Print

လက်ဖက်အကြောင်းသိကောင်းစရာ

  05-Dec-2017
Preview Image

၁။ လက်ဖက်ရဲ့အစကတော့ ရှေးဟောင်း တရုတ်နိုင်ငံပဲ ဖြစ်ပါတယ်၊ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀၀၀ (BC ၃၀၀၀) လောက်က စတင်သုံးစွဲခဲ့တယ်လို့ သမိုင်းအထောက်အထားများမရ သိရပါတယ်။ 


၂။ လက်ဖက်မှာပါတဲ့ လက်ဖက်အစိုရယ်၊ လက်ဖက်ရည်မှာပါတဲ့ လက်ဖက်ခြောက် အချိုခြောက်ရယ်၊ ရေနွေးကြမ်းမှာပါတဲ့ လက်ဖက်ခြောက် အခါးခြောက်တွေဟာ Theaceae Family အောက်မှာပါဝင်တဲ့ Camellia sinensis လို့ခေါ်တဲ့ အပင်တစ်ပင်တည်းကနေ ရတာဖြစ်ပါတယ်။ လွယ်လွယ်လေး ခေါ်ရင်တော့ Tea Plant လို့လဲ ခေါ်ကြပါတယ်။ 


၃။ လက်ဖက်ဟာ ရေမြေရာသီဥတုပေါ် မူတည်ပြီး အာနိသင်၊ အရောင်အဆင်း၊ အနံ့အရသာ ပြောင်းလဲသလို ခူးပုံနည်းစနစ်၊ ခူးတဲ့အချိန် ခူးပြီးတဲ့နောက် ထုတ်လုပ်တဲ့ နည်းစနစ်ပေါ် မူတည်ပြီး ကွဲပြားမှုရှိပါတယ်။ ဒါကြောင့် လက်ဖက်နဲ့ပတ်သက်ရင် တစ်ခါတစ်လေမှာ နာမည်သာတူပြီး ပစ္စည်းအမျိုးအစားကတော့ များစွာကွဲပြားခြားနားလေ့ရှိပါတယ်။ 


၄။ နိုင်ငံတကာမှာ Green Tea လို့ လူသိများပါတယ်။ လက်ဖက်ညွှန့်တွေကို ဆွတ်ခူးပြီး ရေနွေးငွေ့နဲ့ ပေါင်းရပါတယ်။ အဲဒီလို ပေါင်းတဲ့အတွက် ဓာတ်တိုးပျက်စီးမှု (Oxidation) ဖြစ်စေမဲ့ အင်ဇိုင်း (Enzyme) တွေ ပျက်စီးသွားပါတယ်။ ပေါင်းပြီးတော့ လက်နဲ့ပဲဖြစ်ဖြစ် Roller နဲ့ပဲဖြစ်ဖြစ် နယ်ပြီး အေးသွားစေဖို့ လေသလပ် ခံထားရပါတယ်။ ပြီးတော့နေပူပူမှာ တစ်ရက်တည်း ခြောက်သွားအောင်လှန်းရပါတယ်။ အချို့လည်းနေပူမှာလှန်းရင် အစိမ်းရောင်ကနေ အမည်းရောင်ဘက်သို့ ပြောင်းသွားတတ်လို့ နောက်ပိုင်းမှာ အခြောက်ခံစက် (dryer) နဲ့ လှန်းကြပါတယ်။

 ဒီလိုလှန်းတဲ့အခါ တစ်ရက်တည်းလှန်းမှသာ အနံ့အရသာကောင်းမွန်ပါတယ်။ အရောင်ကစိမ်းဖန့်ဖန့်ဖြစ်လို့ Green Tea လို့ ခေါ်ခြင်းဖြစ်ပါတယ်။ အဲဒါကို ရေနွေးနဲ့ရောပြီး ရေနွေးကြမ်းအနေနဲ့ သောက်ကြပါတယ်။ ရေနွေးကြမ်းအနေနဲ့ပြောရရင် အရည်အသွေး Quility မျိုးစုံရှိတဲ့အနက် အမှန်တကယ်စိမ်းနေတဲ့ ရေနွေးကြမ်းကိုသာ Green Tea အဖြစ် နိုင်ငံတကာက အသိအမှတ်ပြုပါတယ်။


၅။ အချိုခြောက် (Black Tea)

ဆွတ်ခူးပြီး လက်ဖက်ရွက်စိမ်းများကို စက်နဲ့ကြိတ်ရပါတယ်။ ကြိတ်ပြီးတဲ့ လက်ဖက်ရွက်စများကို အရွယ်ညီစေဖို့ ဆန်ကဖြင့် ချရပါတယ်။ ပြီးတော့ ဖြန့်ပြီး လေသလပ်ခံထားရပါတယ်။ သုံးနာရီလောက် လေသလပ်ခံပြီးရင် ခြောက်ဖို့ dryer ထဲမှာ ထည့်ရပါတယ်။ 160 C အထိ အခြောက်ခံပြီးရင် ပြန်ပြီးဆန်ကာပြန်ချရပါတယ်။ အရွယ်အစားပေါ် မူတည်ပြီး ဆိုက်ကြီး (BOP) အလတ်စ (Fanning) နဲ့ အမှုန် (Dute) ဆိုပြီး သုံးပြီး ခွဲရပါတယ်။

