Print

Social Anxiety Disorder (လူကြောက်ရောဂါ)

  16-Aug-2018
Preview Image

        လူတိုင်းသည် လူမှုဆက်ဆံရာတွင် ကြောက်လန့်ခြင်း၊ ထိတ်လန့်ခြင်းတို့ ရံဖန်ရံခါဖြစ်လေ့ရှိသည်။ ဥပမာအားဖြင့် နှုတ်ဖြေစာမေးပွဲဖြေရန်ရှိသောအချိန်၊ လူအများရှေ့တွင် စကားပြောရန် လိုအပ်လာသောအချိန်များတွင်ဖြစ်နိုင်သည်။ သို့သော် လူကြောက်သောရောဂါခံစားနေရသူများသည် သူတို့၏နေ့စဉ်ပုံမှန်လူမှုဆက်ဆံမှုတွင် အလွန်ကြောက်ရွံ့နေခြင်း၊ သူတပါး၏ ကဲ့ရဲ့ခံရမည်၊ ဝေဖန်ခံရမည်ကို အချိန်ပြည့်ကြောက်ရွံ့နေခြင်းတို့ ခံစားနေရသည်။

ရောဂါလက္ခဏာများ

        လူအများနှင့်ဆက်ဆံရခြင်းကို ကြောက်ရွံ့နေခြင်း၊ ရှက်နေခြင်းသည် ကလေးငယ်များတွင် ပုံမှန်ဖြစ်ရိုးဖြစ်စဉ် ဖြစ်နိုင်သည်။ လူတစ်ယောက်၏ စိတ်နေစိတ်ထား၊ သူ၏ ဘဝအတွေ့အကြုံများပေါ်မူတည်၍ လူအများနှင့်ပြောဆိုဆက်ဆံရာတွင် ကွဲပြားခြားနားမှုရှိသည်။ ဤရောဂါခံစားနေရသူသည် သူ၏တစ်နေ့ပုံမှန်လုပ်ငန်းဆောင်တာများ (ဥပမာ - ကျောင်းတက်ခြင်း၊ အလုပ်သွားခြင်း) တို့ကိုပင် မလုပ်နိုင်မကိုင်နိုင်ဖြစ်လာသည့်အထိ စိတ်လှုပ်ရှားကြောက်ရွံ့နေတတ်သည်။

        ဖြစ်လေ့ရှိသော စိတ်ပိုင်းဆိုင်ရာလက္ခဏာများမှာ - 

-  မိမိအား ဝေဖန်ခံရမည်ကို ကြောက်ရွံ့နေခြင်း

-  မိမိကိုယ်မိမိ အရှက်ရမျက်နှာပျက်စေမည်ကို ကြိုတင်ကြောက်ရွံ့နေခြင်း

-  သူတပါးကို မိမိမှ နှုတ်အားဖြင့်စော်ကားရိုင်းစိုင်းမိမှာကို စိုးရွံ့နေခြင်း

-  တစိမ်းများနှင့် စကားပြောဆိုရမည်ကို အလွန်အမင်းကြောက်လန့်နေခြင်း

-  လူအများသွားလေ့ရှိသော ပါတီပွဲများ၊ မိတ်ဆုံစားပွဲများအား    တတ်နိုင်သလောက် ရှောင်ကျဉ်နေခြင်း

-  ကြောက်ရွံ့စိတ်ခံဖြင့်သာ လူအများနှင့်ပြောဆိုဆက်ဆံနေခြင်း

-  လူအများစိတ်ဝင်စားမှု မခံရအောင်နေထိုင်ခြင်း

-  စကားပြောရာတွင် ပြောဆိုနေသူ၏မျက်လုံးကို ကြည့်ပြောရန် ခက်ခဲခြင်း

        ဤရောဂါနှင့်ဆက်နွယ်နေသော ရုပ်ပိုင်းဆိုင်ရာ ရောဂါလက္ခဏာများအနေနှင့် -

-  ချွေးအလွန်ထွက်ခြင်း

-  နှလုံးခုန်မြန်နေခြင်း

-  ပျို့ချင်၊ အန်ချင်သလိုမျိုးဖြစ်ခြင်း

-  အသက်ရှုမြန်နေခြင်း

-  ကြွက်သားနာကျင်ခြင်း

ဖြစ်ပွားရသော အကြောင်းရင်းများ

-  မျိုးရိုးဗီဇမျိုးစေ့ (Inherited traits)

