Print

လူတိုင်းသိထားသင့်တဲ့ စားအုန်းဆီ(Edible oil)အကြောင်း

  30-Oct-2016
Preview Image

နေ့စဉ် ကြော်လှော်ချက်ပြုတ်သော မီးဖိုချောင်တို့၌ ဆီသည်များသောအားဖြင့် ပါလေရာ စားသောက်ကုန်တစ်မျိုး ဖြစ်ကောင်းဖြစ်နိုင် ပါသည်။ အမျိုးအမည်ပေါင်းများစွာသော အပင် တို့၏ ဆီထွက်နိုင်သော အစိတ်အပိုင်းမှန်သမျှ အဆီဓာတ်ကိုထုတ်ယူနိုင်ပါသည်။ သို့သော် လက်တွေ့တွင် ဆီကို အစေ့၊ အဆံမှ ထုတ်ယူစားသုံး လေ့ရှိသည်။ အသီးအရွက်အဆီနှင့် ဆီများ (Vegetable fats and Oils) တိုင်းကို စားသုံး၍ ရချင်မှရသည်။

သို့သော်ငြားလည်း အဆိုပါဆီအချို့ ကို စက်ဆီ၊ သင်္ဘောဆေး၊ အလှကုန်၊ ဆေးဝါးနှင့် အခြားသော စက်မှုလုပ်ငန်းများတွင် သုံးနိုင် ကြသည်။ လူတိုင်းအပင်မှ အဆီထုတ်တတ်ခဲ့ ကြောင်း သက်သေသာဓကအဖြစ် လွန်ခဲ့သော နှစ်ပေါင်း ၄၀၀၀မှ ရှေးဟောင်းပစ္စည်းများ တူးဖော် တွေ့ရှိခြင်းဖြင့် သိနိုင်ခဲ့ပါသည်။

ထို့ပြင် စားသုံး သောဆီများအဖြစ် ဖွဲနုဆီ၊ ပဲပုပ်ဆီ၊ အုန်းဆီ၊ မုန်ညှင်းဆီ၊ သံလွင်ဆီ၊ ပြောင်းဆီ၊ နေကြာဆီ၊ ၀ါစေ့ဆီ၊ စားအုန်းဆီ၊ နှမ်းဆီနှင့် မြေပဲဆီစသည် တို့ကို အမျိုးအမည်ခွဲခြားနိုင်ပါသည်။ သို့သော် အမျိုးမျိုးအဖုံဖုံ အသုံးတည့်လှသောဆီများကို အုပ်စု ခွဲခြားကြည့်လျှင်မူ အဆီများတွင် (က) အသီးအနှံမှ ရသော စားသုံးဆီအမျိုးမျိုး၊ (နှမ်းဆီ၊ မြေပဲဆီ၊ စားအုန်းဆီ၊ ဖွဲနုဆီ၊ နေကြာဆီ၊ ပန်းနှမ်းဆီ၊ မုန်ညှင်း ဆီစသည်များ.....)နှင့် (ခ) တိရစ္ဆာန်မှရသော အဆီများ (ထောပတ်ဆီ၊ အမဲဆီ၊ ၀က်ဆီ၊ ငါးဆီ၊ စသည်များ....)ဟူ၍ရှိကြောင်း သိနိုင်ပါသည်။ ထို့ကြောင့် အဆီနှင့်ဆီ (fats & oils) ကို အသုံးချရန် အတွက် အမျိုးမျိုးအဖုံဖုံ သုတေသနပြုလာကြရာ ဆပ်ပြာ၊ အသားအရေထိန်းဆေး၊ ဖယောင်းတိုင်၊ ရေမွှေး၊ အခြားတစ်ကိုယ်ရေသုံးပစ္စည်းများကဲ့သို့ အလှကုန်ဆေးဝါး၊ လူသုံးကုန်ပစ္စည်းများနှင့် လောင်စာ(fuel) တွင်ပါမကျန် ပါ၀င်ပစ္စည်းဖြစ်လာ ခဲ့သည်။

