Print

ပင်လယ်အစားအစာနှင့် ကျန်းမာရေး

  12-Jun-2019
Preview Image

ယနေ့ခေတ်အခါတွင် ပင်လယ်ခရု၊ ကမာမုတ်ကောင်၊ ယောက်သွား၊ ဂဏန်း၊ ငါးကြီး၊ ပုဇွန်ထုပ်၊ ကျောက်ပုဇွန် အစရှိသော ပင်လယ်စာများတို့ကို အလွန်ကြိုက်နှစ်သက်ကြပြီး ဟိုတယ်အမျိုးမျိုးနှင့် စားသောက်ဆိုင်များတွင် အတော်များများ ရောင်းချလျက်ရှိကြ၏။


          စားဖိုမှူးတို့သည် ပင်လယ်ခရု၊ ကမာ၊ မုတ်ကောင်များကို ဂျုံမှုန့် နှင့်နယ်ပြီး တရုတ်မဆလာထည့်၍ အမျိုးမျိုးကြော်စားကြသည်။ ၎င်းပင်လယ်စာအကြော်များကို ဆလတ်ရွက်အစိမ်း၊ တရုတ်နံနံ ၊ ကြက်သွန်မြိတ်နှင့် တွဲဖက်စားသောက်ကြသည်။ အာဟာရဓာတ်နှင့် ပြည့်ဝလှပေသည်။ အရသာရှိလှပေသည်။


          သို့ရာတွင် ယင်းပင်လယ်စာများတွင်မူ ကပ်ပါးပိုး၊ ကူးစက်ရောဂါပိုးအမျိုးမျိုးကပ်ငြိ ပါလာတတ်သည်ဖြစ်ရာ အစိမ်းသုတ်စားလျှင်သော်လည်းကောင်း၊ မကျက်တကျက် ကြော်လှော်ချက်စားလျှင်သော်လည်းကောင်း ကူးစက်ရောဂါပိုးများသည် မိမိ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပြီး အစာအိမ်အဆိပ်သင့်၍ နှလုံး၊ အသည်း ၊ အဆုတ်၊ ကျောက်ကပ် တို့ကို ထိခိုက် ပျက်စီးတတ်ပေသည်။


 အောက်ဖော်ပြပါ ဆိုးကျိုးများ ဆွဲကပ် ဖြစ်ပွားတတ်၏။ ၎င်းဆိုးကျိုးရောဂါဝေဒနာများမှာကား -

(၁) သွေးခဲခြင်း

(၂) သွေးကြောပိတ်ခြင်း

(၃) အဖျားတက်ပြီး ကိုယ်အပူချိန်တော်ရုံနှင့် မကျခြင်း

(၄) ကျောက်ကပ်ပုံမှှန် အလုပ်မလုပ်နိုင်တော့ခြင်း

(၅) ဆီးနည်း၊ ဆီးဝါ၊ ဆီးချုပ်ခြင်း၊ ဆီးပိတ်ခြင်း

(၆) ခြေဆစ်လက်ဆစ် နာကျင်ကိုက်ခဲခြင်း

(၇) နှာခေါင်းသွေးယိုစိမ့်ခြင်း

(၈) နောက်ဆက်တွဲ ရောဂါအမျိုးမျိုး စွဲကပ်ဖြစ်ပွားခြင်း

(၉) သွေးထဲတွင် အဆိပ်သင့်ခြင်း (Septicemia) ဖြစ်ပွားပြီး အသက်ဆုံးရှုံးဖြစ်ပွားတတ်ပေသည်။ ကျန်းမာရေးအတွက် အလွန်အန္တရာယ် များလှပေသည်။

Septicemia သည်ကား မြန်မာလို သွေးမန်းတက်ရောဂါ (ဝါ) သွေး ပိုးစွဲရောဂါ ဟုခေါ်ပါသည်။ အလွန်ပင် ကြောက်စရာကောင်းလှပေသော ရောဂါဆိုးတစ်မျိုးဖြစ်ပေသည်။

 

         ထို့ပြင် ဆလတ်ရွက်သည်လည်း ကျန်းမာရေးအတွက် အာဟာရ ပြည့်ဝလှသော အစိမ်းစား၍ရသော ဟင်းရွက်ဖြစ်သည့်အတိုင်း ၎င်းဟင်းရွက်များ ကပ်ပါးပိုးများ အတော်များများ ငြိကပ်ပါရှိနေသည်ဖြစ်ရာ ၊ ရေနွေးဖြင့် (၁၀) မိနစ်ခန့် စိမ်စားသင့်ပေသည်။ အထူးသတိပြုဆင်ခြင်သင့်ပါသည်။

Credit : ကေတီအောင်သိန်း (ရန်ကုန်တက္ကသိုလ်) 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18