Print

ကင်ချီနှင့် ကျန်းမာရေး အပိုင်း(၂)

  29-Mar-2019
Preview Image

အဝလွန်ခြင်းကို ကာကွယ်ပေးခြင်း

ကင်ချီတွင်ပါသော အကျိုးပြုဘက်တီးရီးယားများနှင့် အမျှင်ဓာတ်ကြောင့် အစားစားချင်စိတ်ကို ထိန်းထားနိုင်စေသလို သွေးတွင်း သကြားဓာတ်ကိုလည်း ထိန်းညှိပေးသည်။ အကျိုးဆက်အားဖြင့် မကြာမကြာ အစားစားချင်စိတ် မဖြစ်တော့ဘဲ အဝလွန်ခြင်းကိုပါ အလိုလိုထိန်းချုပ်ထားပြီးသား ဖြစ်သွားစေသည်။


ကိုယ်ခံအား ကောင်းစေခြင်း

ကင်ချီတွင်ပါသော Flavonoids နှင့် Phenolic ဓာတ်တို့ကြောင့် ကိုယ်ခံအားကို မြှင့်တင်ပေးစေနိုင်သည်။ထို့ပြင် ကင်ချီတွင် ထည့်လေ့ရှိသည့် ချင်း၊ ကြက်သွန်ဖြူ နှင့် ငရုပ်သီးများကြောင့်လည်း ခုခံအားဆဲလ်များကို အားတိုးစေနိုင်သည်။ ထို့ကြောင့် ကင်ချီစားသုံးခြင်းဖြင့် တော်ရုံ အဖျားအနာ များကို ကာကွယ်ပေးစေနိုင်ရုံမျှသာမက အအေးမိခြင်းနှင့် တုပ်ကွေးမိခြင်းများကိုပါ သက်သာပျောက်ကင်းစေနိုင်သည်။


အရွယ်တင်စေခြင်း

ကင်ချီတွင်ပါသော အင်တီအောက်ဆီဒင့်များနှင့် ဗီတာမင်စီ ကြောင့် အိုမင်းမှုကို ဟန့်တား ပေးနိုင်ကြောင်းတွေ့ရသည်။ ဓာတ်တိုးဆန့်ကျင်ပေးသည့် အင်တီအောက်ဆီးဒင့်များကြောင့် ဆဲလ်များအတွင်ဖြစ်ပေါ်လေ့ရှိသည့် ရောင်ယမ်းမှုဖြစ်စဉ်များကို လျှော့နည်းစေပြီး အရွယ်တင်နုပျိုစေနိုင်ခြင်းဖြစ်သည်။


ကင်ဆာကို ကာကွယ်ပေးခြင်း

ကင်ချီသည် ကင်ဆာရောဂါ များစွာကို ကာကွယ်ပေးနိုင်စွမ်းရှိသည့် အစားအစာတစ်မျိုးဖြစ်သည်။ ကင်ချီလုပ်ရာတွင် ပါသောအသီးအရွက်များရှိ ဖလေဗီးနွိုက် ဓာတ်ပေါင်းများက ကင်ဆာဆဲလ်ပွားများမှုကို လျှော့နည်းစေနိုင်သည်။ ထို့ပြင် ကင်ချီတွင် Glucosinolates ပါဝင်ပြီး ထိုဓာတ်က ကင်ဆာဆဲလ် ကြီးထွားမှုကို ဟန့်တားပေးနိုင်ကြောင်း တွေ့ရသည်။


ဆီးချိုထိန်းပေးနိုင်ခြင်း

ကင်ချီသည် ဆီးချိုသမားများအတွက် လည်းသင့်လျော်သော ဓာတ်စာတစ်မျိုးဖြစ်သည်။ ဆီးချိုဝေဒနာသည်များကို ကင်ချီအခြေခံသည့် အစားအစာများဖြင့် ကျွေးမွေးသုတေသန လုပ်ကြည့်သောအခါ သွေးတွင်းသကြားဓာတ်ပါဝင်မှုကို ထိန်းထားနိုင်သလို နံနက်စောစော သွေးချိုဓာတ်ကိုလည်း လျော့ကျစေနိုင်ကြောင်း တွေ့ရသည်။


