Print

သက်ရှည်ကျန်းမာ စားသောက်နေထိုင်ရာ

  30-Sep-2017
Preview Image


 မျှတသောအစားအစာ စားတတ်မှု (Balanced Diet) နှင့် ကျန်းမာသော လူနေမှုပုံစံ (Healthy Life Style) တို့မှာ ဘဝတစ်သက်တာအတွက်ကျန်းမာရေး ကောင်းမွန်တိုးတက်စေရန်နှင့် ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် အရေးကြီးသော လိုအပ်ချက်များဖြစ်ပါသည်။ ယင်းတို့သည် ရောဂါမဖြစ်ပွားစေရန် ကာကွယ်ရာတွင်လည်း အရေးကြီးသော အခန်းကဏ္ဍမှပါဝင်ပါသည်။နာတာရှည်ရောဂါများဖြစ်သော အဝလွန်ရောဂါ၊ ဆီးချိုသွေးချိုရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးနှင့် သွေးကြောဆိုင်ရာရောဂါများ၊ ကင်ဆာရောဂါ၊ အရိုးပွရောဂါ နှင့် သွားနှင့်ပတ်သက်သောရောဂါများသည် အစာအာဟာရစားသုံးမှု၊ လူနေမှုပုံစံနှင့် ဆက်စပ်လျက်ရှိသည်။ လူသားအားလုံးအတွက် ကျန်းမာရေးနှင့်ညီညွတ်ရန် အခြေခံ အာဟာရဓာတ်(၆)မျိုး လိုအပ်ပါသည်။ မရှိမဖြစ်လိုအပ်သော အာဟာရဓာတ်များ၊ သတ်မှတ်ထားသည့်ပမာဏ အချိုးအစားအတိုင်းပါဝင်သည့် မျှတသော အစားအစာကို စားသုံးရန် လိုအပ်သည်။ ယင်းအခြေခံ အာဟာရဓာတ် (၆)မျိုးမှာ 

၁။ ကစီဓာတ် (ကာဗိုဟိုက်ဒြိတ်)

၂။ အသားဓာတ် (ပရိုတင်း)

၃။ အဆီဓာတ်

၄။ သက်စောင့်ဓာတ်

၅။ သတ္တုဓာတ်နှင့်

၆။ ရေဓာတ် တို့ဖြစ်ကြပါသည်။

 မျှတသော အစားအစာ စားသုံးမှု ဖြစ်စေရန် မြန်မာလူမျိုးများသည် အောက်တွင်ဖော်ပြထားသော အစားအစာအုပ်စု သုံးမျိုးရှိ အုပ်စုတစ်မျိုးစီမှ အစားအစာအမျိုးအစား တစ်မျိုး(သို့) တစ်မျိုးထက်ပိုမို ရွေးချယ်စားသုံးရပါမည်။


အုပ်စု(၁) ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေသော အစားအစာများ

 ငါး၊ အသားအမျိုးမျိုး၊ ဝမ်းတွင်းကလီစာများ၊ ပုစွန်၊ ဥအမျိုးမျိုး၊ ဘဲသွေး၊ ပဲပြား၊ တို့ဟူး၊ ပဲအမျိုးမျိုး၊ နို့နှင့် နို့ထွက်ပစ္စည်းများ။အုပ်စု(၂) အင်အားဖြစ်စေသော အစားအစာများဆန်၊ပြောင်းဖူး၊ ပေါင်မုန့်၊ ခေါက်ဆွဲ၊ ကောက်ညှင်းနှင့် ပြုလုပ်သော မုန့်အမျိုးမျိုး၊ ပိန်းဥ၊ ကန်စွန်းဥ၊ အာလူး၊ ထောပတ်၊ ဆီအမျိုးမျိုး။အုပ်စု(၃) ရောဂါကာကွယ်စေသော အစားအစာများ အစိမ်းရောင်ရှိသော ဟင်းသီးဟင်းရွက်များ၊ အဝါရောင်ရှိသော သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက်များ၊ သံပုရာသီး၊ မာလကာသီး၊ ခရမ်းချဉ်သီးနှင့် အခြားသစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ။


