Print

နွေရာသီအပူဒဏ်ကြောင့် လေဖြတ်ရောဂါဖြစ်နိုင်ဟု ကျန်းမာရေးဝန်ကြီးဌာန သတိပေ...

  26-Apr-2017
Preview Image

နွေရာသီမှာ အပူဒဏ်ကြောင့် အပူလေဖြတ်ရောဂါတွေအပြင် ကူးစက်ရောဂါတွေ ဖြစ်ပွားစေနိုင်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက သတိပေးထားပါတယ်။


အပူကြောင့်ဖြစ်တဲ့ ရောဂါတွေက သက်ကြီးရွယ်အိုတွေနဲ့ ကလေးသူငယ်တွေမှာ အများဆုံး ဖြစ်ပွားစေနိုင်ပါတယ်။ ဒါ့အပြင် အပူလေဖြတ်ရောဂါကလည်း အသက်အန္တရာယ် ဆုံးရှုံးနိုင်သလို နောက်ဆက်တွဲရောဂါဖြစ်တဲ့ ကူးစက်ရောဂါတွေက ကူးစက်လွယ်တာကြောင့် ထိန်းချုပ်ဖို့ ခက်ခဲတယ်လို့ အပူပိုင်းနှင့်ကူးစက်ရောဂါပညာဌာန ပါမောက္ခ ဒေါက်တာမိုးမိုးစမ်းက ပြောပါတယ်။


“အပူချိန်မြင့်မားတဲ့အတွက်ကြောင့် သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေက ပိုပြီးတော့ ဒဏ်ခံရတာပေါ့နော်။ နွေရာသီမှာဆိုရင် အပူလေဖြတ်တဲ့ရောဂါမျိုး၊ အပူကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲရောဂါမျိုးတွေပေါ့နော်။ အဲဒီကူးစက်တတ်တဲ့ရောဂါတွေ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကို ပျံ့နှံ့လွယ်တဲ့အတွက်ကြောင့် ထိန်းချုပ်ရတာ ခက်ခဲတယ်။ ဒါကြောင့်မို့ ကူးစက်ရောဂါတွေ ကာကွယ်ဖို့ကို ကျမတို့က ကြိုးစားပြီးတော့ လုပ်နေကြတာပါ။”


အပူဒဏ်ကြောင့် ငှက်ဖျားရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ တိုက်ဖွိုက်ရောဂါတွေလည်း ဖြစ်ပွားတတ်ပါတယ်။ ဒါ့အပြင် ပြည်သူလူထုအနေနဲ့ အပူဒဏ်ကြောင့် နောက်ဆက်တွဲရောဂါတွေ မဖြစ်ပွားနိုင်အောင် အပူချိန်ပြင်းတဲ့အချိန်တွေမှာ လွင်တီးခေါင်တွေကို ထွက်တဲ့အခါ သတိထားပြီးထွက်ဖို့ လိုအပ်သလို အပူချိန်တက်ပြီး ချွေးထွက်လွန်တဲ့အခါမှာလည်း လုံလောက်တဲ့ ဓာတ်ဆားရည်သောက်ပြီး ကာကွယ်ဖို့ လိုအပ်တယ်လို့ အသိပေး ပြောဆိုထားပါတယ်။


“ကျမတို့ လူထုအနေနဲ့ကတော့ ဒီရောဂါတွေ မဖြစ်အောင် ကာကွယ်ဖို့အတွက် ကာကွယ်တဲ့အသိလေးနဲ့ လိုက်နာမယ်ဆိုရင် ရောဂါမဖြစ်ဖို့အတွက် ကာကွယ်လို့ရပါတယ်။ အဲဒါကတော့ သိပ်နေပြင်းတဲ့အချိန်မှာ လွင်တီးခေါင်ပြင်တွေမှာ မသွားဖို့၊ အရိပ်ရတဲ့နေရာတွေမှာ နေဖို့၊ ကိုယ့်ဘာသာကိုယ် အပူချိန်တက်လာပြီဆိုရင် သက်ဆိုင်ရာဌာနကို အမြန်ဆုံးပြသရမယ်။ လုံလောက်တဲ့ ရေဓာတ်နဲ့ ဆားဓာတ်များ၊ ဓာတ်ဆားရည်ပေါ့နော်။ အဲဒါတွေ လုံလောက်တာမျိုး သောက်ဖို့ လိုအပ်ပါလိမ့်မယ်။”


မိုးလေဝသပညာရှင် ဒေါက်တာ ဦးထွန်းလွင်ကလည်း ဒီနှစ် နွေရာသီက ပုံမှန်ထက် အပူချိန်ပိုပြင်းမယ်လို့ ခန့်မှန်းတွက်ချက်ထားပါတယ်။ အပူချိန် ၃၀ ဒီဂရီကနေ ၄၀ ဒီဂရီကျော်အထိ ရှိနိုင်ပါတယ်။


ကျန်းမာရေးဝန်ကြီးဌာနကလည်း အပူဒဏ်ကြောင့် ထိခိုက်မှုတွေ မဖြစ်ပွားစေဖို့ မနက် ၁၀ နာရီကနေ ညနေ ၅ နာရီအတွင်း အပြင်သွားတဲ့အခါ ဂရုစိုက်ဖို့နဲ့ စတဲ့ သတိပေးချက် ၁၂ ချက်ကို ထုတ်ပြန်ပြီး အသိပေး နှိုးဆော်ထားပါတယ်။


Credit : dvbnews



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18