Print

ကင်ချီ နှင့် ကျန်းမာရေး အပိုင်း(၁)

  20-Mar-2019
Preview Image

ကိုရီးယားနှင့် ကင်ချီ

 ဆန်းတော့လည်းဆန်းသည်၊ မြန်မာနှင့် ကိုရီးယား အိမ်နီးချင်း နိုင်ငံတွေ မဟုတ်ကြသော်လည်း အစားအသောက် ပုံစံ၊ စိတ်နေသဘောထားတွေက ခပ်ဆင်ဆင်တူသည်။ဥပမာ ထမင်းနှင့် ဟင်းတွဲစားတတ်ကြပုံမျိုး။သည်အထဲတွင် ကင်ချီလည်းပါသည်။ကင်ချီဆိုသည်မှာ တကယ်တော့ ချဉ်ဖတ်တစ်မျိုး ဖြစ်သည်။ ထို့ကြောင့် ကင်ချီကို ကိုရီးယား ချဉ်ဖတ်ဟု ပြောလို့ရသည်။ ခံတက်ချဉ်၊ မုံလာချဉ် စသည့် မြန်မာချဉ်ဖတ်နှင့် မတူသည့်အချက်က ကိုရီးယားချဉ်ဖတ်က နှစ်ပေါက်အောင် အထားခံသည်။ မြန်မာတွေက ချဉ်ဖတ်ကို အမြဲမစားတတ်သော်လည်း ကိုရီးယားတွေက အမြဲစားသည်။ ငယ်ငယ်လေးကတည်းက ကင်ချီကြိုက်တတ်အောင် ကျွေးတတ်ကြသည်။ ဓာတ်ပုံရိုက်လျှင်ပင် ပြုံးပါဟုမပြောပဲ ကင်ချီဟု အော်တတ်ကြသည်။


တကယ်တော့ ရာသီဥတုဆိုးသည့်နိုင်ငံထဲတွင် ကိုရီးယားပါသည်ဟု ပြောလို့ရသည်။ ဆောင်းတွင်းအခါတွင် ရေခဲအမှတ်အောက် အနုတ် ၁၀ - ၂၀ ဒီဂရီ စင်တီဂရိတ် အောက်အထိ အေးသည့်အခါအေးသည်။ နေရာအနှံ့ ရေပြင်ကြီးလိုဖြစ်သည့် အခါဖြစ်သွားသည်။ သဘာဝအတိုင်း အသက်ရှင်နေဖို့မလွယ်။ လူတောင် အပူပေးထားသည့်အခန်းအတွင်း နေကြရသည့်အတွက် အသီးအရွက်အပင်များ စိုက်ပျိုးဖို့ဆိုသည်မှာ ရှေးယခင်က အိပ်မက်ထဲတွင်ပင် မဖြစ်နိုင်ခဲ့။ ထို့ကြောင့် ဆောင်းဦးရာသီ ရောက်သည်နှင့် အရွက်များကို အချဉ် သိပ်ထားလိုက်ကြသည်။ ဆောင်းတွင်း အသီးအရွက် စားစရာမရှိသည့် အခါ ကင်ချီကိုသာ စားပေရော့။ (ယခုအခါမှာတော့ အနွေးဓာတ်ပေးထားသည့်နည်းဖြင့် ဆောင်းတွင်းတွင်လည်း စိုက်ပျိုးကြသလို ဖိလစ်ပိုင်လို နိုင်ငံတွေမှာလည်း အသီးအနှံကို တင်သွင်းလာကြသဖြင့် ဆောင်းတွင်းတွင်လည်း အသီးအရွက် ရလာနိုင်သည်။) သည်လိုနှင့်ပင် ကင်ချီကို ရာသီလေးပါးမရွေး (ကိုရီးယားတွင် ရာသီလေးမျိုးရှိသည်) စားတတ်လာကြတော့ သည်။မှတ်တမ်းမှတ်ရာများ အရ ရှေးခေတ်အခါက ကင်ချီက အဖြူရောင်သက်သက်ဖြစ်သည်။ ၁၆ ရာစုရောက်မှ ငရုပ်သီးမှုန့် စားသုံးတတ်သည့် ဓလေ့ကိုရီးယားသို့ ရောက်ရှိလာပြီးမှသာ ယခုကဲ့သို့အနီရောင်သန်းသည့် ကင်ချီဖြစ်လာသည်ဟု ဆိုသည်။