အစာအိမ်အနာကို သက်သာစေနိုင်ခြင်း

ကင်ချီတွင်ပါသောလက်တိုဗတ်စလပ်အကျိုးပြု ဘက်တီးရီးယားများကြောင့် အစာအိမ်အနာဖြစ်ခြင်း၊ အစာအိမ်ရောင်ခြင်းတို့ကို ဖြစ်စေသော ရောဂါပိုးများကို ဟန့်တားပေးနိုင်သည်။ထို့ကြောင့် အစာအိမ်ရောဂါရှိသူများအတွက်လည်း ကင်ချီသည် ဆေးဝါးဓာတ်စာသဖွယ် စားသုံးသင့်သည်။


ကင်ချီ၏ဆိုးကျိုးများ

အရာရာသည် အကောင်းနှင့် အဆိုးဒွန်တွဲနေသည့် နည်းတူ ကင်ချီတွင်လည်း အကောင်းအားလုံးစုနေသည်ဟု မဆိုနိုင်။ ကျန်းမာရေးအတွက် ကောင်းကျိုးများစွာရိသော်လည်း တန်ဆေးလွန်ဘေး ဆိုသကဲ့သို့ အလွန်အကျွန်စားသုံးပါက အစာအိမ်ကင်ဆာဖြစ်နိုင်ကြောင်း တချို့သော သုတေသနတွေ့ရှိချက်များက ဆိုသည်။ သို့သော် ကင်ချီကိုသာမန်စားရုံမျှဖြင့် ထိုသို့မဖြစ်နိုင်ဘဲ ကင်ချီသက်သက်ကို နှစ်နှင့်ချီစားမှသာ ဖြစ်နိုင်သည့်သဘောဖြစ်သည်။ထို့ပြင် ကင်ချီတွင် အချဉ်ဖောက်ထားသည့်အတွက် အလွန်အကျွန်စားပါက ရင်ပြည့်ရင်ကယ် မအီမသာ ဖြစ်နိုင်သည်။ တချို့ ကင်ချီများတွင် ဆားများများထည့်တတ်သည့်အတွက် ဆားများသော ကင်ချီဖြစ်ပါက သွေးတိုးရောဂါရှိသူများ သတိထားစားသင့်သည်။


