Print

ကိုက်လန်၏ ကျန်းမာရေး အကျိုးကျေးဇူး( ၁၀) ရပ်

  30-Oct-2016
Preview Image

ကိုက်လန်ကို အစိမ်းရောင် ဟင်းရွက်တို့ရဲ့ဘုရင်မလို့ တင်စားတတ်ကြသလို အာဟာရ စုပေါင်းရာ အိမ်တစ်လုံးလို့လည်း ခေါ်ဆိုတတ်ကြပါတယ်။ သင်စားတဲ့ အစားအသောက်ထဲကို ကိုက်လန် ထည့်စားပေးမယ်ဆိုရင် အောက်ပါ အကျိုးကျေးဇူး ၁၀ မျိုးကို ရရှိပါလိမ့်မယ်။

(1) အစာခြေလမ်းကြောင်းစနစ်ကို ကျန်းမာစေပါတယ်...

ကိုက်လန်မှာ ကယ်လိုရီ ပါဝင်မှု နည်းပါးပြီး အဆီဓာတ်လည်း လုံးဝမပါပါဘူး။ အမျှင်ဓာတ် များစွာ ပါဝင်ပါတယ်။ ကိုက်လန်တစ်ခွက်မှာ ၃၆ ကယ်လိုရီနဲ့ အမျှင်ဓာတ် ငါးဂရမ်တို့ ပါဝင်ပါတယ်။

(2) အထွေထွေ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်...

ကိုက်လန်မှာ သံဓာတ်များစွာ ပါဝင်ပါတယ်။ ကယ်လိုရီတူတဲ့ ကိုက်လန်နဲ့ အမဲသားတို့ကို နှိုင်းယှဉ်ကြည့်ရာ ကိုက်လန်မှာ သံဓာတ် ပိုမိုပါဝင်တာကို တွေ့ရပါတယ်။ သံဓာတ်ဟာ ဟေမိုဂလိုဘင်နဲ့ အင်ဇိုင်း ဖြစ်ပေါ်စေတာ၊ ခန္ဓာကိုယ် အစိတ်အပိုင်း အသီးသီးကိုအောက်ဆီဂျင် ပို့ပေးတာ၊ ဆဲလ်ကြီးထွားတာ၊ အသည်းရဲ့ လုပ်ငန်းဆောင်တာကိုကောင်းမွန်စေတာ စတဲ့ အာနိသင်တွေ ရရှိစေပြီး အထွေထွေ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

(3) ဗီတာမင်ကေ (Vitamin K) များစွာ ပါဝင်ပါတယ်...

ကိုက်လန်မှာ များစွာ ပါဝင်တဲ့ ဗီတာမင်ကေဟာ ကင်ဆာရောဂါ အမျိုးမျိုးကို ကာကွယ်ပေးနိုင်ပါတယ်။ အရိုးကျန်းမာရေးကို ကောင်းစေတဲ့အပြင် သွေးခဲတာမျိုးမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ အယ်လ်ဇိုင်းမားရောဂါ ခံစားနေရသူတွေကို သက်သာအောင် ဗီတာမင်ကေနဲ့ ကုသနိုင်ပါတယ်။

(4) ကင်ဆာအမျိုးမျိုးကို ကာကွယ်ပေးပါတယ်...

ကိုက်လန်မှာ ကာရိုတီးနွိုက်နဲ့ ဖလေဗိုးနွိုက်တို့လို အင်တီအောက်ဆီးဒင့်များစွာ ပါဝင်ပါတယ်။ ဒီအင်တီအောက်ဆီးဒင့်တွေက ကင်ဆာရောဂါ အမျိုးမျိုးကို မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

(5) ရောင်ရမ်းမှုကို လျော့ကျစေပါတယ်...

ကိုက်လန်ဟာ ရောင်ရမ်းမှု လျော့ကျစေတဲ့ အစာတစ်မျိုးပါ။ ကိုက်လန်တစ်ခွက်စာ ပမာဏမှာ တစ်နေ့တာ မှီဝဲသင့်တဲ့ အိုမီဂါ ၃ ဖက်တီး အက်စစ်ပမာဏ ၁၀ ရာခိုင်နှုန်းခန့် ပါဝင်တာကြောင့် ရိုးဆစ်ရောင်ရမ်းနာ၊ ပန်းနာရင်ကျပ်ရောဂါနဲ့ Autoimmune Disorder တို့ကို တွန်းလှန်ပေးနိုင်စွမ်း ရှိပါတယ်။

(6) နှလုံးသွေးကြောကို ကျန်းမာစေပါတယ်...

ကိုက်လန်မှာ နှလုံးသွေးကြော စနစ်ကို ကျန်းမာစေတဲ့ အစွမ်းရှိပါတယ်။ ကိုက်လန်ကို များများ စားပေးရင် သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောကို လျော့ကျစေနိုင်ပါတယ်

(7) အမြင်အာရုံကို ကောင်းမွန်စေပါတယ်...

ကိုက်လန်မှာ ဗီတာမင်အေ များစွာပါဝင်တာကြောင့် အမြင်အာရုံကို ကောင်းမွန်စေတဲ့အပြင် အဆုတ်နဲ့ ခံတွင်းကင်ဆာတို့ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

(8) ကိုယ်ခံစွမ်းအား စနစ်ကို ကောင်းမွန်စေပါတယ်...

ကိုက်လန်မှာ ဗီတာမင်စီ ပမာဏများစွာ ပါဝင်တာကြောင့် ကိုယ်ခံစွမ်းအားစနစ်၊ ဇီဝရုပ်ဖြစ်ပျက်မှုနဲ့ ရေဓာတ်ပြည့်ဝမှုတို့ကို အားပေးထောက်ပံ့နိုင်စွမ်း ရှိပါတယ်။

(9) အရိုး၊ အဆစ် ကျန်းမာစေပါတယ်...

ကိုက်လန်မှာ ကယ်လ်စီယမ် ပမာဏများစွာ ပါဝင်ပါတယ်။ ကယ်လိုရီ ပမာဏတူတဲ့ နွားနို့နဲ့ ယှဉ်ရင် ကိုက်လန်မှာ ကယ်လ်စီယမ် ပိုမို ပါဝင်တာကြောင့် အရိုးထုထည် ဆုံးရှုံးမှု မဖြစ်အောင်နဲ့ အရိုးပါးရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။ ဒါ့အပြင် ကိုက်လန်မှာပါတဲ့ ဗီတာမင်စီဟာ အရိုးနုနဲ့ အဆစ်တွေ သန်စွမ်းပျော့ပျောင်းအောင် ကူညီနိုင်ပါတယ်။

(10) ကိုယ်တွင်းအဆိပ်တွေကို ကင်းစင်စေပါတယ်...

ကိုက်လန်ကို အဆိပ်ဖယ်ရှားပေးနိုင်တဲ့ အစာလို့ တင်စားခေါ်ဝေါ်ကြပါတယ်။ ကိုက်လန်မှာ အမျှင်ဓာတ်နဲ့ ဆာလဖာတို့ အပြည့်အဝ ပါဝင်နေတာကြောင့် ကိုယ်ခန္ဓာတွင်းရှိ အဆိပ်တွေကို ကင်းစင်စေပြီး အသည်းကို ကျန်းမာစေပါတယ်။

 

Healthcare.com.mm

 

Ref:

ကြယ်စင်

Good Health



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18