Print

အစားအသောက် ဆိုင်ရာ အယူအလွဲတချို့

  30-Oct-2016
Preview Image

သက်ရှိဆိုတာက အစားအသောက်နဲ့ မကင်းဆုံးမဟုတ်ပါလား။ အဲဒီ အစားအသောက်အပေါ်မှာပဲ အယူအစွဲလေးတွေ ရှိနေတတ်ပြန်ပါတယ်။ ကျန်းမာရေးရှုထောင့်ကနေ ဆီလျော်တာလည်းရှိ၊ လွဲချော်တာလည်းရှိပေါ့။ အဲဒီ အမှတ်အယူ အလွဲလေးတွေနဲ့ ပတ်သက်ပြီး လေ့လာကြည့်ချင်ပါတယ်။

- ညဘက် အစာစားတာက ဝ စေသလား

အများအားဖြင့်တော့ အဲသလို ထင်ကြပါတယ်။ အမှန်တကယ် သုတေသနပြုချက်တွေအရတော့ ဒီအချက်ကို အတည်ပြုစရာ မရှိသေးဘူး လို့ ဆိုပါတယ်။ တကယ်သိထားရမှာက ကယ်လိုရီများတဲ့ အစားအသောက်တွေစားတာကသာ ဝစေတယ်ဆိုတာပါ။ တခုတော့ ရှိတာပေါ့။ညဘက်စားတာက ကယ်လိုရီများတဲ့ အစာတွေချည်းဆိုရင်တော့ ဝလာမှာပေါ့။ ညဘက်အိပ်ယာဝင်ခါနီး အစာစားတာရဲ့ အကျိုးဆက်တခုကတော့ ရင်ပူတာနဲ့ အစာမကြေတာပါပဲ။ အဲဒီတော့ မဝသည့်တိုင် ညပိုင်းမှာ ပုံမှန်စောစော စားတဲ့ အလေ့အထကသာ ကျန်းမာရေးနဲ့ သင့်လျော်ပါတယ်။

- သကြားတမျိုးနဲ့ တမျိုးမတူဘူးလား

ရိုးရိုး သကြားပဲ ဖြစ်ဖြစ်၊ ပျားရည်ထဲကသကြားဖြစ်ဖြစ်၊ တခြားအသီးတွေမှာပါတဲ့ သကြားဖြစ်စေ၊ပြောင်းဖူးက သကြားဖြစ်စေ အားလုံးက ကယ်လိုရီတွေ ပေးတာပါပဲ။ စားပွဲဇွန်းတဇွန်းမှာ ကယ်လိုရီ ၄၈ ကနေ ၆၄ လောက်အထိပါတတ်ကြပါသတဲ့။ ခန္ဓာကိုယ်ကလည်း ဘယ်လို ဖြည့်စွက် သကြားကိုမဆို စုပ်ယူတာပါပဲ။ အဲဒါကြောင့် သကြားရွေးချယ်ပြီး စားနေတာမျိုးထက် ဘယ်သကြားအမျိုးအစားမဆို လျှော့ပြီးသာစားရမှာပါ။

- ကော်ဖီက မကောင်းဘူးလား

ဒါလည်း အငြင်းပွားမဆုံးတဲ့ အယူအဆတခုပေါ့။ အသင့်အတင့်(တနေ့ကို ၂ ခွက် ၃ ခွက်) သောက်သုံးတာကတော့ အင်တီအောက်ဆီးဒင့် ပါဝင်ပြီး ကျန်းမာရေးအတွက် အထောက်အကူပြုတာ သေချာပါတယ်။ သုတေသနတွေအရဆိုရင် ကော်ဖီက အမျိုးအစား ၂ ဆီးချိုရောဂါ၊ သည်းခြေကျောက်တည်နာ၊ ပါကင်ဆန် ခေါ်တဲ့ ခြေတုန်လက်တုန် ရောဂါနဲ့ ကင်ဆာတွေ ဖြစ်နိုင်ခြေ လျှော့ချပေးတယ်လို့ အခိုင်အမာဆိုပါတယ်။ ကယ်လိုရီမများအောင် နို့ ဒါမှမဟုတ် ကရင်မ်နဲ့ သကြားတွေ ပါဝင်မှုကို ထိန်းချုပ်ဖို့တော့ လိုအပ်ပါတယ်။