ကင်ချီလုပ်နည်း

ကင်ချီလုပ်နည်းမှာ မခက်ခဲလှပေ။ ကင်ချီလုပ်ရာတွင် လိုအပ်သော ပစ္စည်းအမယ်များမှာလည်း အလွယ်တကူပင် ဝယ်ယူရရှိနိုင်ပါသည်။ ကင်ချီဟုဆိုသော်လည်း ဒေသအလိုက် လုပ်ပုံအနည်းငယ် ကွာခြားသလို အရသာမှာလည်း ကွာခြားတတ်ပါသည်။ ကင်ချီလုပ်ရန်အတွက် ကိုရီးယားမုန်ညင်းဖြူ၊ မုန်လာဥဖြူ ၊ မုန်လာဥနီ၊ ပန်းသစ်တော်သီး၊ ငံပြာရည်၊ ငရုပ်သီးမှုန့် ၊ ချင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်၊ ဆားနှင့် သကြားတို့ကို လိုအပ်သည်။ ပထမဦးစွာ မုန်ညင်းဖြူကို ဆားအနည်းငယ် ထည့်ထားသော ရေကျက်အေးထဲတွင် အနည်းဆုံး ၈ နာရီကြာ (တစ်ည) စိမ်ထားရပါမည်။ ထို့နောက် မုန်လာဥဖြူ၊ မုန်လာဥနီတို့ကို လက်တွန်းဖြစ်ဖြင့် ဖြစ်ထားပါ။ ကြက်သွန်မြိတ်ကို လက်တစ်ဆစ်စာ အရွယ် လှှီးဖြတ်ထားပါ။ ကြက်သွန်ဖြူ၊ ချင်းတို့ကို ညက်အောင်ထောင်းထားပါ။ သစ်တော်သီး ကိုဇကာဖြင့် အနှစ်တိုက်ထားပါ။ ဇလုံတစ်ခုထဲတွင် ချင်း၊ ကြက်သွန်ဖြူ ထောင်းထားသည်များနှင့် ငရုပ်သီးအစိမ်းမှုန့် ၊ဆား၊ သကြား၊ သစ်တော်သီး အနှစ်၊ ငံပြာရည် တို့ထည့်ကာ ရေအနည်းငယ်ဖြင့် မပျစ်မကျဲနယ်ပါ။ ထိုအထဲသို့ ကြက်သွန်မြိတ်၊ မုန်လာဥနီ၊ မုန်လာဥဖြူများကိုထည့်ကာ သမအောင်နယ်ပါ။ အရသာ မြည်းကြည့်ပြီး အချိုအငန် လိုသလိုထည့်ပါ။ အရသာ အလောတော်လောက်ရှိပါက ဆားရည်စိမ်ထားသော မုန်ညင်းထုပ်၏ အလွှာတစ်ခုချင်းစီအတွင်းသို့ ထိုအနှစ်များကို နှံ့စပ်အောင် သုပ်လိမ်းပါ။အလွှာအားလုံးအတွင်းသို့ အနှစ်များကောင်းကောင်းဝင်သွားပါက လေလုံသော ဖန်ပုလင်း၊ အိုးစသည်တို့ထဲတွင် ထည့်ကာသိပ်ထားပါ။ တစ်ပတ်ခန့်ကြာလျှင် စားသုံးနိုင်ပြီဖြစ်သည်။ နှစ်ပေါက်အောင်ထားလိုပါက လေလုံအောင် ထုပ်ပိုးပြီး ရေခဲသေတ္တာထဲ တွင်ထည့်ထားနိုင်သည်။


ကင်ချီဘယ်လိုစားမလဲ

ကင်ချီကို အတို့အမြှုပ်သဖွယ် အခြားသော အစားအစာများနှင့်အတူ ဒီအတိုင်းစားသုံးနိုင်သည်။ လုပ်ပြီးစ အချဉ်မဖောက်ရသေးသောကင်ချီကို ဟင်းရွက်သုပ်သဖွယ် စားနိုင်သလို အချဉ်ပေါက်နေပြီးဖြစ်သည့် ကင်ချီကို ကင်ချီ ထမင်းကြော်၊ ကင်ချီ အချဉ်ဟင်းရည် ၊ ကင်ချီဟမ်ဘာဂါ ၊ ကင်ချီကြော်စသည်ဖြင့် အမျိုးစုံလုပ်စားနိုင်သည်။ အချုပ်အားဖြင့် ကင်ချီသည် အာဟာရပြည့်ဝသော ကင်ဆာရောဂါအများစုကိုပင် ကာကွယ်နိုင်သည့် ကျန်းမာရေးအတွက် သင့်လျော်သော အစားအစာတစ်မျိုး ဖြစ်သည့် အတွက် အမေရိကန်ကျန်းမာရေး မဂ္ဂဇင်းက ကမ္ဘာ့အကောင်းဆုံး အစားအစာ ငါးခုထဲတွင်ပင် ထည့်သွင်းရွေးချယ် ဖော်ပြခဲ့ပါသည်။ ထို့ကြောင့် ကျန်းမာရေးအတွက် မိမိဘာသာကင်ချီလုပ်ကာ မြည်းစမ်းစားသုံးသင့်ပါကြောင်း အကြံပြုလိုပါသည်။

 

Credit : မြတ်ထွဋ်ညွှန့် (ဆေး -၂)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18