Print

အစားအစာနှင့် ဗီတာမင်ဘီ - ၃ (သို့မဟုတ်) နိုင်ယာစင်

  09-Sep-2017
Preview Image

 ဗီတာမင် ၃ ကို နိုင်ယာစင် (Niacin) ဟူ၍ လူသိပိုများပါသည်။ နိုင်ယာစင်ကို အစားအစာမှ ရရှိနိုင်ရုံမက အမိုင်နိုအက်ဆ်တစ်မျိုးဖြစ်သော Tryptophan ကို ခန္ဓာကိုယ်အတွင်း (အသည်းထဲ) ၌ ဓာတ်ပြောင်းလဲခြင်းဖြင့်လည်း ထုတ်လုပ်နိုင်ပါသည်။ သို့သော် ခန္ဓာကိုယ်သည် Tryptophan ကို ပရိုတင်းများ ထုတ်လုပ်ရာတွင် ဦးစားပေးအသုံးပြုပြီး နိုင်ယာစင်ထုတ်လုပ်ခြင်းကို ဦးစားမပေးပါ။



နိုင်ယာစင်ရရှိနိုင်သည့် အစားအစာများ

နိုင်ယာစင်ကို တိရိစ္ဆာန်များ၏အသား အထူးသဖြင့် ရဲရဲနီသောအသား (red meat) နှင့် အသည်းမှရရှိနိုင်ပါသည်။ မြေပဲနှင့် ပဲအမျိုးမျိုးတို့သည်လည်း နိုင်ယာစင် ကြွယ်ဝကြပါသည်။  ကော်ဖီစေ့တွင် နိုင်ယာစင်ပါဝင်ပြီး ကော်ဖီစေ့ကိုလှော်လိုက်ခြင်းအားဖြင့် ကော်ဖီစေ့တွင်ပါသော Alkaloid ဓာတ်ပေါင်းတစ်မျိုးသည် ဓာတ်ပြောင်းလဲကာ Nicotinic acid ဖြစ်လာသဖြင့် နိုင်ယာစင်ပါဝင်မှု ပမာဏသည် အဆ (၃၀) ခန့် ပိုလာနိုင်ပါသည်။ အစာအမျိုးမျိုးတွင် နိုင်ယာစင်ပါဝင်မှုပမာဏကို အောက်တွင်ဖော်ပြထားပါသည်။
 နိုင်ယာစင်သည် ရေတွင်ပျော်ဝင်သော ဗီတာမင်ဖြစ်သဖြင့် အစားအစာများကို ရေနှင့် ချက်ပြုတ်သည့်အခါ အနည်းငယ်ဆုံးရှုံးနိုင်ပါသည်။ သို့သော် အလင်းရောင်၊ အပူ၊ လေဒဏ်၊ အက်ဆစ်နှင့် အယ်လ်ကာဆီ (alkali) တို့၏ ဒဏ်ကို ခံနိုင်ပါသည်။



ခန္ဓာကိုယ်ထဲသို့ စုပ်ယူခြင်း၊ သိုလှောင်ခြင်းနှင့် စွန့်ထုတ်ခြင်း
အစားအစာများတွင်ပါဝင်သည့် နိုင်ယာစင်ကို အူသိမ်မှစုပ်ယူပါသည်။ သို့သော် ပြောင်းဖူး (corn) တွင်ပါဝင်သည့် နိုင်ယာစင်ကို  အူမှစုပ်မယူနိုင်ပါ။ ထို့ကြောင့် ပြောင်းကို ပင်တိုင်စာအဖြစ် စားသုံးသူများတွင် နိုင်ယာစင်ချို့တဲ့မှုကို အများဆုံး တွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။



ခန္ဓာကိုယ် ဇီဝကမ္မလုပ်ငန်းများအတွက် အသုံးဝင်ပုံ

 ခန္ဓာကိုယ်သည် ဂလူးကို့စ်သကြားမှ အင်အားထုတ်ယူသည့် ဇီဝလုပ်ငန်းစဉ်တွင် နိုင်ယာစင်ကို အကူအင်ဇိုင်း (co-enzyme) အဖြစ် အသုံးပြုပါသည်။ နိုင်ယာစင်သည် ဖက်တီးအက်ဆစ် (fatty acide) များ ထုတ်လုပ်ရာတွင်လည်း ပါဝင်ကူညီပါသည်။


နိုင်ယာစင် ချို့တဲ့ခြင်း၏လက္ခဏာများ

 နိုင်ယာစင် ချို့တဲ့ခြင်းကြောင့်ဖြစ်သည့် ရောဂါကို pellagra ဟု ခေါ်ပါသည်။ pellagra ၏ အဓိကလက္ခဏာများကို ဒီ ၃ လုံး (Three Ds) ဖြင့် မှတ်သားနိုင်ပါသည်။ ယင်းတို့မှာ ဝမ်းပျက်ခြင်း (Diarrhea)၊ အရေပြားရောင်ရမ်းခြင်း (Dermatitis) နှင့် မှတ်ဉာဏ်လျော့နည်းဆုံးရှုံးခြင်း (Dementia) တို့ဖြစ်ပါသည်။ အရေပြားသည် မျက်နှာ၊ လည်ပင်း၊ ခြေ၊ လက် စသည့် နေရောင်ခြည်ထိတွေ့နိုင်သော နေရာများတွင် အနီပြင်ကဲ့သို့ ရောင်ရမ်းနေခြင်းဖြစ်သည်။ လက်တွင် လက်အိတ်များ စွပ်ထားသည့်အလား လက်ဝဲလက်ယာ နှစ်ဖက်လုံးတွင် ဆင်တူဖြစ်တတ်ပါသည်။ နိုင်ယာစင်ဓာတ်ပေါင်းတစ်မျိုးဖြစ်သည့် Nicotinamide ထိုးဆေး ထိုးပေးခြင်းဖြင့် ရက်သတ္တနှစ်ပတ်ခန့်အတွင်း ပျောက်သွားနိုင်ပါသည်။


Credit:
ဒေါက်တာလှကြည် (အာဟာရဆရာဝန်ကြီး)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18