- အဆီလုံးဝ မစားသင့်ဘူးလား

ခန္ဓာကိုယ်ရဲ့ အခြေခံလိုအပ်တဲ့ အာဟာရ ၃ မျိုးက ပရိုတင်း၊ ကာဘိုဟိုက်ဒရိတ်နဲ့ အဆီပါ။ အဆီဆိုရာမှာ အစေ့အဆံတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ ငါးနဲ့ သံလွင်ဆီတွေကတော့ အင်အားဖြစ်စေတယ်၊ ဆဲလ်တွေ ပြန်လည်တည်ဆောက်ပေးတယ်၊ ဟော်မုန်းတွေ ထုတ်လုပ်စေတယ် ဆိုတဲ့ အကျိုးထူးတွေရရှိစေပါတယ်။ အကန့်အသတ်နဲ့ စားသုံးသင့်တာတွေကတော့ ပြည့်ဝဆီနဲ့ အသွင်ပြောင်းဆီလို့ ခေါ်ကြတဲ့ တိရစ္ဆာန်တွေကရတဲ့ အဆီ၊ ထောပတ်၊ နို့ကထုတ်လုပ်တဲ့ စားစရာတွေနဲ့ အသင့်စားဖို့ ထုတ်လုပ်ထားတဲ့ အစားအသောက်တွေကရတဲ့ အဆီတွေပါ။

- သဘာဝဆားက အသင့်လျော်ဆုံးလား

တချို့က ပင်လယ်ရေကနေ တိုက်ရိုက်ချက်တဲ့ သဘာဝဆားမှ ဆိုဒီယမ်စစ်တယ်ထင်ကြပါတယ်။ ဒါကေတာ့ မှားယွင်းတဲ့ ယူဆချက်ပါ။ တခြားစက်ရုံတွေမှာ ထုတ်လုပ်တဲ့ ဆားတွေလည်း အတူတူပါပဲ။ နောက်ပြီးတော့ သိထားသင့်တာက ကိုယ်ထဲက လိုအပ်တဲ့ ဆားပမာဏ ရ၅ရာခိုင်နှုန်းလောက်က သီးသန့်ထည့်စရာမလိုဘဲ ပြင်ဆင်ထားတဲ့ အစာတွေကနေရတာပါ။ ချိစ်၊ စည်သွပ်ဘူး၊ ဟင်းချက်မှုန့် အားလုံးမှာ အငန်ဓာတ်လေးက ပါပြီးသားမဟုတ်လား။

-ရေများများသောက်ရင် ဝိတ်ကျနိုင်သလား

တချို့ ကလေးဆန်ဆန်တွေးကြတာပေါ့။ရေများများသောက်၊ ရှူးများများပေါက်ရင် ဝိတ်ကျစေမလားဆိုတာပါ။ ရေက ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တာ အမှန်ပါ။ ဒါပေမယ့် ဝိတ်ကျတာနဲ့တော့ မဆိုင်ပါဘူး။ ရေတွေချည်းသောက်ပြီး ဗိုက်ပြည့်နေလို့ တခြား ကယ်လိုရီများတဲ့ အစားအသောက်တွေ မစားဘဲနေရင်တော့ ဝိတ်ကျဖို့ အထောက်အကူဖြစ်နိုင်မှာပေါ့။ ဘာအစားအသောက်မှ မလျှော့ဘဲ ရေတွေ အများကြီး ဖြည့်ပြီးသောက်နေရုံနဲ့တော့ ဝိတ်ကျလာစရာ အကြောင်းမရှိတာ အသေအချာပါပဲ။

