Print

ကျောက်ဖရုံသီးအစွမ်း

  12-Dec-2017
Preview Image

ကျောက်ဖရုံသီး၏ ဂုဏ်သတ္တိမှာ အေး၏။ အရသာမှာ ချိုပေါ့၏။ အဆုတ်၊ အူမကြီးကို ကောင်းစေနိုင်သည်။ ကင်ဆာရောဂါကို ခုခံကာကွယ်ပေးနိုင်သည်။ ကျောက်ဖရုံသီးသည် အေးသောဓာတ်ဖြစ်သောကြောင့် နွေရာသီတွင် စားပေးရန် သင့်လျော်ပါသည်။


စားသုံးသင့်သူများ

ကျောက်ဖရုံသီးကို အားနည်းသူ၊ ခေါင်းမူးတတ်သူ၊ ဖြူဖပ်ဖြူရော်ဖြစ်နေသူ၊ မျက်လုံးအမြင်မှုန်ဝါးနေသူ၊ ကျောက်ကပ်ရောဂါရှိသူ၊ ဆီးရောဂါရှိသူ၊ နှလုံးအဆို့ရှင် ရောဂါရရှိသူတို့ စားသင့်ပါသည်။


မစားသင့်သူ

ကျောက်ဖရုံသီးကို သရက်ရွက်၊ အစာအိမ် အားနည်းသူ၊ အသည်းရောင် B ပိုးသမားတို့ မစားသင့်ပါ။


ပါဝင်သောဓာတ်များ

ကျောက်ဖရုံသီးထဲတွင် ပရိုတင်းဓာတ်၊ ဗီတာမင်B1 ဗီတာမင် B2 ၊ ဗီတာမင် C ၊ ကြေးဓာတ်၊ ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်ဓာတ်၊ ဆယ်လူလို့စ်ဓာတ်၊ မီးစုန်းနှင့် သံဓာတ်တို့ ပြည့်ဝစွာ ပါဝင်သည်။


ကောင်းကျိုး

ကျောက်ဖရုံသီးသည် အအေးဓာတ်ဖြစ်သောကြောင့် ခန္ဓာကိုယ်အတွင်းရှိ အပူများကို စုပ်ယူပေးနိုင်သည်။ ကျောက်ဖရုံသီးစားပေးခြင်းဖြင့် အပူကျစေမည်။ အပူများသူများ ပိုစားပေးသင့်သည်။ ကျောက်ဖရုံသီးထဲတွင် ဗီတာမင် C ဓာတ်ပါသောကြောင့် သွေးတိုးရောဂါ၊ ကျောက်ကပ်ရောဂါတို့ကို မဖြစ်စေရန် ကာကွယ်ပေးသည်။ ဆီးသွားခြင်းကို ကောင်းကျိုးပြုပေးနိုင်မည်။ အဆုတ်ကို စိုစွတ်စေမည်။ အူမကြီးအတွင်းရှိ အဆိပ်များကို ရှင်းလင်းပေးနိုင်သည်။ ဝမ်းချုပ်ခြင်းကို မဖြစ်စေဘဲ အစာကြေရန် ကူညီပေးနိုင်သည်။


ကျောက်ဖရုံသီးစားပေးခြင်းဖြင့် ရေဖျဉ်းစွဲခြင်း၊ ရေငတ်ခြင်း၊ မျက်နှာပေါ်တွင် အမည်းစက်များ ပေါ်ထွက်လာခြင်း၊ ရင်ကျပ်ခြင်း၊ လိပ်ခေါင်းရောဂါ၊ ဝက်ခြံထွက်ခြင်း၊ စအိုကျွံခြင်း၊ ထုံနာကျဉ်နာတို့ မဖြစ်စေရန် ကာကွယ်ပေးနိုင်သည်။ ဆံပင်၊ သွေးရည်၊ အရေပြား၊ အရိုး၊ ဦးနှောက်၊ အသည်း၊ နှလုံးနှင့် ရောဂါခုခံစနစ်တို့ ဖွံ့ဖြိုးတိုးတက်ကောင်းမွန်စေရန် အထောက်အကူ ပြုစွမ်းအားများ ပေးနိုင်သည်။


ကျောက်ဖရုံသီးစားပေးခြင်းဖြင့် သလိပ်ကို ကျစေမည်။ ချောင်းဆိုးကို ပျောက်စေမည်။ ဆံပင်ကို မပျက်စီးစေရန် ကာကွယ်ပေးသည်။ ခန္ဓာကိုယ်တွင်းရှိ အဆီများကိုလည်း ချပေးနိုင်သည်။ အသားအရေနှင့် ကိုယ်ခန္ဓာကို လှပစေနိုင်သည်။ ကျောက်ဖရုံသီးထဲတွင် ပရိုတင်းဓာတ်၊ ဗီတာမင် B ဓာတ်များ ပါဝင်သောကြောင့် လူ့ခန္ဓာကိုယ်အတွင်းရှိ သွေးရည်ထဲတွင် ရှိနေသော ကိုလက်စထရောနှင့်အဆီကို လျှော့ချပေးနိုင်သည်။ ထို့ကြောင့် နှလုံးအဆို့ရှင်ရောဂါ မဖြစ်စေရန် ကာကွယ်ပေးနိုင်သည်။ ကျောက်ဖရုံသီးသည် ဝသောသူများ အဓိကစားသုံးရန် သင့်လျော်ပါသည်။


ကိုယ်ဝန်ဆောင်မိခင်များ ကျောက်ဖရုံသီးကို တစ်ကြိမ်တည်း ပမာဏများစွာ မစားသုံးသင့်ပါ။ ဟင်းချိုအဖြစ် ပြုလုပ်ပြီး အရည်ကိုသာလျှင် သောက်ပေးသင့်ပါသည်။ ကျောက်ဖရုံသီးထဲတွင် ဆယ်လူလို့စ်ဓာတ်ပါသောကြောင့် သွေးကြောမာခြင်းကို ကာကွယ်ပေးသည်။ သွေးတွင်းအဆီများကို လျှော့ချပေးနိုင်သည်။ ကင်ဆာရောဂါကို ခုခံပေးနိုင်သည်။


Credit: ယမုံအေး (စမ်းချောင်း)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18