Print

စူပါတိုက်ဖွန်းမုန်တိုင်း မြန်မာနိုင်ငံကို သက်ရောက်မှုမရှိတော့ဟု မိုးဇလ...

  18-Sep-2018
Preview Image

ဖိလစ်ပိုင်မှာ ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ စူပါတိုင်ဖွန်းမုန်တိုင်းရဲ့ လက်ရှိလမ်းကြောင်း အခြေနေကြောင့် မြန်မာနိုင်ငံကို သက်ရောက်မှုမရှိနိုင်တော့ဘူးလို့ မိုးလေဝသဌာန တာဝန်ရှိသူက ပြောပါတယ်။ဒီမုန်တိုင်းရဲ့ အရှိန်ကြောင့် မြန်မာနိုင်ငံအရှေ့ပိုင်းနဲ့ အလယ်ပိုင်းမှာ မိုးရွာမယ်လို့ အစက ခန့်မှန်းခဲ့တာပါ။

မိုးလေဝသဌာန ခန့်မှန်းရေးမှူး ဒေါက်တာ သန်းနိုင်က “လောလောဆယ်တော့ စောင့်ကြည့်နေတယ်။ မုန်တိုင်းလမ်းကြောင်းအပေါ်မှာလည်း မူတည်တယ်။ အောက်ကိုသာ နည်းနည်းကျသွားရင်တော့ မိုးလိုက်ဖို့ အလားအလာရှိတာပေါ့။ အပေါ်တက်ရင်၊ အနောက်မြောက်ဘက်ကို သွားရင် ကျနော်တို့ဘက်မှာ ဘာမှ သက်ရောက်မှုမရှိဘူး။ အစကတော့ မှန်းထားတာပေါ့နော်။ ၁၈၊ ၁၉ ဆိုရင် မိုးလိုက်လာနိုင်တယ်လို့။ အခုက ပြောထားတာက ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းနဲ့ တရုတ်နိုင်ငံ တောင်ပိုင်းကို ဖြတ်ဖို့လုပ်နေပါတယ်” လို့ ပြောပါတယ်။

ဒါပေမယ့် ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်မယ့် လေဖိအားနည်းရပ်ဝန်းကြောင့်တော့ မိုးရွာနိုင်တယ်လို့ သူက ပြောပါတယ်။ဒေါက်တာ သန်းနိုင်က “ကျနော်တို့ အခုထုတ်ပြန်ထားတာပေါ့။ ဘင်္ဂလား ပင်လယ်အော် အလယ်ပိုင်းမှာ မနက်ဖြန်၊ ဒါမှမဟုတ် သန်ဘက်ခါ နှစ်ရက်အတွင်းမှာ လေဖိအားနည်း ရပ်ဝန်းတခု ဖြစ်နိုင်ပါတယ်။ ဒါကြောင့် မြစ်ဝကျွန်းပေါ်နဲ့ တောင်ဘက်မှာ မိုးရွာဖို့ အလားအလာရှိပါတယ်” လို့ ပြောပါတယ်။

ဖိလစ်ပိုင်နိုင်ငံကို စက်တင်ဘာလ ၁၅ ရက်နေ့က တိုင်ဖွန်းမုန်တိုင်း မင်းကွတ် ဝင်ရောက် တိုက်ခတ်ခဲ့လို့ အနည်းဆုံး လူ ၂၅ ယောက်သေဆုံးခဲ့ပါတယ်။ ဒီကနေ့မှာတော့ ဟောင်ကောင်ကို ဝင်ရောက် တိုက်ခတ်နေပြီး မုန်တိုင်းအန္တရာယ်ကို အမြင့်ဆုံး တပ်လှန့်ထားတယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြပါတယ်။

Credit : dvbnews



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18