ကျန်းမာရေးနှင့် ညီညွတ်သော စားသောက်မှု ပုံစံအတွက် အစားအစာအညွှန်း

၁။ အစာမျိုးစုံ စားသုံးရန်။

၂။ စားသုံးသော အစားအစာပမာဏကို ကိုယ်လက်လှုပ်ရှားမှုနှင့် မျှတစေခြင်းဖြင့် ကိုယ်အလေးချိန်ကို ထိန်းထားရန် (သို့မဟုတ်) အသက်နှင့် လိင် အလိုက် ရှိသင့်သော ကိုယ်အလေးချိန် ရရှိစေရန်။

၃။ ကောက်ပဲသီးနှံများ၊ ဟင်းသီးဟင်းရွက်များနှင့် သစ်သီးဝလံများ များစွာပါဝင်သော အစားအစာကို ရွေးချယ်စားသုံးရန်။

၄။ အဆီဓာတ်၊ ပြည့်ဝအဆီဓာတ်နှင့် ကိုလက်စထရောတို့ နည်းပါးသော အစားအစာကို ရွေးချယ်စားသုံးရန်။

၅။ အချိုဓာတ် အသင့်အတင့်ပါသော အစားအစာများကို ရွေးချယ်စားသုံးရန်။

၆။ ဆားနှင့် ဆိုဒီယမ် အသင့်အတင့်သာပါသော အစာများကို ရွေးချယ်စားသုံးရန်။

၇။ လတ်ဆတ်ပြီး အန္တရာယ် ကင်းရှင်းသော အစားအစာများကို ရွေးချယ်စားသုံးရန်။

၈။ ယမကာ သောက်သုံးတတ်ပါက အသင့်အတင့်သာ သောက်သုံးရန်။

၉။ ကိုယ်လက်လှုပ်ရှားမှု။


ကျန်းမာရေးနှင့် ညီညွတ်သော နေထိုင်စားသောက်မှုပုံစံ ဖြစ်ရန်အတွက် အောက်ပါ အချက်များကို လိုက်နာဆောင်ရွက်သင့်ပါသည်။

၁။ သကြားပါဝင်သည့် အချိုရည်များ သောက်သုံးမှုကို လျှော့ချရန်။

၂။ ကလေးများကို အစားအစာ ကျွှေးမွေးရာ ပန်းကန်ထဲ၌ ထည့်ပေးသရွေ့ အကုန်မစားခိုင်းဘဲ ကလေးစားနိုင်သမျှသာ စားတတ်သည့် အလေ့အကျင့်ကို မိခင်များ လက်ခံနိုင်ရေးအတွက် ညွှန်ကြားရန်။

(မှတ်ချက်။   ။ကလေး၏ အသက်အရွယ်အလိုက် ရှိသင့်ရှိထိုက်သော ကိုယ်အလေးချိန်ရှိရန် လိုအပ်ပါသည်။)

၃။ သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက်များ စားသောက်သည့်ပမာဏကို တိုးမြှင့်ရန်။

၄။ အင်အားဓာတ်များပြားပြီး အာဟာရဓာတ်အမျိုးအစား စုံလင်စွာ မပါရှိသော အစားအစာများ (ဥပမာ- အဆင်သင့်ထုပ်ပိုးထားသည့် သွားရေစာများ) စားသုံးသည့် ပမာဏကို ထိန်းချုပ်ရန်။

၅။ အင်အားဓာတ်လျော့နည်းသော အစားအစာများ (သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ)၊ သဘာဝအတိုင်း ဖြစ်နေသော အရောင်မျိုးစုံရှိသည့် သီးနှံများစားသုံးမှု ပမာဏကို တိုးမြှင့်ရန်။

၆။ အင်အားဓာတ်များပြားသော (အဆီ၊ သကြားနှင့်ကစီများသော) အစားအစာများနှင့် သကြားပါဝင်မှုများသော အချိုရည်များကို အနည်းငယ်သာ စားသောက်ရန်။ 

၇။ ပြည့်ဝအဆီ၊ တိရစ္ဆာန်အဆီများ (ဒိန်ခဲ၊ ထောပတ်၊ အခြားနို့ထွက်ပစ္စည်းများ၊ အသားမှရသော အဆီများ၊ အရေပြားအဆီများ၊ အုန်းနို့၊ အုန်းဆီ) စားသုံးမှုပမာဏကို လျှော့ချရန်။

၈။ ဆီများကို အကြိမ်ကြိမ်ကြော်ချက်ခြင်းနှင့် စည်သွပ်ထားသော အစားအစာများတွင် ဟိုက်ဒြိုဂျင်နိတ်ဓာတ်များ ပါရှိသည့်အတွက် ယင်းအစားအစာမျိုးကို ရှောင်သင့်ပါသည်။

