Print

ဂျပန်ဦးနှောက်ရောင်ရောဂါ ကပ်ရောဂါအသွင် ဖြစ်ပွားနှုန်း မြင့်တက်

  21-Nov-2017
Preview Image

ဂျပန်ဦးနှောက်ရောင်ရောဂါဟာ မြန်မာနိုင်ငံမှာ ကပ်ရောဂါအသွင်ရှိနေပြီး ဖြစ်ပွားမှုနှုန်း နှစ်စဉ် မြင့်တက်နေတယ်လို့ ကျန်းမာရေးဌာန တာဝန်ရှိသူတယောက်က ပြောပါတယ်။


၂၀၁၆ ခုနှစ်က တနိုင်ငံလုံးမှာ ဖြစ်ခဲ့ပြီး ဧရာဝတီ၊ ရန်ကုန်နဲ့ ပဲခူးတိုင်း၊ ရှမ်းမြောက်နဲ့ ကရင်ပြည်နယ် တို့မှာ အများဆုံးဖြစ်ပွားခဲ့ပါတယ်။


ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း၊ စီမံချက်မန်နေဂျာ၊ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ ထားထားလင်းက “အခုအခါ တိုင်းဒေသကြီးနဲ့ ပြည်နယ်အားလုံးမှာ ရောဂါ ဖြစ်ပွားလာတာကို တွေ့ရပြီး ၂၀၁၆ ခုနှစ် စာရင်း အရ လူနာ ၃၉၃ ယောက် ဖြစ်ခဲ့ပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။


၂၀၁၅ ခုနှစ်က ရောဂါသံသယ ၆၄၅ ယောက်ရှိပြီး ၁၅၁ ယောက်မှာ ပိုးတွေ့ခဲ့ပါတယ်။ ဒီနှစ်မှာတော့ ဇွန်လအထိ စာရင်းအရ သံသယရှိသူ ၈၃၀ မှာ ပိုးတွေ့သူ ၁၄၆ ယောက်ရှိပါတယ်။


လက်ရှိအချိန်ထိမှာတော့ ဒီရောဂါကို ကုသနိုင်တဲ့ ဆေးမရှိသေးဘဲ ကာကွယ်ဆေးထိုးလို့ပဲ ရနိုင်တာပါ။


ဒီရောဂါဟာ အသက်အရွယ်မရွေး ဖြစ်ပွားတတ်ပေမယ့် ကလေးတွေမှာ အဓိကဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း လူနာ ၉၀ ရာခိုင်နှုန်းက အသက် ၁၅ နှစ်အောက်ဖြစ်တယ်လို့ ဒေါက်တာ ထားထားလင်းက ဆိုပါတယ်။


ပြီးတော့ ဂျပန်ဦးနှောက်ရောင်ဗိုင်းရပ်စ်ပိုး အများဆုံးတွေ့ရတဲ့ အရှေ့နဲ့ အရှေ့တောင်အာရှဒေသ နိုင်ငံတွေက ကျေးလက်ဒေသတွေနဲ့ စိုက်ပျိုးမွေးမြူရေးနေရာတွေမှာ နေထိုင်တဲ့လူတွေဟာ ကူးစက်နိုင်မှု ပိုမို မြင့်မားပါတယ်။ ဒေသမရွေးဖြစ်တတ်ပြီး မြို့ပေါ်မှာနေတဲ့ ကလေးတွေမှာ ဖြစ်ပွားလာတာ တွေ့ရတယ်လို့ သူက ဆိုပါတယ်။


ဂျပန်ဦးနှောက်ရောင်ရောဂါဟာ ဗိုင်းရပ်စ်ပိုးသယ်ဆောင်တဲ့ ကျူးလက်စ် (Culex) အမျိုးအစား ခြင်ကတဆင့် ကူးတာဖြစ်ပြီး ရောဂါလက္ခဏာတွေက ရုတ်တရက်အပြင်းဖျား၊ ချမ်းတုန်၊ ခေါင်းကိုက်၊ မောပန်းနွမ်းနယ်တာ၊ ပျို့တာနဲ့ အော့အန်တာတွေ ခံစားရပါတယ်။


ရောဂါအခြေအနေဆိုးရွားတဲ့အခါ စိတ်ရှုပ်ထွေး တွေဝေတာ၊ တက်တာ၊ အကြောဆွဲတာတွေ ဖြစ်ပြီး တချို့လူနာတွေကတော့ သတိလစ်မေ့မြောတာနဲ့ အသက်ဆုံးရှုံးတဲ့ အထိဖြစ်ပါတယ်။ ရောဂါကြောင့် သေဆုံးနှုန်းကတော့ ဖြစ်ပွားသူ ၁၀၀ မှာ ၂၀ ကနေ ၃၀ အထိ ရှိပါတယ်။


မကြာခင်မှာတော့ အသက် ၉ လကနေ ၁၅ နှစ်အောက် ကလေးတွေကို ကာကွယ်ဆေးထိုးပေးဖို့ ရှိပါတယ်။ ဒါပေမယ့် ဆေးထိုးပြီး အပြင်းဖျားဖူးသူ၊ တီဘီဆေးသောက်နေရသူ (သံသယရှိသူ) ၊ နာတာရှည်ရောဂါရှိသူ၊ အတက်ရောဂါရှိသူ၊ ကျောက်ကပ်၊ လေးဘက်နာရောဂါရှိသူတွေကတော့ ဆေးထိုးလို့ မရပါဘူး။


လာမယ့် နိုဝင်ဘာ ၁၅ ရက်ကနေ ၂၃ ရက်နေ့အထိ တနိုင်ငံလုံးက ကျောင်းတွေမှာ ထိုးပေးဖို့ရှိပြီး ရပ်ကွက်တွေမှာတော့ ဒီဇင်ဘာလ ၁၁ ရက်ကနေ ၂၀ ရက်နေ့အထိ ထိုးနှံပေးသွားမှာပါ။ ဒါကြောင့် ဆေးထိုးတဲ့ ရက်တွေမှာ သက်ဆိုင်ရာ စုရပ်တွေကို သွားရောက်ထိုးနှံကြဖို့ ကျန်းမာရေးဌာနက နှိုးဆော်ထားပါတယ်။


Credit : dvbnews




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18