- ဂျုံအကြမ်းသက်သက်စားမှ ကျန်းမာတာလား

ဂျံု၊ဆန် အကြမ်းထည်တွေက အမျှင်ဓာတ်ပါတာ၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ၊ အင်တီအောက်ဆီဒင့်တွေ ပါတာကြောင့် ကျန်းမာရေးအတွက် ကောင်းတယ်ဆိုတာက မှန်ပါတယ်။ ဒါပေမယ့် အဲဒါက ဂျံုအချောတွေနဲ့ လုပ်ထားတာတွေကို စွန့်ပစ်ဖို့ ဆိုလိုတာမဟုတ်ပါဘူး။ ရံဖန်ရံခါ အူလမ်းကြောင်းမှာ ရောဂါပိုးတွေဝင်ပြီး ပြန်နလံထူစ ကာလမျိုးမှာ ဂျံုအချောထည်တွေနဲ့ လုပ်ထားတဲ့ အစားအသောက်တွေကလည်းလိုအပ်ပါတယ်။ ဂျံုအနုနဲ့ လုပ်ထားတဲ့ အစားအသောက်တွေမှာ ဖောလစ်အက်ဆစ် ကြွယ်ဝပါတယ်။ ဂျံုကြမ်းက ကျန်းမာရေးအတွက် ပိုပြီးအလေးပေးသင့်တယ်ဆိုပေမယ့် ဂျံုအနုလေးတွေလည်းစားပေးရမှာပါ။

- သကြားစားတဲ့ ကလေးတွေ ဂဏှာမငြိမ်ဖြစ်သလား

တချို့ကတော့ ကလေးတွေ ထိန်းမရအောင်ကဲကြတာ အချိုတွေစားလို့ ဆိုပြီး အမှတ်လွဲကြပါတယ်။ သကြားစားတိုင်း အဆော့လွန်နေကြတာ မဟုတ်ပါဘူး။ ပွဲလမ်းမှာ မုန့်အချိုတွေစားပြီး အငြိမ်မနေ၊ မျောက်မူးလဲ ဖြစ်နေကြတာက ပတ်ဝန်းကျင် အနေအထားကို စိတ်လှုပ်ရှားကြလို့ပါ။ ဒါပေမယ့်လည်း ကလေးတွေ သကြားအလွန်အကျွံ မစားဖို့တော့ ဂရုစိုက်ရမှာပါပဲ။အချိုတွေက ကျန်းမာရေးပြဿနာတွေဖြစ်တတ်လို့ပါပဲ။

- အားကစားသမားတွေ ပရိုတင်း အများကြီးစားရမှာလား

အားကစားသမားတွေ အသားဓာတ် ပရိုတင်း အများကြီးစားမှ ကြွက်သားတွေ အားရှိသန်စွမ်းမယ်လို့ ထင်နေပါသလား။ အဲဒီလောက်ကြီးတော့ မဟုတ်ပါဘူး။ အများစုကတော့ အဲသလို သတ်မှတ်ပြီး စားကြတာတွေ တွေ့ရမှာပါ။ တကယ်တမ်း ကြွက်သားတွေ သန်မာတောင့်တင်းဖို့ လုံလောက်တဲ့ ကယ်လိုရီ၊ ပုံမှန်လေ့ကျင့်ခန်းတွေလုပ်ပေး၊ ကြွက်သားတွေ လှုပ်ရှားပြီးတာနဲ့ ကာဘိုဟိုက်ဒရိတ်နဲ့ ပရိုတင်းတွေမျှတအောင်စားရမှာပါ။