၉။ ဟင်းသီးဟင်းရွက်မှရသော စားသုံးဆီကို လုံလောက်သော ပမာဏစားသုံးရန်နှင့် ငါးကို ရက်သတ္တပတ်လျှင် တစ်ကြိမ်မှ နှစ်ကြိမ် ပုံမှန်စားသုံးရန်။

၁၀။ ဆားစားသုံးမှုပမာဏကို တစ်နေ့လျှင် (၅) ဂရမ် (၁ ကျပ်သား၏ လေးပုံတစ်ပုံခန့်) ထက် လျော့နည်းစွာ စားသုံးရန်။

၁၁။ ဆားနယ်၍ ကြာရှည်ခံအောင် ပြုပြင်ထားသော အစားအစာများကို အသင့်အတင့်သာ စားသုံးရန်။

၁၂။ Aflatoxin ခေါ် မှို အဆိပ်ပါဝင်သော အစားအစာများ (ဥပမာ- ငရုတ်သီးခြောက်၊ မလတ်ဆတ်သော ပဲအမျိုးမျိုး) စားသုံးမှုကို အနည်းဆုံးဖြစ်စေရန်။

၁၃။ အစားအစာချက်ပြုတ်ပြင်ဆင်ရာတွင် ဆီဖြင့်ကြော်လှော်ခြင်း မဟုတ်သည့် အခြားနည်းလမ်းများကို အသုံးပြုသည့် အလေ့အကျင့်များကို ရွေးချယ်ရန်။

၁၄။ ကိုယ်လက်လှုပ်ရှားမှုများပြားသည့် နေထိုင်မှုပုံစံကို မြှင့်တင်ပေးရန်။

၁၅။ တယ်လီဗေးရှင်း၊ ဗီဒီယို ကြည့်ရှုချိန်နှင့် ကွန်ပြူတာဂိမ်းကစားခြင်း စသော လှုပ်ရှားမှုနည်း၍ အထိုင်များသော အပြုအမူများကို ကန့်သတ်ပေးရန်။

၁၆။ အသင့်အတင့် ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုမျိုးကို တစ်နေ့လျှင် နာရီဝက်၊ တစ်နာရီခန့်နှုန်းဖြင့် နေ့တိုင်းနီးပါးလုပ်ဆောင်ခြင်းကို တိုက်တွန်းရန်။ (အထူးသဖြင့် ထိုင်ခြင်းအချိန် များပြားသော နေထိုင်မှုပုံစံ ရှိသူများအတွက်)

၁၇။ ကိုယ်အလေးချိန်များခြင်းနှင့် အဝလွန်ရောဂါ မဖြစ်စေရန် ကာကွယ်ခြင်းနှင့် ကုသခြင်း။

၁၈။ မိမိအသက်အရွယ် ကိုယ်ခန္ဓာကို လိုက်၍ ရှိသင့်သည့် ကိုယ်အလေးချိန်ကို ထိန်းသိမ်းထားရန်။

၁၉။ အရက်ပါဝင်သည့်ဖျော်ရည်များကို တစ်ရက်လျှင် ၂ ယူနစ်ထက် ပိုမိုသောက်သုံးခြင်း မပြုရန်။


 သို့အတွက် ကျန်းမာ၍ အနာရောဂါကင်းရှင်းစေရန်၊ အဝလွန်ရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုသွေးချိုရောဂါ၊ ကင်ဆာရောဂါများ အစရှိသည်တို့ မခံစားရစေရန် ကာကွယ်ခြင်းသည် ကုသခြင်းထက်ကောင်းသည်ဟူသော ဆိုရိုးနှင့်အညီ သင့်တင့်သောကုန်ကျမှုဖြင့် ဖော်ပြပါအတိုင်း ချက်ပြုတ်စားသောက် နေထိုင်မှုပြုလျက် ကိုယ်လက်လှုပ်ရှားမှု မှန်မှန်ပြုလုပ်ခြင်းဖြင့် သက်ရှည်ကျန်းမာစွာ နေထိုင်ကြရန်အတွက် ဤဆောင်းပါးဖြင့် ရေးသားတိုက်တွန်းအပ်ပါသည်။


Credit: ပါမောက္ခ ဒေါက်တာပိုင်စိုး (ကျန်းမာရေး ပညာပေး)

By Dr. Pearl (7887 Healthcare Call Center)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18