Print

ရှောင်စေချင်သည့် တညင်းသီး

  30-Oct-2016
Preview Image

အားလုံး သိကြတဲ့ အသီးပါပဲ။ ကြိုက်တဲ့ လူလည်း တော်တော်များမယ် ထင်ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေ ဖြစ်မယ် ထင်ပါတယ်။ အဲဒါကတော့ တညင်းသီးပါ။ တညင်းသီးမှာ လူကို အကျိုးပြုတဲ့ ဗီတာမင်ဓာတ်ပါဝင်မှု မရှိပါဘူး။ သူ့မှာ ပါဝင်တာကတော့ လူကို ဒုက္ခပေးနိုင်တဲ့ အဆိပ်ဓာတ် ပါ။ တညင်းသီးမှာ Djenkolic acid ဆိုတဲ့ အဆိပ်တွေ ဝ.၃% ကနေ ၁.၃% အထိ ပါဝင် ပါတယ်။ တညင်းသီးဟာ အဆိပ်သင့် တတ်တဲ့ အစားအစာတစ်ခု ဖြစ်ပါတယ်။ တညင်းသီး အဆိပ်သင့်တာကို Djenkilism လို့ ခေါ်ပါတယ်။ အဆိုးရွားဆုံးကတော့ ကျောက်ကပ် နှစ်ခုစလုံး တစ်ပြိုင်နက် ပျက်စီးပြီး အသက် ဆုံးရှုံးတဲ့အထိဖြစ်နိုင်တာပါပဲ။ မြန်မာနိုင်ငံမှာ တညင်သီးပေါတဲ့ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ပဲခူးတိုင်း၊ရွှေကျင်နဲ့ သံတောင်ကြီး ဒေသတွေမှာ တညင်းသီး အဆိပ်သင့်မှု အများဆုံး တွေ့ရပါတယ်။ တညင်းသီးပေါတဲ့ ရာသီမှာ အဆိုးဆုံးအဖြစ်များပြီး နှစ်စဉ် အဆိပ်သင့်မှုကြောင့် အသက်ဆုံးရှုံးမှုတွေ ရှိပါတယ်။ အထူးသဖြင့် အဆိပ်သင့်တဲ့အခါ ဆေးရုံ တက်ရောက်ပြီးစနစ်တကျကုသမှုမခံယူရင် သေဆုံးဖို့လမ်း ပိုများတယ်လို့ ဆိုပါတယ်။ တညင်းသီးအဆိပ်ရဲ့ ဖွဲ့စည်းပုံမော်လီကျုးကတော့ အပ်ချောင်းပုံလေးတွေကို ပုတီးသီသလို သီထားတဲ့ပုံ ဖြစ်ပါတယ်။တော်တော်ရှည်ပြီး တစ်ခုနဲ့တစ်ခု အလွယ်တကူ ချိတ်တွယ်နိုင်ပါတယ်။ ကျနော်တို့ခန္ဓာကိုယ်မှာ အဆိပ်တွေ ဝင်လာရင် အသည်းက ပျက်ပြယ်အောင် လုပ်ပေးပါတယ်။ကျောက်ကပ်ကတော့ ခန္ဓာကိုယ်က အညစ်အကြေးတွေကို စွန့်ထုတ်ပေးပါတယ်။တညင်းသီး စားလိုက်ရင် ပါဝင်တဲ့ အဆိပ်တွေဟာ သွေးထဲကို အရင်ရောက်သွားပါတယ်။ ပြီးတဲ့အခါ အသည်းကို ရောက်ပါတယ်။

