Print

Goiter (လည်ပင်းကြီးရောဂါ)

  16-Aug-2018
Preview Image

အကျဉ်းရှင်းလင်းချက်

လည်ပင်းကြီးရောဂါဆိုသည်မှာ လည်ပင်းတွင်းရှိ လိပ်ပြာပုံစံရှိသော သိုင်းရွိုက်ဂလင်း မူမမှန်ကြီးထွားလာခြင်းကို ဆိုလိုပါသည်။ များသောအားဖြင့် လည်ပင်းကြီးရောဂါသည် အစာမျိုရခက်ခြင်း၊ အသက်ရှူရခက်ခြင်းမှလွဲ၍ နာကျင်မှုမရှိတတ်ပါ။ ယေဘူယျအားဖြင့် အများစုမှာ အိုင်အိုဒင်းဓါတ်ချို့တဲ့မှုကြောင့် ဖြစ်ပါသည်။ လည်ပင်းကြီးရောဂါကုသမှုသည် အလုံး၏အရွယ်အစား၊ ရောဂါလက္ခဏာနှင့် ဖြစ်ပွားရသည့် အကြောင်းရင်းပေါ်မူတည်၍ ကုသမှုအမျိုးမျိုးကွဲပြားနိုင်ပါသည်။ အချို့သော အလုံးများသည် မြင်သာထင်သာမရှိလျှင် ရောဂါလက္ခဏာ မခံစားရလျှင်ကုသမှုမလိုအပ်ပါ။

လက္ခဏာများ

- လည်ပင်းအရှေ့တွင်အလုံးရှိနေခြင်း

- လည်ချောင်းထဲတွင် တင်းကျပ်သော ခံစားမှုဖြစ်နေခြင်း

- ချောင်းဆိုးခြင်း

- အသံသြလာခြင်း

- အစာမျိုရခက်ခြင်း

- အသက်ရှူရခက်ခြင်း


ဖြစ်ပွားရသော အကြောင်းရင်းများ

သိုင်းရွိုက်ဂလင်းမှ T3 နှင့် T4 ဟုခေါ်သည့် အဓိကဟော်မုန်း (၂) မျိုးထုတ်ပါသည်။ ထိုဟော်မုန်းများသည် သွေးထဲတွင်လှည့်ပတ်ပြီး ခန္ဓာကိုယ်၏ ဇီဝကမ္မဖြစ်စဉ်များ၊ နှလုံးခုန်နှုန်း၊ ကိုယ်အပူချိန်နှင့် အသားဓါတ်ထုတ်လုပ်မှုများကို ညှိနှိုင်းပေးပါသည်။ သိုင်းရွိုက်ဟော်မုန်းသည် သွေးတွင်းရှိ ကယ်လ်ဆီယမ်ပမာဏကိုလည်း ညှိနှိုင်းပေးပါသည်။

လည်ပင်းကြီးစေသော အကြောင်းရင်းများစွာရှိသည့်အနက်မှ အဖြစ်အများဆုံးအကြောင်းရင်းများမှာ -

(၁)အိုင်အိုဒင်းဓါတ်ချို့တဲ့ခြင်း

သိုင်းရွိုက်ဟော်မုန်းထုတ်လွှတ်နိုင်ရန် အိုင်အိုဒင်းသည် လိုအပ်သောပစ္စည်းတစ်မျိုုးဖြစ်သည်။ အိုင်အိုဒင်းဓါတ်ကို ပင်လယ်ရေနှင့် ပင်လယ်ကမ်းခြေနားတစ်လျှောက်ရှိ မြေကြီးထဲတွင်တွေ့ရသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကုန်းတွင်းပိုင်းနှင့် တောင်ပေါ်ဒေသတွင် အနေများသူများ၌ အိုင်အိုဒင်းဓါတ်ချို့တဲ့မှုအဖြစ်များသည့် အတွက်ကြောင့် လည်ပင်းကြီးရောဂါဖြစ်ပွားမှုကို များစွာတွေ့ရသည်။ ဂေါ်ဖီထုပ်၊ ဂေါ်ဖီပန်းများ စားသုံးခြင်းသည် အိုင်အိုဒင်းဓါတ်ချို့တဲ့မှုကို ပိုမိုဆိုးရွားစေပါသည်။

