Print

Acoustic Neuroma (Vestibular Schwannoma)

  13-Aug-2018
Preview Image


          ဦးခေါင်းအတွင်းအလုံးအကြိတ်တည်ကာ အကြားအာရုံကြောကိုဖိမိခြင်းပဲဖြစ်ပါတယ်။ ကင်ဆာကြိတ်တော့မဟုတ်ပါ။ အဲ့ဒီအာရုံကြောကထောက်ပံပေးထားတဲ့ နေရာတွေကို တိုက်ရိုက် ထိတဲ့အတွက်ကြောင့် ခန္ဓာကိုယ်ဟန်ချက်ထိန်းခြင်းနဲ့ အကြားအာရုံတွေအပေါ်မှာ အဓိကသက်ရောက်ပြီး ချာချာလည်အောင်မူးခြင်း၊ အကြားအာရုံ ပျောက်ဆုံးခြင်း၊ နားထဲမှာ ဆူဆူညံညံဖြစ်နေခြင်း များကို ဖြစ်စေပါတယ်။ Acoustic neuroma အကြိတ်ဟာ အာရုံကြောတွေကို ဖုံးပေးထားတဲ့ Schwann cells မှာ အဓိကဖြစ်ပြီးတော့ တဖြည်းဖြည်းနဲ့ ကြီးထွားလာတတ်ပါတယ်။ အမြန်ကြီးထွားလာပြီး ဦးနှောက်ကိုဖိမိခြင်း နှင့် အသက်အန္တရယ်ပေးခြင်းများကတော့ မရှိသလောက် ရှားပါတယ်။

ရောဂါလက္ခဏာများ

          Acoustic neuroma ရဲ့ ရောဂါလက္ခဏာများကတော့ ညင်သာပြီး သိပ်မသိသာပါဘူး၊ လက္ခဏာပြရန် လည်း နှစ်ပေါင်းများစွာ ကြာတတ်ပါတယ်။ ရောဂါကြီးထွားလာတဲ့အခါမှသာ ပိုပြီးသိသာတဲ့၊ ပိုပြီးပြင်းထန်တဲ့ လက္ခဏာတွေ ပြလာတတ်ပါတယ်။

          အဖြစ်များတဲ့ လက္ခဏာများမှာ

-အကြားအာရုံ ဆုံးရှုံးခြင်း ( အများအားဖြင့် နားတစ်ဖက်တည်းသာ ထိခိုက်တတ်ခြင်း)

-ထိခိုက်တဲ့နားဖက်က ဆူဆူညံညံ အသံများ ကြားနေရခြင်း

-ဟန်ချက်မထိန်းနိုင်ခြင်း

-ချာချာလည်အောင်မူးနေခြင်း

-မျက်နှာထုံခြင်း( အဖြစ်နည်းပါတယ်) ၊ ကြွက်သားလှုပ်ရှားမှု အားနည်းခြင်း။

          တချို့ဝေဒနာရှင်တွေမှာဆိုရင် Acoustic neuroma ဟာ အရမ်းကြီးလာပြီတော့ ဦးနှောက်အာရုံကြောမကြီးကို ဖိမိပြီး အသက်အန္တရယ်ပေးတာမျိုးတောင် ရှိတတ်ပါတယ်။


ဖြစ်စေသော အကြောင်းအရင်းများ

          Chromosome 22 ဗီဇရဲ့ လုပ်ငန်းဆောင်တာ မှားယွင်းခြင်းကြောင့် ကင်ဆာမဖြစ်စေသော အသားဓာတ် (Tumor supressor protein) ထုတ်လုပ်မှုမရှိတော့ဘဲ Schwan cells လေးတွေ ကြီးထွားမှုကို မထိန်းချုပ်နိုင်ခြင်း။

          Chromosome 22 ဗီဇရဲ့ လုပ်ငန်းဆောင်တာ မှားယွင်းခြင်းကတော့ ဘာကြောင့်ဖြစ်လဲတော့ အတိအကျ မသိရသေးပါဘူး။ မွေးရာပါ မျိုးရိုးဗီဇ( Neurofibromatosis type 2) ပြောင်းလဲခြင်းကြောင့် ဖြစ်တယ်လို့ ယူဆထားကြပါတယ်။

 

အဖြစ်များသူများ

          တစ်ခုတည်းသော အတိအကျသိတဲ့ အကြောင်းအရင်းကတော့ ရှားပါးသော မွေးရာပါမျိုးရိုးဗီဇပြောင်းလဲခြင်း (Neurofibromatosis type 2) ပဲဖြစ်ပါတယ်။ ဒါပေမယ့် သူ့ကြောင့်ဖြစ်တာက Acoustic neuroma အားလုံးရဲ့ ၅% လောက်ပဲရှိပါတယ်။ Autosomal dominant disorder ဖြစ်တာကြောင့် မိဘမှာရှိပြီဆိုတာနဲ့ ကလေးနှစ်ယောက်မှာဆိုရင် ၁ယောက်က မွေးရာပါ ရောဂါရနေနိုင်ပါတယ်။ (50-50 chance of inheriting)