 အရွယ်ငယ်ရင် လက်ဖက်ရည် ဖျော်တဲ့အခါမှာ လွယ်ပြီး အကြီးကတော့အချိန်ယူပြီး နှပ်ရပါတယ်။ လက်ရည်ဆိုင်တွေမှာ လက်ဖက်ရည်ဖျော်တဲ့ အမျိုးအစား ဖြစ်ပါတယ်။ နို့နဲ့ သကြားနဲ့ ထည့်ပြီး ဖျော်သောက်နိုင်ပါတယ်။ အရောင်က မည်းနေလို့ Black Tea လို့ လူသိများပါတယ်။ Black Coffee ခေါ်သလိုမျိုးပေါ့။ ခုလိုမျိုး သဘာဝအတိုင်း စနစ်တကျလုပ်ရင် အမျိုးအစားကောင်းတဲ့ လက်ဖက်ရည် အချိုခြောက်ကို ရမှာဖြစ်ပါတယ်။ ဆိုးဆေးတွေ ဓာတုဗေဒပစ္စည်းတွေ (Chemical) ထည့်ရန်မလိုပါ။ ထည့်တဲ့ မထည့်သင့်ပါ။ 


၆။ အူလောင်းလက်ဖက် (Oolong Tea)

ခုနကပြောခဲ့တဲ့ Green Tea ဆိုတာ Fermentation လုံးဝမလုပ်ထားတဲ့ Tea အမျိုးအစားဖြစ်ပြီး Black Tea ကတော့ Fermentation အပြည့်လုပ်ထားတဲ့ အမျိုးအစားဖြစ်ပါတယ်။ အူလောင်းလက်ဖက်ဆို Semi-Fermented တစ်ဝက်တစ်ပျက် ဖောက်ထားတဲ့ Tea အမျိုးအစားဖြစ်ပါတယ်။ သူ့ရဲ့အရည်အသွေးကတော့ အလွန်မွှေးကြိုင်ပြီး အခါးခြောက်အနေနဲ့ပဲ သောက်သောက်၊ နို့နဲ့ပဲ ရောသောက်သောက် သောက်လို့ရတဲ့ အမျိုးအစားဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အသုံးနည်းပါတယ်။


၇။ ဖက်ဖက်ဖြူ (White Tea)

 လက်ဖက်ဖြူကတော့ အလွန်ရှားပါးပြီး စျေးလည်းကြီးပါတယ်။ လက်ဖက်ရဲ့ အဖူးလေးကိုပဲ ခူးပြီး ထုတ်ထားပြီး ဖြစ်ပါတယ်။ တစ်နှစ်မှာ နှစ်ကြိမ်သာ ခူးပြီးအကောင်းဆုံး အခြေအနေမှာ ခူးတဲ့အတွက် အကောင်းဆုံးအရည်အသွေး ရရှိပါတယ်။ ဒါပေမဲ့ စျေးနှုန်းလဲ မြင့်မားတဲ့အတွက် အထူးဧည့်သည်တော်တွေကို တည်ခင်းတဲ့အခါ၊ နိုင်ငံတော်အကြီး အကဲတွေကို ဧည့်ခံတဲ့အခါ၊ အထူးပွဲလမ်းသဘင်ကျင်းပတဲ့ အခါမျိုးမှာသာ သုံးလေ့ရှိပါတယ်။ တရုတ်ပြည်မှာ အဓိကသုံးပြီး Fujian Region ကထွက်တဲ့ White tea ဟာ ကမ္ဘာကျော်ပါတယ်။ 


၈။ လက်ဖက်နီ (Red Tea)

 နောက် Red Tea ဆိုတာလဲ ရှိသေးတယ်။ တကယ်ကတော့ Red Tea ဆိုတာ တရုတ်ပြည်မှာတော့ ကျွန်တော်တို့ လက်ဖက်ရည်နဲ့ ဖျော်သောက်တဲ့ Black Tea ကို ခေါ်တာဖြစ်ပါတယ်။ တရုတ်ပြည်မှာ Black Tea ရယ်လို့ သုံးလေ့မရှိပဲ Red Tea လို့ပဲ ခေါ်ပါတယ်။  နောက် Africa ဘက်မှာ သုံးတဲ့ Red Tea တော့ လက်ဖက်ပင်မဟုတ်ပဲ တခြားအပင်ကရတဲ့ Herbal tea အမျိုးအစားဖြစ်ပါတယ်။ အဲဒါကိုတော့ Rooibos လို့ခေါ်ပါတယ်။ ချိုတဲ့ အရသာရှိပါတယ်။  


