Print

လာမည့်နှစ်တွင် ဆေးဝါးအသစ် ၁ဝ မျိုးခန့်ကို ဆေးဝါးစက်ရုံ (အင်းစိန်) မှ ထ...

  15-Jan-2018
Preview Image

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ ကြို့ကုန်းဆေးဝါးစက်ရုံ၌ ဆေးဝါးသစ် ၁ဝ မျိုးခန့်ကို လာမည့်နှစ်တွင် ထုတ်လုပ်ရန် စီစဉ်နေပြီး ဆေးဝါးသစ်များ ပိုမိုထုတ်လုပ်နိုင်ရန် ဆောင်ရွက်လျက် ရှိကြောင်း စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးလုပ်ငန်း ညွှန်ကြားရေးမှူး ဦးကိုကိုအောင်ထံမှ သိရသည်။ ယခုနှစ်အတွင်း ထုတ်လုပ်ခဲ့သည့် HIV ကုသဆေး အပါအဝင် ကျန်ရှိနေသေးသော ဆေးဝါးများကိုလည်း ထုတ်လုပ်နိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။


ယခုထုတ်လုပ်မည့် ဆေးဝါးများသည် မော်ဖင်းကဲ့သို့သော ကင်ဆာဝေဒနာရှင်များအား ကုသနိုင်သည့် ဆေးဝါး၊ အသည်းရောင် အသားဝါဘီနှင့် HIV ဗိုင်းရပ်စ်ပိုးသတ်သော ဆေးဝါး၊ ပဋိဇီဝ (Antibiotics)ဆေးဝါးများ၊ အစာအိမ် ကုသနိုင်သည့် ဆေးဝါးများ၊ အဆီကျဆေးဝါးများအပြင် လက်သန့်ဆေးရည်၊ နှလုံးရောဂါကု ဆေးဝါးများအပါအဝင် ဆေးဝါးသစ် ၁ဝ မျိုးကို ထုတ်လုပ် မည်ဖြစ်သည်။ လက်ရှိ တစ်နိုင်ငံလုံး ဆေးဝါးလိုအပ်ချက် အတိုင်းအတာ၏ ၈ ရာခိုင်နှုန်းခန့်သာ ထုတ်လုပ်နိုင်သေးပြီး လာမည့်နှစ်များတွင် တိုးမြှင့်ထုတ်လုပ်နိုင်ရန် စီစဉ်ထားကြောင်း သိရသည်။


ပြီးခဲ့သည့်နှစ်အတွင်းကလည်း ဆေးဝါးသစ်ပေါင်း ၁၁ မျိုးကို ထုတ်လုပ်နိုင်ခဲ့ပြီး လာမည့်နှစ်တွင် ၁ဝ မျိုး ဆက်လက်ထုတ်လုပ်မည်ဖြစ်သည်။စက်မှုဝန်ကြီးဌာန လက်အောက်ရှိ ဆေးဝါးစက်ရုံ (အင်းစိန်)သည် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနအတွက် ဆေးဝါးများကို အဓိက ထုတ်လုပ်ပေးနေသော ဆေးဝါးစက်ရုံကြီး တစ်ခုဖြစ်ကြောင်း သိရသည်။ ပြည်တွင်း၌ ပြည်ပဆေးဝါးများကို ဝယ်ယူသုံးစွဲနေရခြင်းကြောင့် ကုန်ကျစရိတ် များပြားနေမှုအား လျှော့ချပေးနိုင်ရန် ရည်ရွယ်၍ ဆေးဝါးသစ်များ ပိုမိုတိုးချဲ့ ထုတ်လုပ်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။


Credit : မြဝတီ




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18