လူခန္ဓာကိုယ်အတွက်အင်အားကို အဆီ ဓာတ် (fats)၊ ကစီဓာတ် (Carbohydrates)နှင့် ပရိုတိန်းဓာတ် (Proteins)တို့မှ ရရှိပါသည်။ ယင်းတွင် အဆီဓာတ်ကို တိရစ္ဆာန်ထွက် အစားအစာများနှင့် ဆီထွက်သီးနှံများမှ ရရှိသည်။ အဆီဓာတ်သည် ကစီဓာတ်နှင့် ပရိုတိန်းဓာတ်များထက် ကယ်လိုရီကို ပိုမိုပေးပါသည်။ အဘယ်ကြောင့်ဆိုသော် အဆီ ဓာတ်တစ်ဂရမ်စားသုံးပါက (၉) ကယ်လိုရီ ရသော် လည်း ကစီဓာတ်နှင့် ပရိုတိန်းဓာတ်ကို တစ်ဂရမ်စီ စားသုံးလျှင် (၄) ကယ်လိုရီသာရနိုင်ပါသည်။

အချို့သောအဆီများတွင် ပျော်ဝင်နေသော ဗီတာမင် များကို အူမှစုပ်ယူနိုင်ရေးအတွက်ဆီကို စားသုံးရန် လိုအပ်ကြောင်းလည်း ဆိုကြ၏။

စားသုံးဆီများကို ပြည့်ဝအဆီ (Saturated Oil) နှင့် ပြည့်ဝမဟုတ်သောအဆီ (Unstaurated Oil) ဟူ၍ ခွဲခြားနိုင်သည်။ တစ်ဖန် ပြည့်ဝမဟုတ်သော အဆီကို ပေါင်းစုအဆီ (Poly Unsaturated Oil) နှင့် တစ်မယ်တည်းအဆီ (Mono Unsaturated Oil) ဟူ၍ နှစ်မျိုးထပ်မံခွဲခြားထားပြန်သည်။

ပြည့်ဝအဆီတွင် တိရစ္ဆာန်မှရသောအဆီ၊ ထောပတ်၊ အုန်းဆီနှင့် စားအုန်းဆီတို့ပါ၀င်ပြီး စားသုံး၍လွန်ကဲလျှင် ကျန်းမာရေးကို ထိခိုက်နိုင်သည်။ စားသုံးရန် သင့်တော်သော အဆီဖြစ်သည့် ပြည့်ဝမဟုတ်သော အဆီ (Unsaturated Oil) အမျိုးအစားပေါင်းစုံအဆီ (Poly Unsaturated Oil) ဆိုသည်မှာလည်း ပြောင်းဖူး ဆီ၊ ပဲပိစပ်ဆီ၊ နေကြာဆီ၊ နှမ်းဆီစသည်တို့ဖြစ် သောကြောင့် စားသုံးနေကြမြဲပင်ဖြစ်သည်။ ဤတွင် ပြည့်ဝမဟုတ်သောအဆီအမျိုးအစားဝင် တစ်မယ် တည်းအဆီ (Mono Unsaturated Oil) ဖြစ်သော သံလွင်ဆီနှင့် မြေပဲဆီတို့မှာ လူတို့စားသုံးရန် အသင့် တော်ဆုံးဆီများဖြစ်ကြောင်း ကျန်းမာရေးပညာရှင် များက ညွှန်ပြကြသည်။

သို့ဖြစ်လျှင် စားအုန်းဆီ သည် ပဲဆီထက်ပြည့်ဝအဆီ ပါ၀င်နှုန်းနှစ်ဆ ကျော်မြင့်မားသောကြောင့် သာမန်အိမ်ထောင်စု များနှင့် ရောင်းတန်းဝင် စားသောက်ကုန်ဆိုင်များ တွင် ချင့်ချိန်သုံးစွဲကြရန် လိုသည်။