(၂) သိုင်းရွိုက်ဟော်မုန်း အဆိပ်တက်ခြင်း (Grave's disease)

သိုင်းရွိုက်ဟော်မုန်း အမြောက်အမြား အလွန်အကျွံထွက်ခြင်း ကြောင့်လည်း လည်ပင်းကြီးရောဂါဖြစ်နိုင်သည်။ သိုင်းရွိုက်ဟော်မုန်းအဆိပ်တက်ခြင်း ရောဂါတွင် မိမိ၏ခန္ဓာကိုယ် တုံ့ပြန်စနစ်မှ သိုင်းရွိုက်ဂလင်းကို မှားယွင်းပြီး တိုက်ခိုက်ကာ သိုင်းရွိုက်ဟော်မုန်းကို သိုင်းရွိုက်ဂလင်းမှ အလွန်အကျွံ ထုတ်လွှတ်အောင် လှုံ့ဆော်ပေးသလိုဖြစ်နေသည်။ ထိုသို့သိုင်းရွိုက်ဂလင်းကို အကြိမ်ကြိမ် အခါခါလိုအပ်သည်ထက်ပို၍ လှုံ့ဆော်မှုကြောင့် သိုင်းရွိုက်ဂလင်းရောင်ရမ်းလာပြီး ကြီးထွားလာခြင်းဖြစ်သည်။

(၃) သိုင်းရွိုက်ဂလင်း အလုပ်မလုပ်နိုင်ခြင်း (Hashimoto's thyroiditis)

သိုင်းရွိုက်ဂလင်း အလုပ်မလုပ်ခြင်းကြောင့်လည်း လည်ပင်းကြီးရောဂါ ဖြစ်ပေါ်နိုင်သည်။ သိုင်းရွိုက်ဂလင်းရောင်ရမ်းခြင်းသည် ခန္ဓာကိုယ်မှ တုံ့ပြန်စနစ် စံလွဲရောဂါတစ်မျိုးဖြစ်ပြီး သိုင်းရွိုက်ဂလင်းမှ ဟော်မုန်းထုတ်ခြင်းကို ဖိနှိပ်ထားသည့် အတွက် သိုင်းရွိုက်ဂလင်းမှဟော်မုန်း အနည်းငယ်သာ ထုတ်ပေးနိုင်တော့သည်။ ခန္ဓာကိုယ်တွင် သိုင်းရွိုက်ဟော်မုန်း နည်းပါးနေသည် ဦးနှောက်မှသိရှိသောအခါ သိုင်းရွိုက်ဂလင်းကို ယခင်ကထက်ပိုမိုနိုးဆွမှုကြောင့် သိုင်းရွိုက်ဂလင်း အရွယ်အစားကြီးထွားလာခြင်းဖြစ်သည်။

(၄) လည်ပင်းမှ အလုံးအဖုများ

သိုင်းရွိုက်ဂလင်းမှ အရည် (သို့) အခဲ များဖြင့် ပြည့်နေသော ပျော့ပျော့ (သို့) မာမာ (သို့) မပျော့မမာ ဖြစ်နေသော အစိုင်အခဲများ အမြောက်အများ လည်ပင်းတွင် ကြီးထွားလာခြင်းဖြစ်သည်။

(၅) တစ်လုံးတည်းရှိနေသော သိုင်းရွိုက်အလုံး

သိုင်းရွိုက်ဂလင်း၏ တစ်ဖက်တည်းတွင် ကြီးထွားသောအလုံး ဖြစ်နေခြင်းဖြစ်သည်။ ထိုအလုံးများသည် များသောအားဖြင့် ကင်ဆာအဆင့်သို့ ပြောင်းလဲခြင်းမရှိတတ်ကြပေ။

(၆) သိုင်းရွိုက်ကင်ဆာ

သိုင်းရွိုက်ကင်ဆာ ဖြစ်ပွားနှုန်းသည် အခြားအကြောင်းအရာများကြောင့် ဖြစ်သော လည်ပင်းကြီးရောဂါများနှင့် ယှဉ်လျှင် အလွန်နည်းပါးပါသည်။ သိုင်းရွိုက်ဂလင်းမှ အသားစယူကြည့်ခြင်း အားဖြင့်ကင်ဆာဟုတ်မဟုတ် သိရှိနိုင်သည်။