ကင်ချီ ၏ ကျန်းမာရေး ကောင်းကျိုး၊ ဆိုးပြစ်

ကင်ချီကို မက်မက်မောမော စားသုံးလာကြသည့်အခါတွင် ကင်ချီသည် ကျန်းမာရေးအတွက် ကောင်းမကောင်း စိစစ်လာကြသည်။ ခေတ်မီ သိပ္ပွံ နည်းပညာများ ဖွံ့ဖြိုးလာပြီးသည့်နောက်တွင် ကင်ချီ စားသုံးမှု အပေါ်ကျန်းမာရေး အမြင်ဖြင့် လေ့လာကြည့်ရာ အံ့အားသင့်စဖွယ် ကျန်းမာရေးအတွက် အထောက်အကူပြုသည့် အချက်များကို တွေ့ကြရသည်။ ကင်ချီသည် ကယ်လိုရီနည်းပါးပြီး အမျှင်ဓာတ်များစွာပါဝင်သည့် စားစရာဖြစ်သည်။ ကင်ချီတွင် သက်စောင့်ဓာတ် (ဗီတာမင် ) များဖြစ်သည့် ဗီတာမင်အေ၊ ဗီတာမင် ဘီဝမ်း၊ ဗီတာမင် ဘီတွဲ၊ ဗီတာမင် စီ တို့ အများအပြား ပါဝင်သည်။ ထို့ပြင် အမိုင်နိုအက်စစ်အသားဓာတ်များ၊ ကယ်လ်ဆီယမ် နှင့် ဆယ်လီနီယမ်တို့လည်း ပါဝင်သည်။ အလားတူကျန်းမာရေးအတွက် အထောက်အကူဖြစ်သည့် အင်တီအောက်ဆီဒင့်များ၊ ပရိုဘိုင်အိုးတစ် အကျိုးပြုဘက်တီးရီးယား များလည်းပါဝင်သေးသည်။ ထိုသို့သော အာဟာရများ ပေါကြွယ်ဝသည့်အတွက် ကင်ချီစားသုံးခြင်းဖြင့် အောက်ပါ အကျိုးထူးများ ရစေနိုင်သည်။


ကင်ချီ၏ အာဟာရတန်ဖိုး

ကင်ချီ ၁၀၀ ဂရမ်တွင် အင်အားဓာတ် ၃၂ ကီလိုကယ်လိုရီ၊ အသားဓာတ် ၂ ဂရမ်၊ သကြားဓာတ် ၁ ဒသမ ၃ ဂရမ် ၊ ပြာဓာတ် သုည ဒသမ ၆ ဂရမ်၊ အမျှင်ဓာတ် ၁ ဒသမ ၂ ဂရမ် ၊ ကယ်လ်စီယမ် ဓာတ် ၄၅ မီလီဂရမ် ၊ ဗီတာမင်အေ ၄၉၂ အင်တာနေရှင်နယ် ယူနစ်၊ ဗီတာမင်ဘီဝမ်း သုည ဒသမ သုညသုံးမီလီဂရမ် ၊ ဗီတာမင်စီ ၂၁ မီလီဂရမ်နှင့် နိုင်ရာစင်ဓာတ် ၂ ဒသမ ၁ မီလီဂရမ် တို့ ပါဝင်သည်။


အစာခြေစနစ်ကောင်းမွန်စေနိုင်ခြင်း

 ကင်ချီသည် အစာခြေနိုင်စွမ်းကို တိုးမြှင့်ပေးနိုင်သည်။ ကင်ချီက်ု အချဉ်ဖောက်ရသည့်အတွက် လက်တိဘုတ်စလပ်ခေါ် အကျိုးပြုဘက်တီးရီးယားတွေကို ပေါက်ဖွားစေသည်။ သည်ဘက်တီးရီးယားတွေက လူကို အန္တရာယ် မဖြစ်စေနိုင်ဘဲ အူမကြီး အတွင်းတွင် ပွားများကာ ကိုယ်တွင်းတွင် ရှိနေသည့် အဆိပ်အတောက်များကို ဖယ်ရှားပေးပြီး ကျန်းမာရေးကိုပင် အထောက်အကူ ဖြစ်စေနိုင်သည်။ ကင်ချီ တွင် ပါသော အမျှင်ဓာတ်များကြောင့် အူမကြီး လှုပ်ရှားနိုင်စွမ်းကို တိုးတက်စေကာ ဝမ်းကိုမှန်စေနိုင်သည်။


ကိုလက်စထရော ကျစေခြင်း

ကင်ချီကို မှန်မှန်စားပါက ကိုလက်စထရောကို ကျဆင်းစေနိုင်သည်။ကင်ချီတွင်ပါသော ကြက်သွန်ဖြူသည် ဆယ်လီနီယမ် နှင့် အလီစင် ဓာတ်များကြွယ်ဝသော အစားအစာဖြစ်သည်။ အလီစင်ဓာတ်သည် သွေးတွင်း ကိုလက်စထရော ကို ကျဆင်းစေနိုင်ပြီး နှလုံးရောဂါ၊ သွေးတိုးရောဂါနှင့် လေဖြတ်ရောဂါများကို ကာကွယ်ပေးနိုင်စေသည်။ဆယ်လီနီယမ် ဓာတ်သည်လည်း သွေးကြောငယ်လေးများ၏ နံရံတွင် ပိတ်ဆို့ ကျဉ်းမြောင်းစေခြင်းများကို ဟန့်တားပေးနိုင်သည်။ သုတေသနများအရ ကင်ချီစားသုံးခြင်းဖြင့် ကောင်းကျိုးမပေးသည့် ကိုလက်စထရော များကို ကျဆင်းစေနိုင်ပြီး သွေးတွင်းသကြားဓာတ်ကိုပါ ထိန်းညှိကျဆင်းစေနိုင်သည်ဟု ဆိုသည်။

အရေပြားရောင်ရမ်းမှုကို ကာကွယ်ပေးခြင်း

ကင်ချီတွင်ပါသော လက်တိဘုတ်စလပ် အကျိုးပြုဘက်တီးရီးယားများကြောင့် အရေပြားရောင်ရမ်းခြင်း၊ အရေပြားတွင် သွေးခြေဥ ခြင်းတို့ကို လျော့နည်းသက်သာစေနိုင်သည်။

 

Credit : မြတ်ထွဋ်ညွှန့် (ဆေး -၂)

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18