၉။ ကဖင်းဓာတ်ထုတ်ထားတဲ့ လက်ဖက် (Decaffinated Tea)

 ကဖင်းဓာတ်ထုတ်ထားတဲ့ လက်ဖက်ကို ဆိုလိုပါတယ်။ Caffeine ဓာတ်ဟာ များရင် ဒုက္ခပေးနိုင်တာမို့ တစ်နေ့ကို လေး ငါးခွက်ထက် ပိုသောက်ချင်တဲ့ လူတွေ၊ ဒါမှမဟုတ် အချို့ရောဂါရှိသူတွေအတွက် ရည်ရွယ်ပြီး ထုတ်ထားခြင်း ဖြစ်ပါတယ်။ အခါးခြောက်ပဲဖြစ်ဖြစ်၊ အချိုခြောက်ပဲဖြစ်ဖြစ် ထုတ်လို့ရပါတယ်။ လက်ဖက်အစိုကိုတော့ အင်္ဂလိပ်လို Tea Leaf လို့ပဲခေါ်ကြပါတယ်။ လက်ဖက်အညွှန့်လေးတွေကို ခူးပြီးရင် ဒယ်အိုးထဲမှာထည့်ပြီး ရေပွက်ပွက်ဆူမှာ နာရီဝက်လောက် ပြုတ်ရပါတယ်။ ပြီးတော့ ရေတွေသွန်၊ ရေအသစ်ထည့်ပြီး ခုနကလို ပြန်ပြုတ်ရပါတယ်။ အခါးရေတွေကို သွန်ပြီးရင် အိတ်ထဲမှာ ထည့်ပြီး ညှစ်တဲ့ သစ်သားစည်ထဲမှာ ထည့်ရပါတယ်။ ပြီးတော့ ရေဖျန်းပြီး အပေါ်ကနေ ဖိရပါတယ်။ ပြီးရင် ပြန်ထုတ်၊ လက်နဲ့ဖွ ပြန်ဖိနဲ့ အကြိမ်ကြိမ်လုပ်ပေးရင် နောက်ဆုံးမှာ လက်ဖက်အစိုကို ရပါတယ် ဒီလိုလုပ်ခြင်းဖြင့် ရေမှာ ပျော်ဝင်တဲ့ အဖန်ဓာတ်တွေ အခါးဓာတ်တွေ အတော်များများဟာ ရေနဲ့အတူ အပြင်ကို ရောက်သွားပါတယ်။ 


၁၀။ ဒါ့ကြောင့် လက်ဖက်ခြောက် (အချိုခြောက်ရော အကြမ်းခြောက်ပါ) ထက်စာရင် လက်ဖက်အစိုက Caffeine ဓာတ်များစွာ လျော့နည်းလို့ ပမာဏအားဖြင့် ပိုစားနိုင်တာဖြစ်ပါတယ်။ လက်ဖက်စိုလုပ်ရာမှာ ရင့်လို့ မသုံးသင့်တဲ့ အရွက်တွေကို ရေနွေးကြမ်း လုပ်တဲ့ လက်ဖက်ခြောက်အဖြစ်လဲ လုပ်နိုင်ပါသေးတယ်။


၁၁။ လက်ဖက်အစိုဟာ မြန်မာနိုင်ငံ တစ်နိုင်ငံတည်းမှာပဲ အဓိကသုံးတာ တွေ့ရပါတယ်။ 


၁၂။ မြန်မာ့ရိုးရာ အစားအစာအဖြစ် လက်ဖက်အစိုကို သတ်မှတ်ကြပါတယ်။ အိမ်မှာ ဧည့်သည်လာရင် လက်ဖက်နဲ့ တည်ခင်းတဲ့ ဓလေ့ကစပြီး တစ်ဦးနဲ့တစ်ဦး တောင်းပန်ရင် လက်ဖက်ပွဲနဲ့ တောင်းပန်တဲ့ဓလေ့အထိ တွင်ကျယ်စွာ သုံးကြပါတယ်။


 ဒီနေ့တော့ လက်ဖက်ကို နည်းမျိုးစုံပြုလုပ်ပြီး နိုင်ငံအားလုံးမှာ အသုံးပြုနေကြပါပြီ၊ ဒီနေ့ ကမ္ဘာပေါ်မှာ ရေကလွဲရင် လူတွေ အသုံးအများဆုံး အဖျော်ရည်ကတော့ လက်ဖက်ပဲဖြစ်ပါတယ်။ လက်ဖက်ရည် အနေနဲ့ပဲဖြစ်ဖြစ် ရေနွေးကြမ်းအနေနဲ့ပဲ ဖြစ်ဖြစ်ပေါ့။


Credit: ဒေါက်တာခင်မောင်လွင်



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18