(၇) ကိုယ်ဝန်ဆောင်ခြင်း

ကိုယ်ဝန်ဆောင်သည့် အချိန်တွင်ထွက်သည့် HCG ဟော်မုန်းသည် သိုင်းရွိုက်ဂလင်းကို အနည်းငယ်ကြီးစေသည်။

(၈) သိုင်းရွိုက်ရောင်ရမ်းခြင်း

လည်ပင်းတွင် နာကျင်ခြင်းကို ခံစားရပြီး လည်ပင်းရောင်ရမ်းလာခြင်း ဖြစ်သည်။ ထို့သို့ရောင်ရမ်းခြင်းကြောင့် သိုင်းရွိုက်ဟော်မုန်း အလွန်အကျွံ ထုတ်လွှတ်ခြင်း (သို့) လုံးဝမထုတ်နိုင်ခြင်းများ ဖြစ်ပေါ်စေနိုင်သည်။


ဖြစ်နိုင်ချေများသူများ

လည်ပင်းကြီးရောဂါသည် လူတိုင်းတွင် အသက်အရွယ်မရွေး အချိန်မရွေးဖြစ်ပွားနိုင်သည်။ ဖြစ်နိုင်ချေများသူများမှာ

(၁) အိုင်အိုဒင်းမစားသူများ - အိုင်အိုဒင်းဓါတ်မရှိသောနေရာတွင်နေထိုင်သူများ၊ အိုင်အိုဒင်းဆား ဝယ်မစားနိုင်သူများ

(၂) အမျိုးသမီးများသည် လည်ပင်းကြီးရောဂါဖြစ်နိုင်ချေပိုများသည်။

(၃) အသက် ၄၀ နှင့် အထက်ရှိသူများ

(၄) မိမိကိုယ်တိုင် သို့မဟုတ် မိသားစုထဲတွင် ကိုယ်ခန္ဓာ တုံ့ပြန်စနစ်စံလွဲ ရောဂါဖြစ်ဖူးသူများ

(၅)ကိုယ်ဝန်ဆောင်နှင့်သွေးဆုံးပြီးအမျိုးသမီးများ

(၆) သောက်သုံးနေသောဆေးဝါးများ - နှလုံးခုန်မမှန်ခြင်းကိုကုသနေသောဆေးများ ဥပမာ - Amiodarone, စိတ်ကျန်းမာရေးဆေးများ ဥပမာ - Lithium

(7) ဓါတ်ရောင်ခြည် ထိတွေ့ခြင်း - လည်ပင်းနှင့် ရင်ဘတ်သို့ ဓါတ်ရောင်ခြည်ဖြင့် ကုသနေရခြင်း၊ နျူကလီးယား ဓါတ်ပေါင်းဖိုတွင် အလုပ်လုပ်နေရသူများ၊ နျူကလီးယား မတော်တဆဖြစ်မှုများ

နောက်ဆက်တွဲ ပြဿနာများ

သေးငယ်သော လည်ပင်းကြီးရောဂါများသည် ရုပ်ပိုင်းဆိုင်ရာတွင် ထိခိုက်မှုမရှိပါ။ သို့သော်လည်း ကြီးသော လည်ပင်းအကြိတ်များတွင် အသက်ရှူရခက်ခြင်း၊ အစာမျိုရခက်ခြင်း၊ ချောင်းဆိုးခြင်း၊ အသံသြလာခြင်းများ ဖြစ်လာနိုင်ပါသည်။

သိုင်းရွိုက်ဟော်မုန်း ထုတ်လွှတ်မှု အလွန်နည်းခြင်း၊ သို့မဟုတ် အလွန်များခြင်းကြောင့် ဖြစ်သော လည်ပင်းကြီးရောဂါများတွင် မောပန်းနွမ်းနယ်ခြင်း၊ ဝလာခြင်း၊ ပိန်သွားခြင်း၊ စိတ်တိုစိတ်ဆတ်ခြင်း၊ အိပ်မပျော်ခြင်း စသည့် ရောဂါလက္ခဏာများ ရှိနိုင်ပါသည်။

စစ်ဆေးမှုများ

(၁) ဟော်မုန်းပမာဏစစ်ဆေးခြင်း - သိုင်းရွိုက်ဂလင်း နှင့် ဦးနှောက်မှ ဟော်မုန်းထုတ်နေမှု ပမာဏကို စစ်ဆေးနိုင်ပါသည်။

