Print

မှိုကြိုက်တတ်သူများဖတ်ဖို့

  11-Mar-2018
Preview Image

လူတော်တော်များများမှိုဆိုနှစ်နှစ်ကြိုက်ကြိုက်ကို စားသုံးတတ်ကြပါတယ်။ ကျွန်တော်တို့ မြန်မာအများစုကတော့ မှိုကို ကန်စွန်းရွက်နဲ့ ရောကြော်ပြီး မှိုကန်စွန်းလုပ်စားတာများတယ်။ အခုနောက်ပိုင်းဆို ဟော့ပေါ့ဆိုင်တွေပါတွေပါ အရမ်းခေတ်ထလာတော့ အပ်မှိုလို့ခေါ်တဲ့ မှိုတွေကို အရမ်းစားသုံးလာကြတယ်။ အခုဒီဆောင်းပါးမှာတော့ စားလို့ရတဲ့မှိုတချို့အကြောင်းရယ် မှိုထဲက အာဟာရဓာတ်ပြည့်ပြည့်၀၀ရဖို့ဘယ်လိုလုပ်စားကြမလဲဆိုတာကို ဖော်ပြပေးသွားချင်ပါတယ်။


ကျွန်တော်တို့ ကမ္ဘာပေါ်မှာ မှိုအမျိုးအစားပေါင်း ၁၄၀၀၀ ကျော်ရှိတဲ့အထဲကမှ တစ်ဝက်လောက်က စားသုံးဖို့သင့်တော်တဲ့ မှိုတွေဖြစ်ပါတယ်။ အခုမြန်မာနိုင်ငံက လူတော်တော်များများစားသုံးကြတဲ့ အပ်မှိုကို အိန္ဒိယမှာ Futu mushroom လို့ခေါ်ပြီး ဂျပန်မှာတော့ Enoki mushroom လို့ခေါ်ပါတယ်။ Goodle needle mushroom လို့လည်းခေါ်ဆိုကြတယ်၊ မြန်မာလို့သင့်တော်အောင် ပြန်ရရင်တော့ ရွှေအပ်မှိုပေါ့လေ။ သူ့မှာ ပရိုတင်းဓာတ်အများကြီးပါပြီး အရွယ်တင်နုပျိုစေတဲ့အစွမ်းသတ္တိလည်းရှိပါတယ်။ တခြားစားသုံးလေ့ရှိတဲ့မှိုတွေကတော့ ကန်စွန်းရွက်နဲ့ကြော်စားလေ့ရှိတဲ့ portabello လို့ခေါ်တဲ့ မှိုအဝိုင်းလေးတွေရှိမယ်၊ နောက်ပြီး maitake လို့ခေါ်တဲ့ ကြွက်နားရွက်မှိုရှိမယ်။


ကြွက်နားရွက်ကလည်း ကျန်းမာရေးအတွက်အများကြီးကောင်းကျိုးပြုပါတယ်။ သူ့မှာ တချို့ကင်ဆာရောဂါတွေမှာ ကင်ဆာဆဲလ်တွေပြန့်ပွားတာကို ထိန်းချုပ်ပေးပြီး ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို တက်စေပါတယ်။ နောက်တစ်ခုက ကြွက်နားရွက်မှိုမှာ သွေးကျဲစေတဲ့ အစွမ်းရှိကြောင့် မကြာမကြာစားသုံးပေးမယ်ဆိုရင် နှလုံးသွေးကြောပိတ်တာတွေမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။


စားသုံးလို့ရတဲ့ မှိုအမျိုးမျိုးထဲမှာ အာဟာရဓာတ်တွေကြွယ်ဝစွာပါဝင်ပါတယ်။ ခန္ဓာကိုယ်ကြီးထွားဖို့ ကျန်းမာဖို့သောက်လေ့ရှိတဲ့ ပရိုတင်းအားဖြည့်ဆေးတွေကိုတောင် အစားထိုးနိုင်တဲ့ အစွမ်းသတ္တိရှိပါတယ်။ မှိုထဲမှာ ဗီတာမင် ဘီ၊ဗီတာမင် ဒီ၊ ဇင့်၊ ပရိုတင်း၊ အမျှင်ဓာတ်၊ ပိုတက်စီယမ် နဲ့ ကယ်လ်စီယမ် အစရှိတဲ့ဓာတ်တွေပါဝင်ပါတယ်။ ဒါဟာ ရေဓာတ် ၉၀ရာခိုင်နှုန်းကျော်ပါဝင်တဲ့ အစားအစာတစ်မျိုးအတွက် မဆိုးဘူးလို့ပြောရမှာပါ။