-  ဦးနှောက်ဖွဲ့စည်းတည်ဆောက်ပုံ (Brain Structure)

-  မိမိကြီးပြင်းလာသော လူမှုဝန်းကျင်များ

-  မိမိဘဝ၏ မကောင်းသောအတွေ့အကြုံများ

-  လူအများကြည့်ရှုစိတ်ဝင်စားခြင်းခံရသော ရောဂါအခြေအနေ (မျက်နှာတွင် အမှတ်ကြီးရှိနေခြင်း၊ အမာရွတ်ရှိနေခြင်း၊ ရောဂါကြောင့် စကားထစ်နေခြင်း)

ဖြစ်နိုင်ချေများသူများ

        လူကြောက်သောရောဂါသည် အဖြစ်များသော စိတ်ရောဂါတမျိုးဖြစ်သည်။ အများအားဖြင့် ဆယ်ကျော်သက်အရွယ်တွင် စဖြစ်တတ်သည်။

        ရောဂါဖြစ်အောင် အားပေးအချက်များမှာ -

-  မိသားစုအရင်းအချာတွင် လူကြောက်သောရောဂါရှိခြင်း

-  ကလေးဘဝတွင် မကောင်းသောအတွေ့အကြုံ၊ ခံစားချက်များ ကြုံခဲ့ရခြင်း (မကြာခဏ စနောက်ခံရခြင်း၊       အနိုင်ကျင့်ခံရခြင်း၊ လူအများရှေ့တွင် အပြစ်ပေးခံရခြင်း၊ လိင်ပိုင်းဆိုင်ရာ စော်ကားခံရခြင်း၊ မိသားစု   

   အဆင်မပြေဖြစ်ခြင်း)

-  မိသားစုမှ ကာကွယ်မှုလွန်ကျွံ၍ ချုပ်ချယ်သည့်အတွက် ကလေးမှာလူအများနဲ့ မဆက်ဆံရဲခြင်း

  နောက်ဆက်တွဲ ပြဿနာများ

        ရောဂါကိုမကုပါက နေ့စဉ်လူမှုဘဝလုပ်ငန်းများတွင် အခက်အခဲများတွေ့နိုင်ပါသည်။

-  မိမိကိုယ်မိမိ ယုံကြည်မှုမရှိခြင်း

-  ယုံကြည်မှုရှိအောင်နေထိုင်ရန် ခက်ခဲခြင်း

-  မိမိကိုယ်မိမိ မကောင်းမြင်ခြင်း

-  ဝေဖန်မှုကို မခံနိုင်ခြင်း

-  ပေါင်းသင်းဆက်ဆံရေး ညံ့ဖျင်းခြင်း

-  တကိုယ်တည်း အထီးကျန်နေခြင်း

-  ပညာရေးနှင့်  လုပ်ငန်းခွင်တွင် ချွတ်ယွင်းမှုများရှိလာခြင်း

-  အရက်စွဲခြင်း၊ ဆေးစွဲခြင်းစသည်တို့ ဖြစ်လာနိုင်ခြင်း

-  စိတ်ကျရောဂါဖြစ်ခြင်း

-  မိမိကိုယ်ကို သေကြောင်းကြံခြင်း

ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ

        လူအများနှင့်ပုံမှန်ဆက်ဆံရခြင်းကို စိုးရိမ်ခြင်း၊ ကြောက်လန့်ခြင်း၊ ရှက်ခြင်း၊ ယင်းကဲ့သို့ လူအများနှင့်မဆက်ဆံရသည့်အတွက် စိတ်ဖိစီးမှုများလာခြင်း၊ ပုံမှန်လုပ်ငန်းဆောင်တာများမလုပ်နိုင်ခြင်းတို့ဖြစ်လာပါက တတ်ကျွမ်းနားလည်သော စိတ်ကျန်းမာရေးဆရာဝန်နှင့် အမြန်ဆုံးပြသရန်လိုအပ်ပါသည်။