(၂) ကိုယ်ခန္ဓာ တုံ့ပြန်စနစ် ကိုစစ်ဆေးခြင်း

(၃) လည်ပင်းကို အသံလှိုင်း ဓါတ်မှန်ရိုက်ခြင်း - သိုင်းရွိုက်ဂလင်း၏ အရွယ်အစား၊ ဖြစ်ပေါ်နေသော အကြိတ်အရေအတွက်ကို သိရှိနိုင်သည်။

(၄) သိုင်းရွိုက်ဓါတ်မှန်ရိုက်ခြင်း - သွေးကြောထဲသို့  ရေဒီယိုသတ္တိကြွဆေးထိုးသွင်းခြင်းအားဖြင့် သိုင်းရွိုက်ဂလင်း၏ ပုံရိပ်ကို လေ့လာခြင်းဖြစ်သည်။  သိုင်းရွိုက်ဂလင်း၏ အမျိုးအစားနှင့် အရွယ်အစားကို သိနိုင်သည်။ သို့သော် ၎င်းသည် အချိန်ကုန်၊ ငွေအကုန်အကျများ၍ လူနာပါပင်ပန်းစေသော စစ်ဆေးမှုဖြစ်သည်။

(၅) အသားစယူခြင်း - အသံလှိုင်းဓါတ်မှန်ကို အသုံးပြု၍ သိုင်းရွိုက်ဂလင်း၏ အသားစ သို့မဟုတ် အရည်ကို ယူ၍ စစ်ဆေးခြင်းဖြစ်သည်။

ကုသခြင်း

လည်ပင်းကြီးရောဂါကုသမှုသည် ဖြစ်နေသော ရောဂါလက္ခဏာ၊ လည်ပင်းအကြိတ်၏ အရွယ်အစား၊ ဖြစ်ပေါ်စေသော အကြောင်းအရင်းပေါ်မူတည်၍  ကုသမှုကွာခြားနိုင်ပါသည်။

(၁) စောင့်ကြပ်ကြည့်ရှုကုသခြင်း - လည်ပင်းအကြိတ်သည် သေးငယ်ပြီး မိမိအားအန္တရာယ်မဖြစ်စေလျှင်၊ ဟော်မုန်းဆေးစစ်ချက်များ ပုံမှန်ဖြစ်ကြည့် စောင့်ကြပ်ကြည့်ရှုနေရုံဖြင့် ကုသနိုင်ပါသည်။

(၂)  သောက်ဆေးဖြင့်ကုသခြင်း - သိုင်းရွိုက်ဟော်မုန်း အလွန်နည်းပါးသော သူများတွင် သိုင်းရွိုက်ဟော်မုန်း (levothyroxine) အစားထိုးပေးခြင်းအားဖြင့် သိုင်းရွိုက်ဟော်မုန်းနည်းပါးခြင်းကြောင့်ဖြစ်သော ရောဂါလက္ခဏာများ ကိုသက်သာစေပြီး ဦးနှောက်မှ သိုင်းရွိုက်ဟော်မုန်းပြန်လည်ထွက်လာအောင်လှုံဆော်ပေးခြင်းအားဖြင့် လည်ပင်းကြီးခြင်းကို သက်သာစေနိုင်ပါသည်။  

သိုင်းရွိုက်ဂလင်း ရောင်ရမ်းခြင်းဖြစ်နေသောသူများတွင် အကိုက်အခဲပျောက်ဆေး နှင့် အရောင်ကျဆေးများကို သောက်သုံးရပါမည်။ 

သိုင်းရွိုက်ဟော်မုန်း အလွန်များခြင်းကြောင့်ဖြစ်သော လည်ပင်းကြီးရောဂါများတွင် သိုင်းရွိုက်ဟော်မုန်း ပုံမှန်ပမာဏပြန်ရောက်အောင် သောက်ဆေးများ သောက်သုံးရပါမည်။

