက်မဝက်ခန့် ) စားလိုက်ရုံနဲ့ သက်သာပျောက်ကင်းစေတယ်။ ချင်း(ဂျင်း) လက်မဝက်ခန့်ကို ထောင်းထု အရည်ညှစ်ပြီး ပျားရည် လက်ဖက်ရည် ဇွန်းတစ်ဇွန်းနဲ့ စပ်သောက်ရင်ကို ပျောက်ကင်းစေတယ်။

၅။ အဆက်မပြတ် ကြို့ထိုးနေရင် လေပျို့လေအန်ဖြစ်နေရင် ချင်းပြုတ်ရည် တစ်ဖန်ခွက် သို့မဟုတ် ချင်းလက်တစ်ဆစ်အရည်ညှစ်နဲ့ သံပရာသီးတစ်လုံး အရည်ကို ဖန်ခွက်တစ်လုံးစာ ရေနဲ့ ရောဖျော်ထားတဲ့ ချင်း(ဂျင်း) ဖျော်ရည် သောက်ပေးနိုင်တယ်။

၆။ ရာသီလာလို့ ဗိုက်နာနေရင် ၊ လေထိုးလေအောင့်လို့ ဗိုက်မအီမသာ ဖြစ်နေရင် ၊ ချင်းပြုတ်ရည်သာ သောက်ပေးရင် မကြာခင်သက်သာသွားစေတယ်။

၇။ အဆစ်အမြစ် ရောင်ရမ်းနာကျင်ကိုက်ခဲနေရင် ချင်းတက် တစ်လက်မခန့် ပါးပါးလှီးပြီး ရေ ၂၀၀ မီလီမီတာနဲ့ ပြုတ်၊ ဆူပွက်ပြီးမှ အအေးခံပြီး ပျားရည်လက်ဖက်ရည် တစ်ဇွန်းနဲ့ သံပရာသီးတစ်လုံး သို့မဟုတ် တစ်ခြမ်းအရည်ညှစ်ထည့် သေချာမွှေကာ နေ့စဉ် သောက်ပေးရင် အဆစ်ရောင် ကျစေသလို နာကျင်ကိုက်ခဲတာတွေပါ သက်သာပျောက်ကင်းစေတယ်။

၈။ ခွဲစိတ်ပြီးကာစအချိန် ပျို့အန်နေရင်၊ ချင်းတက် အပိုင်းအစ အနည်းငယ်ကို ဝါးမျိုပေးရင် ၊ ပျို့အန်တာ နေထိုင်မကောင်းမအီမသာ ဖြစ်တာကို သက်သာစေတယ်။

၉။ လက်ဖက်ရည်ထဲ ၊ ရေနွေးကြမ်းထဲ ချင်း နုပ်နုပ်စဉ်းထားတာ သို့မဟုတ် ချင်း (ဂျင်း) အရည် အနည်းငယ်ထည့်သောက်ပေးရင် လည်ချောင်းနာတာ၊ ယားတာ၊ နှာခေါင်းပိတ်တာ သက်သာပျောက်ကင်းစေတယ်။ အဲဒီလက်ဖက်ရည်အနံ့ကို ရှူရှိုက်ပေးရင်လည်း ပူနွေးပြီး မွှေးပျံ့တဲ့ ရနဲ့ကြောင့် နှာခေါင်းပိတ်တာတောင် ၊ သက်သာစေတယ်။

၁၀။ နေရအိပ်ရတာ စိတ်မရွှင်မလန်းဖြစ်နေတယ်ဆိုရင် ကြက်၊ ငါးစွပ်ပြုတ်ထဲမှာ ချင်း(ဂျင်း) အနည်းငယ် ထုထောင်းထည့်ပြီး သောက်ရင် စိတ်ကြည်လင် လန်းဆန်းလာစေတယ်။

၁၁။ ခေါင်းကိုက်ခေါင်းခဲ နေရင် ချင်း(ဂျင်း) ပြုတ် ရည်သောက်တာအပြင် ချင်း(ဂျင်း) ပါးပါး လွှာထားတာလေးကို နားထင်မှာ ကပ်ပေး ရင်လည်း သက်သာစေတယ်။

ဈေးလည်းမကြီး၊ ဘေးထွက်ဆိုးကျိုးလည်းနည်းတဲ့ အိမ်တွင်းဆေးဖက်ဝင် ချင်း(ဂျင်း) တက်ကို အထက်ပါအတိုင်း နေ့စဉ် သုံးစွဲပေးရင် အဝလွန်ရောဂါနဲ့ လူကို ထိခိုက်စေတဲ့ ရောဂါအမျိုးမျိုးမှ ကာကွယ်ပေးနိုင်ပါသည်။

Credit : ဒေါက်တာ မြမြချယ်



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18