 

နောက်ဆက်တွဲ ဆိုးကျိုးများ

          Acoustic neuroma ဟာ သေရာပါတဲ့ နောက်ဆက်တွဲ ဆိုးကျိူးများကို ဖြစ်စေပါတယ်။

-အကြားအာရုံ ဆုံးရှုံးခြင်း

-မျက်နှာထုံခြင်း၊ မျက်နှာကြွက်သားများ အားနည်းခြင်း

-ကိုယ်ခန္ဓာ ဟန်ချက်မထိန်းနိုင်ခြင်း

-နားထဲမှာ ဆူဆူညံညံများ ကြားနေရခြင်း

          အလုံးအကြိတ်ဟာ အရမ်းကြီးမားလာမယ်ဆိုရင်တော့ ဦးနှောက်အခြေ( Brainstem) ကို ဖိမိပြီးတော့ ဦးနှောက်နှင့် အာရုံကြောမကြီးအတွင်းမှာ ပုံမှန်အရည်စီးဆင်းမှုကို အဟန့်အတားဖြစ်စေပါတယ်။ ခေါင်းထဲမှာ အရည်တွေစုပြီး ဦးနှောက်အတွင်းပုံမမှန်ရေစုခြင်း( Hydrocephalus) ကိုဖြစ်စေပါတယ်။

 

စစ်ဆေးခြင်းများ

၁။ အကြားအာရုံစမ်းသပ်ခြင်း

          နားဆရာဝန်ကိုယ်တိုင် ကြားနိုင်စွမ်းရည်ကို စစ်ဆေးပေးပါမည်။

၂။သံလိုက်ဓာတ်မှန်ရိုက်ခြင်း( MRI )

          သံလိုက်ဓာတ်လွှတ်ပြီး Acoustic neuroma ရဲ့ အလုံးအကြိတ်ပမာဏကို ရိုက်ကြည့်နိုင်ပါတယ်။ အချင်း ၂မီလီမီတာ အရွယ်အစားလေးအထိ သိနိုင်ပါတယ်။

၃။ ကွန်ပြူတာ ဓာတ်မှန်ရိုက်ခြင်း (CT)

          MRI နဲ့ မသင့်တော်တဲ့ သူတွေဆိုရင်တော့ ကွန်ပြူတာဓာတ်မှန် ရိုက်လို့ ရပါတယ်။ ဒါပေမယ့် အရမ်းသေးတဲ့ အလုံးအကြိတ်တွေဆိုရင်တော့ မတွေ့ရနိုင်ပါဘူး။

 

ကုသခြင်း

၁။ စောင့်ကြည့်တိုင်းတာခြင်း

          အကြိတ်ရဲ့ အရွယ်အစားကို ၆ လတစ်ခါ ဓာတ်မှန်ရိုက်ပြီး စောင့်ကြည့်ရပါမယ်။ မြန်မြန်ကြီးထွားလာမယ်၊ ပိုပြီးဆိုးယွားတဲ့ လက္ခဏာတွေ ပြလာမယ်ဆိုရင်တော့ ကုသမှု လိုအပ်ပါတယ်။

 

၂။ခွဲစိတ်ကုသခြင်း

          အကြိတ်ရဲ့ အရွယ်အစား၊ အကြားအာရုံအပေါ်သက်ရောက်မှုနဲ့ လက္ခဏာဆိုးယွားလာမှုတို့အပေါ်မှာ မူတည်ပြီးတော့ ခွဲစိတ်ကုသမှု လိုအပ်ကောင်း လိုအပ်နိုင်ပါတယ်။ ခွဲစိတ်ကုသရာမှာတော့ အလုံးအကြိတ်ကို ခွဲထုတ်ဖယ်ရှားလိုက်တာကတော့ အဓိကကုသမှုပဲဖြစ်ပါတယ်။ တစ်ခါတစ်လေမှာတော့ အလုံးအကြိတ်ကို တစ်ခုလုံး ဖယ်ရှားပစ်လို့ မရတဲ့ အခြေအနေတွေရှိပါတယ်။ ဥပမာ-အလုံးအကြိတ်ဟာ အရေးကြီးတဲ့ ဦးနှောက်အစိတ်အပိုင်း( သို့) မျက်နှာကိုထောက်ပံ့ပေးတဲ့ အာရုံကြောတို့နဲ့ အရမ်းနီးနေတဲ့အခါမျိုးမှာဆိုရင်။

 

၃။ ဓာတ်ရောင်ခြည်နှင့်ကုသခြင်း

          အလုံးအကြိတ်ဟာ ၃စင်တီမီတာထက် သေးမယ်ဆိုရင်တော့ ဓာတ်ရောင်ခြည်နဲ့ ကုသပါတယ်။ ဓာတ်ရောင်ခြည်နဲ့ ကုသရာမှာ Srereotactic radiotherapy နဲ့ Proton beam therapy ဆိုပြီး ရှိပါတယ်။

 

Mayo clinic.

Translated by –Dr Lwin Moe Kyaw



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18