သို့သော် စားအုန်းဆီသည် စားသောက် ကုန်အမှတ်တံဆိပ်မှ ထည့်သွင်းပစ္စည်းအမယ် စာရင်းတွင် ထည့်သွင်းခြင်း၊ စားအုန်းဆီစားသုံးမှု မြင့်တက်များပြားလာခြင်း၊ လူဦးရေများများနှင့် စားသောက်ကုန်အချို့တွင် စားအုန်းဆီ၏သြဇာ သက်ရောက်နေမှုကြောင့် ကျန်းမာရေးကိုစိုးရိမ်သောလူများက ယင်းဆီကို ဖိအားပေးလာကြသည်။ တစ်ဖန် ပြည့်ဝအဆီ (Saturated Oil) အားလုံးလိုလိုသည် ကိုလက်စထရောဆိုးကျိုးကိုမပေးကြောင်းလည်း စမ်းသပ်တွေ့ရှိကြသည်။ ယင်းတွင် လူကို ကောင်းကျိုးပေးသော ကိုလက်စထရော (H.D.L) နှင့်ဆိုးကျိုးပေးသော ကိုလက်စထရော (L.D.L) ဟူ၍ရှိ ရာ စားအုန်းဆီစားသုံးမှုသည် အခြားပြည့်ဝ အဆီများ ဖြစ်သည့် အုန်းဆီ၊ နို့၊ တိရစ္ဆာန်အဆီများ နှင့် နှိုင်းယှဉ်လျှင် သွေးထဲမှကိုလက်စထရော နည်းပါးပါသည်ဟု စမ်းသပ်မှုအစီရင်ခံစာအချို့က ဖော်ပြကြပြန်သည်။ ထို့ပြင် စားအုန်းဆီတွင် ပါ၀င် သည့် ပါမစ်တစ်အက်ဆစ် (Palmitic Acid) က အခြား ပြည့်ဝအဆီများနှင့်မတူဘဲ ကိုလက်စထရောအဆင့် ကိုမျှစေသည်ဟူ၍လည်း ဆိုကြ၏။

ဆီစားသုံးမှုတွင် ပြည့်ဝအဆီ (Saturated fat)သည် ကျန်းမာရေး အတွက် မသင့်လျော်ကြောင်း၊ ပုံပြောင်းအဆီ (Trans fat) သည် လူကိုအန္တရာယ်ပေးတတ်ကြောင်း၊ ပြည့်ဝ မဟုတ်သောအဆီ (Unsaturated fat) ကို စားသုံး သင့်၍ တစ်မယ်တည်းအဆီ (Mono Unsaturated Oil) ကိုသာ ဦးစားပေး၍စားသုံးသင့်ကြောင်း ဓာတ်ခွဲ ပညာရှင်များက တွေ့ရှိခဲ့ကြသော်လည်း သဘော ထားကွဲလွဲမှုအနည်းငယ်ရှိခဲ့သည်။ အချို့က ချက်ပြုတ်ကြော်လှော်ရာတွင် ဆီသည် မရှိမဖြစ် လိုအပ်သည်ဟု ဆိုကြသော်လည်း အချို့က ဆီကို ရှောင်ကြဉ်သင့်သည်ဟု သဘောထားခဲ့ကြသည်။

F.D.A အဖွဲ့အစည်းကမူ အဆီစားသုံးလျှင် ကယ်လိုရီ နည်းနည်း (သို့) ပါ၀င်မှု ၃၀% သာ စားသုံးသင့် သည်ဟု ထောက်ခံချက်ပေးကြသည်။ အခြား အာဟာရဓာတ်ပညာရှင်များက ညွှန်းရာတွင် လူ တစ်ယောက်အနေဖြင့် အဆီကရသည့် ကယ်လိုရီကို ၁၀% ထက်မပိုသင့်ဟု ဆိုကြပြန်သည်။ သို့ဖြင့် ဆီ စားသုံးမှုလွန်ကဲလျှင် အသည်းအဆီဖုံးခြင်း၊ နှလုံး သွေးကြောကျဉ်းခြင်း၊ နှလုံးရောဂါနှင့် ကင်ဆာ ရောဂါကိုအားပေးခြင်းဟူသော ဆိုးကျိုးများကို ရနိုင်ကြောင်း ကျန်းမာရေးအသိ များရှိခဲ့ကြသည်။

လူတို့အတွက် နေ့စဉ်အာဟာရဓာတ် လိုအပ်ချက်တွင် ဆီသည်လည်း တစ်ခုအပါအဝင် ဖြစ်ပါသည်။

သို့သော် ဆီစားသုံးမှုများပြားပါက ကျန်းမာရေးကိုထိခိုက်နိုင်ပြီး အသည်းအဆီဖုံးခြင်း၊ နှလုံးသွေးကြောကျဉ်းခြင်း၊ နှလုံးရောဂါနှင့် ကင်ဆာရောဂါကိုအားပေးခြင်း စသည့်ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်သဖြင့် “တန်ဆေး၊ လွန်ဘေး”ဆိုသည့် မြန်မာ စကားပုံအတိုင်း ချင့်ချိန်စားသုံးကြရန် လိုအပ် ပါကြောင်း တင်ပြအပ်ပါသည်။

 

Healthcare.com.mm

 

Ref:

ပိုပိုဇော်(သဘာဝအားအင်)

Source: myanmarfoodindustry-directory



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18