Print

အစာအဆိပ်သင့်ခြင်းနှင့် ထိရောက်သော ကျန်းမာရေးစောင့်ရှောက်မှု

  09-Apr-2019
Preview Image

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ် မှာ ၂၀၁၂ ခုနှစ် တစ်ကြိမ်၊ ၂၀၁၄ ခုနှစ်မှာ တစ်ကြိမ် ၂၀၁၆ ခုနှစ်မှာ တစ်ကြိမ်နဲ့ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် မတ်လ ၂၃ ရက်မှာ  “အိမ်တစ်လုံး” ကျေးရွာမှာ လူ ၃၆၀ မှ ၇၀၀ ရွာလုံးကျွတ် ရှင်ပြုပွဲအလှူ မှ ထမင်း၊ ငါးသလောက်ပေါင်း၊ ငံပြာရည်ကြော်၊ ပိန္နဲ ပြုတ် နဲ့ မယ်ဇလီ ဟင်းချိုတို့ စားမိလို့ အစာအဆိပ်သင့် ဖြစ်ပွားခဲ့တာကြောင့် မြောင်းမြဆေးရုံကြီးကို လူနာ ၃၅၀ ကျော်ရောက်ရှိခဲ့တဲ့ ဖြစ်စဉ်တွေ ရှိခဲ့တယ်။


အဲဒီအလှူမှာ မယ်ဇလီဟင်းချိုသောက်မိရာက အန်တာ၊ မူးဝေတာနဲ့ ဝမ်းသွားတာ ၊ ကိုယ်လက်မအီမသာဖြစ်ပြီး ဖျားတာဖြစ်သွားခဲ့ကြောင်း ၊ အနီးရှိကျေးရွာသုံးရွာမှှ အပါအဝင် လူဦးရေ ၁၅၀၀ကျော် စားသောက်ခဲ့ပြီး ည၆နာရီခန့်မှာ အစာအဆိပ်သင့်ကာ မြောင်းမြပြည်သူ့ဆေးရုံရောက်ရှိခဲ့ကြကာ နေရာမဆံ့တော့လို့ အနီးရှိ ရွှေသာလျောင်းဘုရားကြီးဝန်းအတွင်း တန်ဆောင်းများတွေထဲ ယာယီနေရာချထားရကာ တပ်မတော်ကလည်း ရွာကိုလာကုပေးနေကြောင်း၊ ဆေးရုံက ကျန်းမာရေးအဖွဲ့လည်းလာကုပေးလို့ နှစ်ရက်အတွင်း သေဆုံးသူမရှိ ၊ ပျောက်ကင်းကာ ဆေးရုံဆင်းသွားပြီဖြစ်ကြောင်း သိရှိရပါတယ်။ လူကြီး ၂၂၈ ဦး၊ ကလေး ၇၉ဦး ပေါင်း ၃၆၇ ဦး ၊မြောင်းမြပြည်သူ့ဆေးရုံတက်ရောက်ခဲ့ရတယ်။ မနက်ပိုင်း ဆွမ်းကပ်တဲ့ သံဃာတော်တွေမှာ မဖြစ်ဘဲ ညနေပိုင်းစားသောက်မိသူတွေမှာ ညနေ ၆ နာရီကစဖြစ်ကြောင်း တွေ့ရတယ်။ အစာအဆိပ်သင့် လူနာအားလုံး အသက်အန္တရာယ် စိုးရိမ်ဖွယ်ရာမရှိဘဲ ဆေးရုံပြန်ဆင်းနိုင်ခဲ့တာ ပဲဖြစ်တယ်။


