Print

Occupational Asthma (လုပ်ငန်းခွင်ကြောင့် ပန်းနာရင်ကြပ်ရောဂါဖြစ်ခြင်း)

  16-Aug-2018
Preview Image

Occupational Asthma သည် လုပ်ငန်းခွင်တွင် ကြုံတွေ့ရသော ဓာတုပစ္စည်းများ၊ ဓာတ်ငွေ့များနှင့် ဖုန်မှုန့်များကို ရှူရှိုက်မိခြင်းကြောင့် ပန်းနာရင်ကြပ်ရောဂါ ဖြစ်လာခြင်း/ပိုဆိုးလာခြင်းကို ဆိုလိုသည်။


လက္ခဏာများ

လုပ်ငန်းခွင်၌ ဖြစ်သော ပန်းနာရင်ကြပ်ရောဂါ၏ လက္ခဏာများသည် တခြားပန်းနာရင်ကြပ်ရောဂါများကြောင့်ဖြစ်သော လက္ခဏာများနှင့် ဆင်တူသည်။ လက္ခဏာများအနေဖြင့်

-      ညဖက်တွင် အသက်ရှူလျှင် တရွှီရွှီမြည်ခြင်း

-      ချောင်းဆိုးခြင်း

-      မောခြင်း

-      ရင်ကြပ်ခြင်း

-      နှာစေးခြင်း

-      နှာခေါင်းပိတ်ခြင်း

-      မျက်ရည်ကျခြင်းများ ဖြစ်စေနိုင်သည်။


ဖြစ်ပွားရသောအကြောင်းရင်းများ

Occupational Asthma သည်

-      တိရိစ္ဆာန်၏ အမွှေးများ၊ တံတွေးနှင့် အညစ်အကြေးများကို ရှူရှိုက်မိခြင်း

-      ဓာတုပစ္စည်းများ

-      အစွန်းချွတ်ဆေးများ

-      ပလက်တီနမ်၊ ခရိုမီယမ်နှင့် နီကယ်စသော သတ္တုများ

-      မြေသြဇာများ

-      မီးခိုးငွေ့၊ ကလိုရင်းဓာတ်ငွေ့နှင့် ဆာလဖာဒိုင်အောက်ဆိုဒ်များ စသောပစ္စည်းများကြောင့် ဖြစ်ပွားနိုင်သည်။


ဖြစ်နိုင်ချေများသူများ

Occupational Asthma သည်

. ဓာတ်မတည့်မှုရောဂါအခံရှိသူများ

. ပန်းနာရင်ကြပ်ရောဂါအခံရှိသူများ

. မျိုးရိုးတွင် ရင်ကြပ်ရောဂါရှိသူများ

. ရင်ကြပ်ရောဂါ ဖြစ်စေနိုင်သော လုုပ်ငန်းခွင်တွင် အလုပ်လုပ်သူများ

. ဆေးလိပ်သောက်သူများတွင် ပို၍ဖြစ်စေနိုင်သည်။


နောက်ဆက်တွဲပြဿနာများ

ပန်းနာရင်ကြပ် ဖြစ်စေသော ဓာတုပစ္စည်းများနှင့် ထိတွေ့မှုများလာသည်နှင့်အမျှ ရင်ကြပ်ရောဂါ ပိုပို၍ဆိုးလာကာ နောက်ဆုံးတွင် အဆုတ်သည် ပြန်ပြင်မရနိုင်သော ပြောင်းလဲမှုများနှင့် ဘဝတစ်လျှောက်လုံး ပန်းနာရင်ကြပ်ရောဂါလက္ခဏာများ ပြသည်အထိ ဆိုးရွားလာနိုင်သည်။


ဆရာဝန်နှင့်သွားရောက်ပြသသင့်သောအချက်များ

အကယ်၍

. အသက်ရှူစဉ် တရွှီရွှီမြည်လာခြင်း

. လှုပ်လှုပ်ရှားရှား မလုပ်သည့်တိုင်အောင် မောနေခြင်း

. လေပြွန်ကျယ်ဆေးများ သောက်ပြီးသည်အထိ သက်သာလာခြင်းမရှိပါဘဲ ပိုပိုဆိုးရွားလာပါက နီးစပ်ရာကျန်းမာရေးဆေးခန်းသို့ အမြန်ဆုံး သွားရောက်ပြသသင့်ပါသည်။


စစ်ဆေးမှုများ

စစ်ဆေးမှုများအနေဖြင့် ရောဂါရာဇဝင်အကြောင်း မေးမြန်းခြင်း၊ Spirometry၊  Peak Expiratory Flow Rate (PEFR) များဖြင့် အသက်ရှူအား စမ်းသပ်ခြင်းများ ပြုလုပ်ရမည့်အပြင် လိုအပ်လျှင် အရေပြားအား အလာဂျီရှိမရှိ စမ်းသပ်ခြင်း၊ သွေးစစ်ခြင်းများ လုပ်သင့်သည်။


ကုသခြင်း

Occupational asthma အား ကုသရာတွင် လူနာ၏အသက်၊ လက္ခဏာများ၊ ပန်းနာရင်ကြပ်ပိုဆိုးစေသော အကြောင်းအရာများပေါ် မူတည်၍ သောက်ဆေးများ၊ ရှူဆေးများဖြင့် ကုသရန် လိုအပ်သည်။ စတီးရွိုက်များ၊ Long-acting Beta Agonist များကဲ့သို့ ရှူဆေးများ၊ Leukotriene ၊ Theophylline ကဲ့သို့ သောက်ဆေးများဖြင့် ကုသနိုင်သည်။ ပန်းနာရင်ကြပ် အမြန်သက်သာစေရန်မူ Short-acting Beta Agonist များ၊ စတီးရွိုက်ဆေးများဖြင့် ကုုသ၍ရသည်။ ဓာတ်မတည့်ခြင်းကြောင့်ဖြစ်လျှင် Antihistamine (သွေးသန့်ဆေး)ကို သောက်၍သော်လည်းကောင်း၊ ရှူ၍သော်လည်းကောင်း၊ ဓာတ်မတည့်စေသည့်အရာများကို ရှောင်ကြဉ်စေခြင်းဖြင့်လည်းကောင်း ကုသနိုင်သည်။


ကာကွယ်ခြင်း

Occupational asthma မဖြစ်စေရန်အတွက် အောက်ပါအချက်များဖြစ်သော

-      ဆေးလိပ်ဖြတ်ခြင်း

-      ဓာတ်ငွေ့များ ရှူရှိူက်မိခြင်းမှ ရှောင်ကြဉ်ခြင်း

-      အိမ်တွင် ဖုန်မှုန့်များ၊ မှိုများ၊ တိရိစ္ဆာန်မှ အမွှေးများမရှိစေရန် ပုံမှန်သန့်ရှင်းရေး လုပ်ပေးခြင်း

-      အိပ်ခန်းထဲတွင် လေအေးပေးစက်များ တပ်ဆင်ထားခြင်း

-      လုပ်ငန်းခွင်တွင် မတည့်သောဓာတုပစ္စည်းများ တစ်ခုခု ရှိနေပါက အထက်လူကြီးသို့ တင်ပြ၍ ဌာနပြောင်းရွှေ့ခြင်း/အလုုပ်ပြောင်းခြင်းများ ပြုလုပ်သင့်သည်။

 

Paing

Ref: Mayo clinic

 

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18