Print

ကျန်းမာရေးနှင့်ညီသည့် နေထိုင်စားသောက်မှု အားနည်းဟု ဒေါ်အောင်ဆန်းစုကြည်...

  24-Nov-2017
Preview Image

မြန်မာနိုင်ငံမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်နေထိုင်မှု ပုံစံတွေကို လိုက်နာ ကျင့်သုံးမှု အားနည်းနေသေးကြောင်း တွေ့ရှိနေရတယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။


နိုဝင်ဘာ ၂၃ ရက်က နေပြည်တော်မှာ ကျင်းပတဲ့ ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များစာအုပ် မိတ်ဆက်တဲ့ အခမ်းအနားသို့ ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြခဲ့တာဖြစ်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အလေ့အကျင့်ကောင်းတွေ ရရှိစေဖို့ လက်ရှိ လူနေမှုဘဝ ပုံစံတွေကို အရေးတကြီး ပြုပြင်ဖို့ လိုတယ်လို့လည်း ပြောပါတယ်။


တိုင်းရင်းသားဒေသတွေ၊ ဝေးလံတဲ့ ဒေသတွေနဲ့ ကျေးလက်ဒေသတွေမှာ နေထိုင်ကြတဲ့ ပြည်သူတွေနဲ့အတူ လူမှုစီးပွား ချို့တဲ့သူ ပြည်သူတွေအတွက် အခြေခံကျန်းမာရေးစောင့်ရှောက်မှု တိုးမြှင့်ဖြည့်ဆည်းပေးနိုင်ရေး ဦးစားပေးဆောင်ရွက်သွားမယ်လို့လည်း ပြောပါတယ်။


အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ သဝဏ်လွှာမှာ သုတေသန တွေ့ရှိချက်တွေအရ နိုင်ငံတွင်းမှာ သွေးတိုး၊ ဆီးချို၊ နှလုံး စတဲ့ နာတာရှည်ရောဂါ ဖြစ်ပွားမှု မြင့်မားနေပြီး၊ နာတာရှည် ရောဂါတွေကို ဖြစ်ပွားစေတဲ့ ဆေးလိပ်သောက်၊ ကွမ်းစား၊ အရက်သေစာ သောက်စားတာ စတဲ့ ကျန်းမာရေးကို ထိခိုက်စေတဲ့ အလေ့အထတွေ ရှိနေတယ်လို့လည်း ဖော်ပြပါတယ်။


ဒါ့အပြင် ကူးစက်ရောဂါ ပြဿနာတွေ၊ မိခင်နဲ့ကလေး သေဆုံးမှုတွေနဲ့ ဆယ်ကျော်သက် လူငယ်တွေ ကျန်းမာဖွံ့ဖြိုးရေးတို့အတွက် မျက်ခြည်မပြတ် ဆောင်ရွက်သွားကြဖို့လည်း လိုအပ်နေသေးတယ်လို့လည်း ဆိုပါတယ်။


ပြည်သူလူထုရဲ့ ကျန်းမာရေး အသိပညာ မြင့်မားလာစေဖို့အတွက် ပထမဆုံး လိုအပ်ချက်ဟာ မှန်ကန်တဲ့ ကျန်းမာရေး သတင်းအချက်အလက်တွေ လက်လှမ်းမီမီ ရရှိနိုင်ဖို့ ဖြစ်တယ်။ အခုအခါ တနိုင်ငံလုံး တပြေးညီ အသုံးပြုနိုင်မယ့် ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ စာအုပ်ကို စတင်ထုတ်ဝေဖြန့်ဖြူးတော့မှာ ဖြစ်လို့ ပြည်သူလူထုရဲ့ ကျန်းမာရေး အသိပညာ မြှင့်တင်ဖို့ ခိုင်မာတဲ့ အုတ်မြစ်ကို ချနိုင်ခဲ့ပြီလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။


စာမျက်နှာ ၂၇၀ ကျော်ပါတဲ့  ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ စာအုပ်ပေါင်း ၂၆၀၀၀ ကို အခြေခံကျန်းမာရေးဝန်ထမ်းတွေဆီကို အရင်ဆုံး ဖြန့်ဝေပေးသွားမှာဖြစ်ပြီး ဒုတိယအဆင့်အနေနဲ့ အခြေခံပညာ မူလတန်း၊ အလယ်တန်းကျောင်းတွေနဲ့ နယ်စပ်ရေးရာ ဝန်ကြီးဌာနရှိ ကျောင်းတွေကို ဆက်လက်ဖြန့်ဝေသွားမယ်လို့ သိရပါတယ်။


လွယ်ကူရိုးရှင်းတဲ့ ကျန်းမာရေး အလေ့အထတွေကို မိသားစုက စတင်ရမှာ ဖြစ်ပြီး မိသားစုတိုင်း ဆောင်ရွက်နိုင်ဖို့ စေတနာ့ဝန်ထမ်း ပရဟိတအဖွဲ့တွေ၊ လူထု အခြေပြုအဖွဲ့အစည်းတွေ၊ တိုင်းရင်းသား ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့တွေ၊ မီဒီယာတွေနဲ့ အနုပညာရှင်တွေရဲ့ ပူးပေါင်းမှုနဲ့ ညီညီညွတ်ညွတ် ဆောင်ရွက်ရင် အချိန်တိုအတွင်း အောင်မြင်မယ်. နိုင်ငံသူ နိုင်ငံသားတွေ ကျန်းမာရေးအသိပညာ မြင့်မားဖို့အတွက် အားလုံးက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က တိုက်တွန်းထားပါတယ်။


Credit : dvbnews



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18