ဒီလိုအစာအဆိပ်သင့်မှုတွေ ကျေးရွာက အလှူတွေ ၊ မြို့က အလှူတွေ မှာ မကြာခဏဖြစ်တတ်တယ်။ ရန်ကုန် ၊ မန္တလေးမြို့ကြီးတွေမှာတော့ (FDA) လက်မှတ် ရပြီးသား ဒံပေါက်ဆိုင်၊ ထောပတ်ထမင်းဆိုင်၊ မုန့်ဟင်းခါးဆိုင် တွေက အစားအစာကို အော်ဒါပေးချက်ပြုပ်ထားတာ ၊ အသင့်စားဖော့ဘူးတွေထဲထည့်ပြီးကမ်းလိုက် ၊ဧည့်ခံလိုက်ရတာဆိုတော့ အစာအဆိပ်သင့်ဖြစ်ရင် အဲဒီဆိုင်၊ ယာယီပိတ်ထားပြီး အရေးယူလို့လွယ်တယ်။ မြန်မာရိုးရာဓလေ့ထုံးတမ်းအရ “တောကအလှူ” ကတော့ မြို့ကြီးတွေနဲ့အလှမ်းဝေးလို့ ရပ်ရွာထဲအလှူတွေလိုက်ပြီး ချက်ပြုပ်ပေးကြ ၊ လူပေါင်းစုံ ၊ လက်ပေါင်းစုံနဲ့ အသား၊ ဟင်းသီးဟင်းရွက် ၊ ဟင်းခတ်အမွှေးအကြိုင်တွေကအစ ကျန်းမာရေးအရ အဆင့်ဆင့် ကန့်သတ်ထားတာမရှိဘူး။ ပြောရရင် လုံခြုံစိတ်ချရတဲ့အစားအစာ (Safety Diet) မရှိတဲ့ အစားအစာကို ဝိုင်းပြီးစားသောက်ကြတာ။ ဖြစ်လိုက်ရင် ကျော်မကောင်း ကြားမကောင်း ဖြစ်ရတယ်။ အသားကအစ လိုင်စင်ယူပြီးပေါ်တဲ့ဒိုင်က မဝယ်ဘဲ ကိုယ်မွေးထားတဲ့ အရှင်ဝယ်ပြီး အချို့လည်း ရောဂါတစ်ခုခုကြောင့် သေဆုံးရတဲ့ တိရစ္ဆာန်တစ်ကောင်ရဲ့ အသားနဲ့ချက်ပြုပ် ခုတ်ထစ်စားမိလို့ “ထောင့်သန်း” ကြောင့် သေဆုံးရတဲ့ အမဲသားစားမိလို့ လူမှာ “ထောင့်သန်း” ရောဂါရတယ်။


မြောင်းမြပြည်သူ့ဆေးရုံကို အစာအဆိပ်သင့်လို့ လူနာ ၃၆၇ ဦးတက်ရောက်ရတာမျိုး အထိမရှိသေးပေမယ့် တချို့ မရှူနိုင် ၊ မကယ်နိုင် “အစာအဆိပ်သင့်” သေဆုံးရတဲ့ ဖြစ်စဉ်တွေ တောရွာအလှူတွေ မှာရှိနေတယ်။ အစာအဆိပ်သင့် အထက်လှန်အောက်လျှော မဟုတ်တောင် ဝမ်းလျှော ၊ဝမ်းပျက် လို့ ဆေးရုံရောက်ကြရပါတယ်။ ရွာတချို့မှာ ယင်လုံအိမ်သာ အသုံးမပြုဘဲ ယင်မလုံတဲ့တွင်း အိမ်သာမှာ မစင်စွန့်လို့ ယင်ကောင်များပေါများတာ ၊ အိမ်သာနဲ့ရေတွင်း ပေ၅၀ မကွာလို့ သောက်သုံးရေအတွင်း ညစ်ညမ်းရေတွေ စီးဝင်ခြင်း ၊မြစ်ချောင်းမှ ရေကို မသန့်စင်ဘဲ သောက်သုံးတာ ၊ယင်အုံ ၊ ယင်နားစာစားသောက်ကြမိတာ ၊ မလတ်ဆတ်တဲ့ အစာ၊ သိုးနံ့ထွက်တဲ့အစာ များစားသုံးမိတာ ၊ ချောင်းရေနဲ့ အိုးခွက်ပန်းကန်တွေ ဆေးကြောတာ ၊ ချောင်းရေမြစ်ရေကို မကျိုချက်ဘဲ သောက်တာ၊ အစာမစားသောက်ခင်နဲ့ မစင်စွန့်ပြီးချိန်၊ လက်ပေကျံနေချိန်မှာ လက်ကို ဆပ်ပြာ၊ ရေနဲ့ စက္ကန့် ၅၀ ကျော်ကြာ စင်ကြယ်အောင် မဆေးတာ၊ တစ်ကိုယ်ရေသန့်ရှင်းမှု နည်းပါးတာ ၊ အစားအသောက်ကိုင်တွယ် ထည့်ပေးသူတွေ တစ်ကိုယ်ရေ ကျန်းမာရေး အားနည်းတာတွေကြောင့် အစာအဆိပ်သင့်တာနဲ့ ဝမ်းလျှောဝမ်းပျက်ရောဂါ ဖြစ်ပွားခဲ့ရပါတယ်။