- သကြားအများကြီးစားလို့ ဆီးချိုဖြစ်တာလား

တချို့တော့ အလွယ်ပြောပြီး ထင်မှတ်မှားနေကြလေရဲ့။ အချိုစားလို့ ဆီးချိုဖြစ်တယ်ရယ်လို့ ပြောမရနိုင်ပါဘူး။ဆီးချိုရောဂါသမားက သကြားတွေစားပြီး ဆီးချိုတက်မှာ ဖြစ်ပေမယ့် ဆီးချိုမရှိသူက သကြားစားလို့ ဆီးချိုမဖြစ်ပါဘူး။ ဆီးချိုဖြစ်နိုင်ချေက သကြားစားတာထက် အဝလွန်တာ၊ လှုပ်လှုပ်ရှားရှား မရှိဘဲ နေတာတွေကြောင့်ပါ။ သကြားမစားဘဲ နေဖို့ထက် လမ်းထလျှောက်လိုက်တာက ဆီးချိုရောဂါကာကွယ်မှာပါ။

- ကာဘိုဟိုက်ဒရိတ်တွေက ကိုယ်အလေးချိန်တက်သလား

ဒါလည်း အမှတ်မလွဲပါနဲ့။ ကာဘိုဟိုက်ဒရိတ်တွေအားလုံးက ဝိတ်တိုးစေတာ မဟုတ်ပါဘူး။ ဝိတ်ကျအောင် ကာဘိုဟိုက်ဒရိတ်မစားဘဲ နေတာမျိုး မလုပ်သင့်ပါဘူး။ အစားတမျိုးကို ဖြတ်ပြီး ကျန်တာတွေ အားပြုစားလို့ ဝိတ်ကျစေပါ့ မလား။ ကယ်လိုရီတွေက ဝိတ်တိုးစေတာပါ။ ကယ်လိုရီတွေက ကာဘိုဟိုက်ဒရိတ်မစားလည်း ပရိုတင်း၊ အဆီ စတာတွေကနေ ရနေရင် ဝိတ်တက်မှာပါပဲ။ အစာအားလုံးမျှတအောင် ချင့်ချိန်စားသုံးသင့်ပါတယ်။

အထက်မှာ ပြောခဲ့တာတွေမှ မဟုတ်ပါဘူး။ ကျန်းမာရေးနဲ့ ပတ်သက်ရင် အယူလွဲလေးတွေရှိတတ်ပါတယ်။ ပထမဆုံး အဲသလို ကြားဖူးနားဝကို အယူအစွဲ မလုပ်လိုက်သေးခင် မှန်ရဲ့လား စူးစမ်းဖို့ လိုပါတယ်။

ဒုတိယ အနေနဲ့ ဘယ်သူပြောတာလဲလို့ ကိုယ့်ဘာသာ ပြန်မေးခွန်းထုတ်ပါ။ ဘာတွေကို အခြေခံပြီးပြောနေသလဲ၊ သူ့ပစ္စည်း ကြော်ငြာဖို့ ပြောနေတာလား၊ လေ့လာချက် သေးသေးလေးကနေ လိုရာဆွဲပြောလား ဆိုတာ ခွဲခြမ်းစိတ်ဖြာရပါမယ်။

တကယ်တမ်း ကျန်းမာရေးနဲ့ ပတ်သက်လို့ လေ့လာလိုက်စားသူတွေ၊ တတ်ကျွမ်းသူ ဆရာဝန်တွေက ချင့်ချိန် နှိုင်းဆ အကြံဉာဏ်ပေးကြတာမျိုးတွေကို လိုက်နာကျင့်သုံးရင်တောင်မှ ကိုယ့်အတွက် ရလဒ်က အဆင်မပြေရင် ပိုပြီး တိကျသေချာတဲ့ အချက်အလက်တွေ စုဆောင်းပါ။ ပိုပြီး တတ်သိနားလည်သူတွေနဲ့ တိုင်ပင်ဆွေးနွေး လေ့ကျင့်ပါ။ ကျန်းမာရေး လိုက်စားတာက ကောင်းမွန်တဲ့ အလေ့အထ ဖြစ်ပေမယ့် လွဲချော်တဲ့ အယူအစွဲတွေကတော့ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်သေးတာ သတိပြုကြဖို့ပါပဲ။ ။

 

Ref;

ကျန်းမာရေး, ဗဟုသုတ, အတွေးအမြင်

ဖိုးသူတော် (www.phothutaw.com)

Credit: Irrawaddy



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18