နောက်တစ်ချက်က မှိုတွေမှာ ဘတ်တီးရီးယားပိုးတွေကို တန်ပြန်တိုက်ခိုက်နိုင်တဲ့ အစွမ်းလည်းရှိပါတယ်။ ကိုယ်တွင်းက ကိုလက်စထရောဓာတ်ကိုလည်း လျှော့ချပေးနိုင်တယ်။ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကိုလည်း မြင့်တက်စေတယ်။ လေ့လာမှုအသစ်တွေအရဆို အာရုံကြောရောဂါတွေဖြစ်တဲ့ အယ်လ်ဇိုင်းမားရောဂါနဲ့ ပါကင်ဆန်ရောဂါတွေကို ကာကွယ်ရာမှာတောင် အသုံးပြုလို့ရတယ်လို့ဆိုကြပါတယ်။


ခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့ ပိုတက်စီယမ်ဓာတ်ကို ငှက်ပျောသီး၊ အုန်းသီးတို့စားရင်း အများကြီးရရှိနိုင်သလို မှိုစားခြင်းဖြင့်လည်း မြောက်များစွာရရှိနိုင်ပါသေးတယ်။ Portabello မှိုကို စားသုံးတာက ငှက်ပျောသီးတစ်လုံးမှာပါဝင်တဲ့ ပိုတက်စီယမ်ပမာဏကို ရရှိစေမှာပါ။


မှိုစားပြီး ကိုယ်အလေးချိန်လျော့ချလို့လည်းရပါတယ်။ မှိုတွေမှာ တိုက်ရိုက်ဝိတ်ကျစေတဲ့ အစွမ်းတော့မရှိပေမဲ့ ကိုယ်စားနေကျ အသားဟင်းတွေနေရာမှာ မှိုကိုအစားထိုးလိုက်ပြီး ဝိတ်မတက်အောင်လုပ်လို့ရပါသေးတယ် ဥပမာပြောရရင် အမဲသားပြားဟမ်ဘာဂါတစ်လုံးမှာ အမဲသားကြောင့် ကယ်လ်လိုရီပမာဏ ၅၀၀ ပါဝင်ပြီး အဆီ ၃၀ ဂရမ်ပါဝင်နေတယ်။ ဒီအမဲသားတစ်ဝက်လောက်နေရာမှာ မှိုကိုကြော်ပြီး အစားထိုးစားသုံးလိုက်ရင် ဗိုက်လည်း ပိုဝပြီး အဆီလည်း အဲ့လောက်မတက်တော့ပါဘူး။


မှိုတွေကို ချက်ပြုတ်စားသုံးဖို့အသင့်တော်ဆုံးနည်းက အပူချိန်ပြင်းပြင်းနဲ့ ကြော်လှော်ချက်ပြုတ်ပြီးမှစားသုံးတဲ့နည်းက ပါဝင်တဲ့ အာဟာရဓာတ်တွေအများဆုံးရရှိစေနိုင်ပါတယ်။ ၂၀၁၆ ခုနှစ်တုန်းက လေ့လာချက်အရ မိုက်ခရိုဝေ့ထဲထည့်ပြီးချက်ပြုတ်တာ၊ ကင်ပြီးစားတာတွေက မှိုထဲမှာပါတဲ့ နုပျိုစေတဲ့ ဓာတ်တွေကို မပျောက်မပျက်ရရှိစေတယ်လို့ဆိုပါတယ်။ နောက်တစ်နည်းကတော့ portbello မှိုတွေကို မီးပြင်းပြင်းလေးနဲ့ ၁၅ - ၂၀ မိနစ်လောက်ကြော်ပြီး အမဲသားကိုနုပ်နုပ်စင်းပြီး မှိုနဲ့ရောကြော်လိုက်ပါ။ ရလာတဲ့ မှိုနဲ့ အမဲသားကို ပေါင်မုန့်နဲ့အသားညှပ်ပေါင်မုန့်လို လုပ်စားတာကလည်း အာဟာရပြည့်ဝတဲ့ အစားအစာတစ်ခုဖြစ်စေမှာပါ။


Dr. Oliver

Ref: www.webmd.com



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18