အသည်းဟာ ခန္ဓာကိုယ်ထဲကို ရောက်လာတဲ့ အဆိပ်တွေကို ပျက်ပြယ်အောင် လုပ်ပေးနိုင်ပေမယ့် တညင်းသီးမှာပါတဲ့ အဆိပ်ကိုတော့ ပျက်ပြယ်အောင် မလုပ်နိုင်ဘူးလို့ ဆိုပါတယ်။ အဲဒီအခါ ကျောက်ကပ်ကနေ စွန့်ထုတ်ဖို့ ကြိုးစားရပါတယ်။ ဒါပေမယ့်တညင်းသီးအဆိပ် မော်လီကျုးရဲ့ တည်ဆောက်ပုံကြောင့် ဆီးပြွန်ငယ်လေးတွေ ပိတ်ဆို့တတ်ပါတယ်။ နောက်ပြီး အပ်ချောင်းပုံ အဆိပ် မော်လီကျုးတွေက ထိုးလို့ သွေးကြောလေးတွေ ပေါက်တတ််ပါတယ်။ အဲဒီအခါ ဆီးသွားရင် သွေးပါတာ၊ ဆီးသွား နည်းတာတွေ ဖြစ်လာပါမယ်။ ပိုပြီး ဆိုးလာတဲ့အခါ ဆီးလမ်းကြောင်း ပိတ်ပြီး ဆီးလုံးဝသွားလို့မရ ဖြစ်လာပါမယ်။ ကျောက်ကပ် နှစ်ခုစလုံးက ဆီးမထွက်နိုင်လို့ တင်းလာပြီး မခံမရပ်နိုင်အောင် နာကျင်လာပါမယ်။ သွေးထဲမှာ Urea နဲ့ အဆိပ်အတောက်တွေ များလာပြီး ဆေးရုံကို အချိန်မီ တက်ရောက် ကုသမှုမခံယူရင် အသက် သေဆုံးနိုင်ပါတယ်။ ဒါကို ရုတ်တရက်ကျောက်ကပ် ပျက်စီးခြင်း (Acute Renal Failure) လို့ ခေါ်ပါတယ်။ ကျောက်ကပ်သန့်စင်စက် (Renal dialysis) နဲ့ အချိန်မီ ကုသနိုင်မှသာ အမြန်ဆုံး သက်သာမှာ ဖြစ်ပါတယ်။ တညင်းသီးစားမယ်ဆိုရင် တညင်းသီးမှာပါတဲ့ အဆိပ်ဓာတ်ဟာ ရေမှာ အနည်းငယ်သာ ပျော်ဝင်တဲ့အဆိပ်မျိုး ဖြစ်ပါတယ်။ ပျော်ဝင်နှုန်းကဝ.၅%သာ ဖြစ်ပါတယ်။တညင်းသီးကိုပြုတ်လိုက်ရင် အဆိပ်ဓာတ် နည်းနည်းသာ ပျော်ဝင်ပြီး ပြည့်ဝသွားတဲ့အတွက် အဆိပ်တွေ ထပ်ပြီး မပျော်နိုင်ပါဘူး။ ဒါကြောင့် ရေနဲ့ ပြုတ်တဲ့အခါ တစ်ကြိမ်တည်းနဲ့ မလုံလောက်ပါဘူး။ အနည်းဆုံး သုံးကြိမ်မှ ငါးကြိမ်ထိ ရေများများနဲ့ ပြုတ်ရမှာ ဖြစ်ပါတယ်။ ပြုတ်ပြီးတဲ့ရေတွေကိုလည်း သွန်ပစ်ပြီး ရေအသစ်နဲ့ ထပ်ပြုတ်ရမှာပါ။ ဒါဆိုရင်တော့ အန္တရာယ်တော်တော်လျော့သွားမှာပါ။ တညင်းသီး အဆိပ်ဟာ 300'C ကျော်မှသာ ဓာတ်ပြယ် ပျက်စီးပါတယ်။ရေဆူမှတ်ဟာ 100'C သာရှိတာကြောင့် ဘယ်လိုမှ ဓာတ်မပြယ်နိုင်ပါဘူး။ တကယ်လို့များ မီးဖုတ်ပြီး စားရင် အဆိပ်တွေဟာ ဓာတ်လည်း မပြယ်၊ အပြင်လည်း မရောက်တော့ 100% ခန္ဓာကိုယ်ထဲ ရောက်ပြီး ဒုက္ခပေးမှာ ဖြစ်ပါတယ်။ တညင်းသီးကို ဆားရည်မှာ ကြာကြာစိမ်ပြီး စားရင်တော့အဆိပ်တွေ တော်တော်လေး လျော့နည်းသွားတယ်လို့ ဆိုပါတယ်။ တညင်းသီး အဆိပ်ဟာ ဆားရည်မှာ အလွယ်တကူ ပျော်ဝင်ပါတယ်။ သိပ္ပံနည်းအရ pH များလေလေ ပျော်ဝင်မှု Solubility များ လေလေ ဖြစ်ပါတယ်။အနံ့ပြင်းပြင်း၊ အဆိပ်ပြင်းပြင်း တညင်းသီး စားပြီးတဲ့အခါ ပါးစပ်မှာ နံနေတာ၊ ဆီးသွားရင် အနံ့ဆိုးတာတွေဟာ ခန္ဓာကိုယ်ထဲမှာ အဆိပ်တွေ ဝင်နေပြီလို့ ဆိုလိုတာပါပဲ။ တညင်းသီး အဆိပ်နဲ့ပတ်သက်ပြီး WHO (1970), South East Journal of Tropical Medicine (1978) စသဖြင့် ထုတ်ပြန် ရေးသားထားတာတွေလည်း ရှိပါတယ်လို့ ဆိုတယ်။ ဒါကြောင့် စားပြီးရင် ခန္ဓာကိုယ်ကိုလည်း ဒုက္ခပေးသလို အိမ်သာထဲမှာလည်း အနံ့ဆိုးပေးတဲ့ ဒီလိုအသီးကို တတ်နိုင်သမျှတော့ မစားသင့်ဘူးလို့ ထင်ပါတယ်။

 

Healthcare.com.mm

 

Ref:

မြဝတီ

Source:khitlunge



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18