ထိရောက်တဲ့ကျန်းမာရေးစောင့်ရှောက်မှု ငါးမျိုးက အစားကတစ်ဆင့် ကူးစက်တဲ့ ရောဂါတွေ ကာကွယ်ဖို့ ဆောင်ရွက်ချက် ငါးချက်ရှိပါတယ်။

(၁) ပိုမိုကောင်းမွန်တဲ့ လူတို့ရဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေး အစာမစားမီ လက်ကိုစင်ကြယ်အောင် ဆေးကြောတာနဲ့ မသန့်ရှင်းတဲ့ လက်က ရောဂါကူးစက် နိုင်မှု အပေါ်လွှမ်းခြုံ ဖြတ်တောက်ပစ်နိုင်ရေး။

(၂) အသားအသောက်ထည့်မည့် အသုံးအဆောင်ပန်းကန်၊ ခွက်၊ အိုးတွေအပြင်၊ ရေခဲသေတ္တာ သန့်ရှင်းရေး။

(၃) အစားအသောက်လှီးဖြတ်စားသောက်နိုင်မည့် ဓား၊ ခက်ရင်း၊ ဇွန်းတူ စတာတွေကို သန့်ရှင်းစင်ကြယ်ရေး။

(၄) အစားအသောက်ချက်ပြုပ်ကိုင်တွယ်မယ့် အိမ်အကူတွေ ၊ ဆိုင်ဝန်ထမ်းတွေ ၊သန့်ရှင်းစင်ကြယ်ရေး။

(၅) မချက်ပြုပ်မီနဲ့ ချက်ပြုပ်ပြီး ထားရှိမည့် နေရာသန့်ရှင်းစင်ကြယ်ရေး ၊ ရေခဲသေတ္တာ နှစ်လုံးထားရေးတို့ ပါဝင်ပါတယ်။

မြို့ကြီးတွေက ဟိုတယ်၊ စားသောက်ဆိုင်တွေမှာ “ကြယ်” အဆင့်ရယူထားရင်း ဝန်ထမ်းတွေ ကျန်းမာရေး ၊ ပညာပေးတာ၊ လက်တွေ့ လိုက်နာဆောင်ရွက် စေတာတွေ အပေါ် မှတ်တမ်း ထားရှိရမယ်။ လစဉ်ခြေသည်းလက်သည်း စစ်ဆေးခြင်း၊ အရေပြားအနာများ ၊ တံတွေး၊ နှပ်ရည်၊ လက်ကြားက နမူနာ (Sample for Nasal and Hand Swabs) ယူတာတွေ၊ မှတ်တမ်းတွေ ထားရှိသင့်ပါတယ်။ ပုံမှန် စစ်ဆေးခံသင့်တယ်။

Credit : ဒေါက်တာ လွင်သန့်



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18