Print

ကြက်သွန်ဖြူနှင့် ကျန်းမာရေး

  07-Oct-2017
Preview Image

ကြက်သွန်ဖြူဟာ ဘက်တီးရီးယား (Bacteria) ပိုးတွေကို သေစေနိုင်တဲ့ အာနိသင်ရှိလို့ ရှေးကစစ်တပ်တွေမှာ ဓားတို့ လှံတို့ မြှားတို့ ထိခိုက်မိတဲ့ ဒဏ်ရာတွေကို ကြက်သွန်ဖြူနဲ့ ကုသခဲ့ကြပါတယ်။ ကြက်သွန်ဖြူကိုထောင်းပြီး ဒဏ်ရာကို အုပ်ပေးရင် ရောဂါပိုးတွေကို သေစေတဲ့အတွက် ဒဏ်ရာတွေ ရင်းတာ ပြည်တည်တာ Gangrene လို့ ခေါ်တဲ့ ပုပ်တာတွေကနေ သက်သာသွားပါတယ်။


ကြက်သွန်ရဲ့ cell တွေထဲမှာ Allin ဆိုတဲ့ ဒြပ်ပေါင်းနှင့် Allinase ဆိုတဲ့ အင်ဇိုင်းတစ်မျိုး ကြွယ်ဝစွာ ပါဝင်ပါတယ်။ ကြက်သွန်ကို ဓားနဲ့လှီးလို့ပဲဖြစ်ဖြစ်၊ ဝါးစားလို့ပဲဖြစ်ဖြစ် cell လေးတွေ ပေါက်သွားတဲ့အခါမှ Allin ဓာတ်တွေကို Allinase Enzyme က လေထဲက Oxygen အကူအညီနဲ့ ဓာတ်ပြုပြောင်းလဲစေပြီး Allicin လို့ခေါ်တဲ့ Sulfur ပါဝင်တဲ့ ဒြပ်ပေါင်းကို ရရှိပါတယ်။ ဒီဓာတ် ပြောင်းလဲပြီး ရလာတဲ့ ပစ္စည်းကမှ ဆေးဖက်ဝင်တာ ဖြစ်ပါတယ်၊ အနံ့ပြင်းလေ ဆေးဖက်ဝင်အာနိသင် ပိုမိုရရှိလေဖြစ်ပါတယ်။


ကြက်သွန်ဖြူကို ဆေးဖက်ဝင် အာနိသင်ရအောင် အကောင်းဆုံးကတော့ လတ်လတ်ဆတ်ဆတ် ကြက်သွန်ဖြူကို ပါးစပ်ထဲမှာ နည်းနည်းချင်း ဝါးစားတာဖြစ်ပါတယ်။ ဆေးအာနိသင် ရာနှုန်းပြည့်ရမှာ ဖြစ်ပါတယ်။ အကယ်၍ ဟင်းချက်စားမယ်ဆိုရင် ကြက်သွန်ကို ဓားနဲ့ ပါးပါးလှီးပြီး လေထဲမှာ ၁၀ မိနစ်လောက် လှပ်ထားပါ။ ပြီးမှ ဟင်းထဲ ထည့်ချက်မယ်ဆိုရင်လည်း အာနိသင်များများရနိုင်ပါတယ်။ နောက်တစ်နည်းကတော့ ဒီကြက်သွန်ဥတွေကို အခြောက်လှန်းပြီး ရရှိတဲ့ ကြက်သွန်ဖြူအမှုန့် ဖြစ်ပါတယ်။ ဒီအမှုန့်ဘဝမှာ Allicin တွေ ပါဝင်ပြီးဖြစ်လို့ ဘယ်လိုပဲစားစား၊ အာနိသင်ရရှိမှာ ဖြစ်ပါတယ်။ ကြာကြာလဲအထားခံပါတယ်၊ ဒါကို ဆေးပြားအနေနဲ့လဲ သောက်လို့ရပါတယ်။


ကြက်သွန်ဖြူကို အရက်၊ ဆီ၊ ပျားရည်၊ ရှာလကာရည်တို့ဖြင့် စိမ်ပြီးစားတဲ့ဓလေ့ဟာ တစ်ကမ္ဘာလုံးမှာရှိပါတယ်။ အဲလိုစိမ်ထားခြင်းဖြင့် ကြက်သွန်ဖြူကို အစိမ်းအတိုင်း စားရသလိုဖြစ်တာမို့ ကောင်းပါတယ်။ စားခါနီးကျရင်သာ ပြန်ထုတ်ပြီး လေထဲမှာ ဓားနဲ့လှီး၍ဖြစ်စေ၊ ဝါးစား၍ဖြစ်စေ စားမယ်ဆိုရင် အာနိသင်ရမှာဖြစ်ပါတယ်။ ဒီလိုစိမ်တဲ့အခါမှာ အဓိကသတိထားရမဲ့ အချက်ရှိပါတယ်၊ စိမ်ပြီးပုလင်းတို့၊ ဘူးတို့ထဲထည့်ပြီးတော့ အလုံပိတ်ထားမယ် ဆိုရင်တော့ ရေခဲသေတ္တာလိုမျိုးထဲမှာ ထည့်ပြီး အအေးခံသိမ်းဆည်းဖို့ လိုပါတယ်။ 


အဲလိုမဟုတ်ပဲ အခန်းထဲမှာပဲထားမယ်၊ ဥပမာ မီးဖိုချောင်ထဲမှာရှိတဲ့ ကြောင်အိမ်တို့ ဘီဒိုတို့မှာ ထားမယ်ဆိုရင် ပထမ မှိုတက်လာနိုင်ပါတယ်။ ဒီဟာကို စားမိရင် အသည်းထိခိုက်ပျက်စီးနိုင်ပါတယ်။ ပိုဆိုးတာက Clostriduim Botulinum လို့ခေါ်တဲ့ ဘတ်တီးရီးယား ပိုးတစ်မျိုးပေါက်ပြီး သူတို့ရဲ့ ခန္ဓာကိုယ်ကနေ Botulism Toxin လို့ခေါ်တဲ့ အလွန်ပြင်းထန်တဲ့ အဆိပ်တစ်မျိုးကို ထုတ်ပေးမှာ ဖြစ်ပါတယ်။


မီးဖိုချောင်မှာ ကြက်သွန်ဖြူကို ဆေးဖက်ဝင်တဲ့ အာနိသင်မပျက်အောင် အရေးအကြီးဆုံးကတော့ လေဝင်လေထွက်ကောင်းမွန်ရပါမယ်၊ မီးဖိုချောင်မှာ စင်လေးတွေထားပြီး ဖြန့်ထားတာ အကောင်းဆုံးဖြစ်ပါတယ်။ အလုံပိတ်အိုးတို့ ပုံးတို့နဲ့ မထည့်ရပါဘူး။ ခြောက်သွေ့တဲ့နေရာ ဖြစ်ရပါမယ်။ ရေစိုတဲ့ နေရာမှာထားရင် ပုပ်ပြီးပျက်စီးနိုင်ပါတယ်။ အေးသောနေရာ ဖြစ်ရပါမယ်၊ နေရောင်ခြည် တိုက်ရိုက်ထိတွေ့တဲ့ နေရာမှာ မထားရပါဘူး။ မှောင်တဲ့နေရာမှာဆို ပိုကောင်းပါတယ်။ အလင်းရောင်ဟာ ဆေးဖက်ဝင်ဒြပ်ပေါင်းဖြစ်တဲ့ Allicin တွေကို ပျက်စီးစေပါတယ်။


Credit: Dr. Si Thu




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18