Print

ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေး တိုင်းနှင့် ပြည်နယ်လေးခုတွင် ပထမဆုံး...

  26-Apr-2017
Preview Image

ပထမဆုံးအကြိမ် ဂျပန်ဦးနှောက်ရောင်ရောဂါပိုး ဖြစ်ပွားမှုအများဆုံး တိုင်းနှင့်ပြည်နယ်လေးခုရှိ အသက် (၅)နှစ်အောက် ကလေးငယ်များကို ကာကွယ်ဆေးစတင် ထိုးပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။


အဆိုပါ တိုင်းဒေသကြီးလေးခုတို့မှာ ရခိုင်၊ကချင်၊ ပဲခူးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့ဖြစ်ပြီး ယင်းဒေသများမှာ အခြားဒေသများထက် ဂျပန်ဦးနှောက်ရောင်ရောဂါ ပိုမိုဖြစ်ပွားခြင်းကြောင့် ဦးစားပေးအနေဖြင့် ကာကွယ်ဆေးထိုးပေးမည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေး ညွှန်ကြားရေးမှူး ဒေါက်တာသန်းထွန်းအောင်က ပြောသည်။

‘‘သားဖွားဆရာမတွေက ကွင်းဆင်းပြီးတော့ ကာကွယ်ဆေး ထိုးလုပ်ငန်း စတင်မှာဖြစ်ပါတယ်။ ဆေးကစျေးကြီးတဲ့အတွက် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့တော့ မထိုးနိုင်သေးပါဘူး။ ဒါကြောင့် ဖြစ်ပွားမှုများတဲ့ ဒေသတွေကိုပဲ ဦးစားပေးရွေးချယ်ပြီး ထိုးပေးမှာပါ’’ဟု ၎င်းကပြောသည်။


အသက် (၅) နှစ်အောက် ကလေးငယ်များကို တစ်နှစ်လျှင်နှစ်ကြိမ်နှုန်းဖြင့် ဦးစားပေးထိုးနှံပေးမည်ဖြစ်ပြီး ဆေးဝါးလုံလောက်မှုအပေါ်မူတည်ကာ ပိုလျှံပါက အသက်(၁၅)နှစ်အရွယ် ကလေးသူငယ်များကိုပါ

ကာကွယ်ဆေးထိုးပေးနိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။


‘‘ကာကွယ်ဆေးထိုးပေးဖို့က စီမံချက်တွေရေးပါတယ်။ ပြီးတော့ ဘတ်ဂျက်ငွေ တင်ပြတောင်းခံရတယ်။ ငွေရှာရတယ်။ အဲဒါကြောင့်မို့လို့ ဒီနှစ်ထဲမှာတော့ မထိုးပေးနိုင်သေးဘဲ နောက်နှစ်လောက်မှ ထိုးပေးနိုင်မှာပါ’’ဟု ကျန်းမာရေးဝန်ကြီးဌာန တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းမှ ဒေါက်တာထားထားလင်းက ပြောသည်။


ကာကွယ်ဆေး တစ်ကြိမ်ထိုးနှံလျှင် ကျပ် ၂၅,၀၀၀ မှ ၃၀,၀၀၀ ခန့် ကုန်ကျနိုင်၍ အဆိုပါ ကာကွယ်ဆေးမှာ သေနိုင်သည့် ဦးနှောက်ရောင်နာ ဖြစ်ပွားစေသောပိုးကို ကာကွယ်စေနိုင်သည်။ လက်ရှိတွင် မြန်မာနိုင်ငံ၌ ပထမဦးဆုံးထိုးနှံပေးခြင်းဖြစ်ပြီး ယင်းကာကွယ်ဆေးထိုးနှံခြင်းဖြင့် ဂျပန်ဦးနှောက်ရောင်ရောဂါဖြစ်ပွားနှုန်းနှင့် သေဆုံးနှုန်းများလျော့ကျစေနိုင်ကြောင်း ရန်ကုန်ကလေးဆေးရုံကြီး တွဲဖက်ပါမောက္ခ၊ ဦးနှောက်နှင့် အာရုံကြောကလေး အထူးကုဆရာဝန်ကြီး ဒေါက်တာကျော်လင်းက သုံးသပ်သည်။


ဂျပန်ဦးနှောက်ရောင်ရောဂါသည် ကျူးလစ်စ် ခြင်ကိုက်ခံရခြင်းနှင့် လယ်ယာများရှိ လည်တံရှည်ငှက်များနှင့် ဝက်များမှတစ်ဆင့် ကူးစက်တတ်သော ရောဂါတစ်မျိုးဖြစ်သည်။ အသက်(၅)နှစ် မှ (၁၅) နှစ်အရွယ်အတွင်း ကလေးသူငယ်များတွင် ပိုမိုအဖြစ်များကာ ရောဂါဖြစ်ပွားလျှင် သုံးပုံတစ်ပုံမှာ အသက်ဆုံးရှုံးနိုင်ပြီး သုံးပုံနှစ်ပုံခန့်မှာမူ မသန်စွမ်းအဖြစ်သို့ ရောက်ရှိသွားကြောင်း သိရသည်။


ရောဂါလက္ခဏာများမှာ သာမန်အအေးမိတုပ်ကွေးရောဂါများနှင့် ဆင်တူပြီး နှာစေးခြင်း၊ ဖျားခြင်း၊ ခေါင်းကိုက်ခြင်းအပြင် ထိုမှတစ်ဆင့် နှစ်ရက်၊ သုံးရက်ကြာမြင့်ပါက တက်လာခြင်း၊ အကြောဆွဲခြင်း၊ သတိလစ်ခြင်း စသည့်ဦးနှောက်ရောင်သည့် ရောဂါလက္ခဏာများ ဖြစ်ပေါ်ကာ အသက်ဆုံးရှုံးနိုင်သည်။


မြန်မာနိုင်ငံရှိ ကလေးငယ်များမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ဂျပန်ဦးနှောက်ရောင်ရောဂါ အပါအဝင် ဦးနှောက်ရောင်နာရောဂါများကြောင့် အသက်(၅)နှစ်မတိုင်မီ

သေဆုံးနေရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။


Healthcare.com.mm


Ref

ယမင်း

7 days daily




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18