(၃) ခွဲစိတ်ကုသခြင်း - သိုင်းရွိုက်ဂလင်း အလွန်ကြီးလာပြီး နေရထိုင်ရ သက်တောင့်သက်သာ မရှိတော့ခြင်း၊ အသက်ရှူရခက်ခြင်း၊ အစာမျိုရခက်ခြင်း များဖြစ်ပေါ်လာပါက သိုင်းရွိုက်ဂလင်းကို အကုန်အစင်ထုတ်ပစ်ခြင်း၊ သို့မဟုတ် တစ်စိတ်တစ်ပိုင်း ထုတ်ပစ်ခြင်း ဖြင့် ခွဲစိတ်ကုသ နိုင်ပါသည်။ ထို့အပြင် သိုင်းရွိုက်ကင်ဆာ ဖြစ်နေသူများအတွက်လည်း ခွဲစိတ်ကုုသခြင်းသာ နည်းလမ်းဖြစ်ပါသည်။ ခွဲစိတ်မှုအပြီးတွင် ခွဲထုတ်ခံရသောသိုင်းရွိုက်အလုံး အနည်းအများပေါ်မူတည်၍ သိုင်းရွိုက်ဟော်မုန်းအစားထိုး၍ သောက်သုံးခြင်းများ ပြန်လည်ပြုလုပ်ရပါမည်။

(၄) ရေဒီယို သတ္တိကြွအိုင်အိုဒင်း ဖြင့်ကုသခြင်း - အလွန်အမင်း အလုပ်လုပ်သော သိုင်းရွိုက်ဂလင်းတွင် ကုသမှုဖြစ်သည်။ သောက်ဆေးကဲ့သို့ တစ်ကြိမ်တည်းသောက်သုံးရမည်ဖြစ်ပြီး သွေးထဲမှတစ်ဆင့် သိုင်းရွိုက်ဂလင်းထဲသို့ ရောက်သွားသောအခါ သိုင်းရွိုက်ဆဲလ်လေးများကို ဖျက်ဆီးပြီး သိုင်းရွိုက်ဂလင်း၏ အရွယ်အစားကို တဖြေးဖြေး သေးငယ်သွားအောင် စွမ်းဆောင်ပေးပါသည်။ 

အခြားသိသင့်သိများ

(၁) အိုင်အိုဒင်း အစားနည်းသောကြောင့် ဖြစ်သော လည်ပင်းကြီးရောဂါများတွင်

အိုင်အိုဒင်းဆားလုံလောက်အောင်စားပါ။ ပင်လယ်စာ၊ ရေညှိ၊ ပုစွန်၊ ဆူရှီ တို့တွင်လည်း အိုင်အိုဒင်းဓါတ် လုံလောက်စွာပါဝင်သောကြောင့် တစ်ပါတ်ကို ၂ ခါခန့် စားပေးပါ။ ပင်လယ်ကမ်းခြေနားတွင် နေထိုင်သူဖြစ်လျှင် သစ်ဥသစ်ဖု နှင့် အသီးအရွက်များ၊ နွားနို့ နှင့် ဒိန်ချဉ် အစားအစားများ တွင် အိုင်အိုဒင်းဓါတ် ပါဝင်ပါသည်။ 

လူတိုင်းသည် နေ့စဉ် အိုင်အိုဒင်းဆား လက်ဖက်ရည်ဇွန်းတစ်ဝက်ခန့် လိုအပ်ပါသည်။ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ မွေးကင်းစနှင့် ကလေးငယ်များတွင် အိုင်အိုဒင်းဓါတ် လုံလောက်စွာရရှိရန် အလွန်အရေးကြီးပါသည်။

(၂) အိုင်အိုဒင်းဓါတ် များခြင်းကြောင့်ဖြစ်သော လည်ပင်းကြီးရောဂါများတွင် 

အိုင်အိုဒင်း အလွန်အကျွံစားခြင်းမှ ရှောင်ကြဉ်ပါ။ အလွန်ရှားပါးသော်လည်း အိုင်အိုဒင်းဓါတ် အများအပြား စားသုံးလျှင်လည်း လည်ပင်းကြီးရောဂါဖြစ်နိုင်ပါသည်။ အိုင်အိုဒင်းဓါတ်များခြင်းကြောင့်ဖြစ်သော လည်ပင်းကြီးရောဂါတွင် ပင်လယ်စာ၊ ရေညှိ၊ ဆားစိမ်ထားသော ငါးများစားသောက်ခြင်းမှ ရှောင်ကြဉ်ပါ။

  

Ref: Mayo clinic

Dr. Victoria



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18