စစ်ဆေးမှုများ

       အခြားရောဂါများမရှိကြောင်း သေချာစေရန်

-  ရောဂါရာဇဝင် စစ်မေးခြင်း

-  ခန္ဓာကိုယ်ကို စမ်းသပ်စစ်ဆေးခြင်း

-  စိတ်ကျန်းမာရေးမေးခွန်းများကို သေချာမေးမြန်းခြင်း၊ လူနာကို ဖြေဆိုစေခြင်း

ကုသခြင်း

စိတ်ကုထုံးဖြင့် ကုသခြင်း

-  အမူအကျင့်ကို ပြောင်းလဲသောစိတ်ကုထုံးနည်း (Cognitive behavioural therapy) သည် အကောင်းဆုံးဖြစ်သည်။

-  ဤစိတ်ကုထုံးနည်းတွင် လူနာကြောက်သောအခြေအနေများကို ဖြည်းဖြည်းချင်းစီ ထိတွေ့စေပြီး  အမူအကျင့်ပြောင်းအောင် ပြုလုပ်ခြင်းဖြစ်သည်။

-  စိတ်ကုထုံးသည် လူနာ၏ပြဿနာအပေါ် ခန့်ခွဲနိုင်မှု၊ တုံ့ပြန်နိုင်မှုကို တိုးတက်စေပြီး ကြောက်သောအခြေအနေများကို ယုံကြည်မှုရှိစွာဖြင့်တုံ့ပြန်နိုင်အောင် ပြုလုပ်ပေးသည်။

-  အဖွဲ့လိုက်စိတ်ကုထုံးပြုလုပ်ခြင်းသည် လူအများနှင့် ပြောဆိုဆက်ဆံရာတွင် ပို၍သက်တောင့်သက်သာရှိပြီး ယုံကြည်မှုရှိရှိလုပ်ကိုင်နိုင်အောင် ပြုလုပ်ပေးနိုင်သည်။

ဆေးများဖြင့် ကုသခြင်း

-  Selective Serotonin Reuptake Inhibitors (SSRI)

-  Serotonin and Norepinephrine Reuptake Inhibitors (SNRI)

-  Benzodiazepines

-  Betablockers

* ဆေး၏ဘေးထွက်ဆိုးကျိုးဒဏ်များ ခံစားရမှုနည်းအောင် ဆရာဝန်၏ညွှန်ကြားချက်အတိုင်းသာ ဆေးများကို သောက်ရပါမည်။ မိမိသဘောဖြင့် လိုတိုးပိုလျော့မလုပ်ရပါ။

* ဆေးများသည် ရောဂါကို ချက်ချင်းသက်သာစေမည်မဟုတ်ပါ။ ထို့ကြောင့် ရောဂါလက္ခဏာများ သက်သာလာအောင် အချိန်ကာလအပိုင်းအခြားတစ်ခုအထိ (လပိုင်းဖြစ်စေ၊ နှစ်ပိုင်းဖြစ်စေ) ဆေးများကို ရေရှည်စွဲသောက်ရန် လိုအပ်ပါသည်။

* ဤရောဂါသည် စိတ်ကုထုံး၊ ဆေးများဖြင့် ရေရှည်စွဲကုရန်လိုအပ်သဖြင့် ကုသနေစဉ်ကာလအတွင်း စိတ်ရှည်ရှည်ဖြင့် ဆရာဝန်၏ညွှန်ကြားချက်များကို လိုက်နာရန်လိုအပ်ပါသည်။

ကာကွယ်ခြင်း

        ကြိုတင်ကာကွယ်၍ မရပါ။ အကယ်၍ စိတ်ပူပန်မှုလက္ခဏာများကို ခံစားရပါက -

-  စောလျင်စွာ ဆရာဝန်နှင့်ပြသပါ။

-  စိတ်ပူပန်စေသော အကြောင်းအရာများကို မှတ်သားပါ။

-  မိမိဘဝအတွက် အရေးကြီးသော အလုပ်များကို ပို၍လုပ်ပါ။

-  အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ဆေးသုံးခြင်းစသည်တို့ကို မပြုလုပ်ရပါ။ အကယ်၍ စွဲနေပါကလည်း မိမိသဘောဖြင့် ဖြတ်ခြင်းမပြုလုပ်ဘဲ ဆရာဝန်နှင့်သေချာတိုင်ပင်ပြသရပါမည်။

Dr.Khine.W.Y.San

Ref: Mayo Clinic






Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18