Print

Osteoporosis ( အရိုးပွရောဂါ )

  16-Aug-2018
Preview Image

အရိုးပွရောဂါသည် အရိုးများ အားနည်းလာကာ ကြွပ်ဆပ်လာသောကြောင့် ခါးကုန်းခြင်း၊ ချောင်းဆိုးခြင်းစသော အခြေအနေများတွင်ပင် အရိုးကျိုးသောရောဂါတစ်ခု ဖြစ်သည်။ များသောအားဖြင့် ခါး၊ လက်ကောက်ဝတ်နှင့် ကျောရိုးတွင် အဖြစ်များသည်။


လက္ခဏာများ

အရိုးပွရောဂါ စဖြစ်စတွင် သိပ်မသိသာသော်လည်း အချိန်ကြာလာသည်နှင့်အမျှ

-      ကျောရိုးများ ပြားသွားခြင်း/ကျိုးခြင်းကြောင့် ခါးနာခြင်း

-      အရပ်တိုလာခြင်း

-      မျှော်လင့်ထားသည်ထက်ပို၍ အရိုးကျိုးလွယ်ခြင်းတို့ ဖြစ်လာနိုင်သည်။


ဖြစ်ပွားရသောအကြောင်းရင်းများ

အရိုးဆိုသည်မှာ အသစ်ဖြစ်လိုက် အဟောင်းပျက်လိုက် သံသရာလည်နေသော စက်ယန္တရားကြီးတစ်ခုပင် ဖြစ်သည်။ ငယ်ရွယ်စဉ်တွင် အသစ်များ ဖြစ်ခြင်းက အဟောင်းများ ပျက်ခြင်းထက် ပိုမြန်သောကြောင့် အသက် ၂၀ ကျော်တွင် အမြင့်ဆုံးအရိုးသိပ်သည်းမှုထုထည်ကို ရောက်ရှိသည်။ အသက်ကြီးလာသည်နှင့်အမျှ အပျက်က ပိုမြန်လာကာ နောက်ဆုံးတွင် အရိုးထုထည် ကုန်လာပြီး အရိုးပွရောဂါ စွဲကပ်လာတော့သည်။


ဖြစ်နိုင်ချေများသူများ

၁။ အမျိုးသမီးများ

၂။ အသက်အရွယ် ကြီးရင့်သူများ

၃။ မျိုးရိုးရှိသူများ

၄။ ခန္ဓာကိုယ်အရွယ်အစား သေးသူများ

၅။ ‘မ’ ဟော်မုန်း နည်းသူများ

၆။ သိုင်းရွိုက်ဟော်မုန်း များနေသူများ

၇။ ကယ်လ်ဆီယမ်ဓာတ် စားသုံးမှုနည်းသူများ

၈။ အစာအိမ်နှင့်အူလမ်းကြောင်း ခွဲစိတ်မှုပြုလုပ်ဖူးသူများ

၉။ စတီးရွိုက်ဆေးကို အချိန်အကြာကြီး စွဲသောက်သူများ

၁၀။ အရက်နှင့်ဆေးလိပ် သောက်သူများတွင် အရိုးပွရောဂါ အဖြစ်များသည်။


နောက်ဆက်တွဲပြဿနာများ

ကျောရိုးနှင့်ခါးရိုးကျိုးခြင်းသည် အရိုးပွခြင်း၏ အပြင်းထန်ဆုံးသောနောက်ဆက်တွဲပြဿနာများ ဖြစ်သည်။


ဆရာဝန်နှင့်သွားရောက်ပြသသင့်သောအချက်များ

စတီးရွိုက်ဆေးများ အချိန်အကြာကြီး စွဲသောက်နေရခြင်း၊ ရာသီသွေးစောစောဆုံးခြင်း (သို့) မိဘများတွင် ခါးရိုးကျိုးခြင်းများ ရှိပါက ဆရာဝန်နှင့် သွားရောက်ပြသကာ အရိုးပွရောဂါ ရှိမရှိ ဆရာဝန်ထံ သွားရောက်ပြသသင့်သည်။


စစ်ဆေးမှုများ

အရိုးပွရောဂါ ဟုတ်မဟုတ်သိစေရန် ရောဂါအခြေအနေအကြောင်း မေးမြန်းခြင်း၊ စမ်းသပ်ခြင်းများ၊ ဓာတ်မှန်ရိုက်ခြင်းနှင့် ရောဂါဖြစ်ပွားရသောအကြောင်းရင်းအား သိစေရန် သွေးစစ်ခြင်းများ ပြုလုပ်ရနိုင်သည်။


ကုသခြင်း

အရိုးပွရောဂါအား ကုသရန် Biosulphate ပါဝင်သောဆေးများပေးခြင်း၊ အမျိုးသမီးများတွင် သွေးဆုံးပြီးနောက် ဖြစ်သော အရိုးပွရောဂါတွင် အီစထရိုဂျင်ပေးခြင်းဖြင့် ကုသနိုင်သည်။ သို့သော် အီစထရိုဂျင်သည် ရင်သားကင်ဆာ အစရှိသော ဘေးထွက်ဆိုးကျိုးများ ဖြစ်စေနိုင်သည့်အတွက် ဆရာဝန် ညွှန်ကြားသည့်အတိုင်းသာ သောက်သင့်သည်။


ကာကွယ်ခြင်း

အရိုးပွရောဂါ ဖြစ်ခြင်းမှ ကာကွယ်ရန်အတွက်

. ကယ်လ်ဆီယမ်ဓာတ် လုံလောက်အောင် စားသုံးခြင်း

. ဗီတာမင် ဒီ ဓာတ် လုံလောက်စွာ ရရှိရန်စားပေးခြင်း

. ကိုယ်လက်လှုပ်ရှားမှု မှန်မှန်လုပ်ပေးခြင်းတို့ကို ပြုလုပ်ပေးသင့်သည်။

 

 

Paing

Ref: Mayo clinic

 

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18