Print

Peptic ulcer (အစာအိမ်အနာဖြစ်ခြင်း)

  11-May-2017
Preview Image


အကျဉ်းရှင်းလင်းချက်

အစာအိမ် အနာဆိုသည်မှာ အစာအိမ်၏ နံရံအတွင်း နှင့် အူသိမ်၏ အပေါ်ပိုင်းတွင် အနာဖြစ်ခြင်းဖြစ်သည်။ အများဆုံးခံစားရသော ရောဂါလက္ခဏာ မှာ ဗိုက်အောင့်ခြင်းဖြစ်သည်။

အစာအိမ် အနာဖြစ်ခြင်းတွင် ၂ မျိုးပါဝင်သည်။

- အစာအိမ်၏ အတွင်းတွင်ဖြစ်သော အနာနှင့်

- အူသိမ်၏ အပေါ်ပိုင်းတွင် ဖြစ်သော အနာဟူ၍ ဖြစ်သည်။

အဓိက အစာအိမ်အနာဖြစ်ရသော အကြောင်းမှာ H.Pylori ဟု ခေါ်သည့် ဘက်တီးရီးယားပိုးနှင့် အကိုက်အခဲ ပျောက်ဆေးများ ကြာရှည်စွာသုံးစွဲခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ အစပ်အစားများခြင်း တို့ကြောင့်ဖြစ်သည်။

  

လက္ခဏာများ -

- အစာအိမ်တွင် ပူ၍အောင့်ခြင်း။

- ဗိုက်အင့်နေသည်ဟု ခံစားရခြင်း၊ ဗိုက်ပွခြင်း၊ လေတက်ခြင်း။

- အဆီစားလျှင် နေမကောင်းဖြစ်ခြင်း။

- ရင်ပူခြင်း။

- ပျို့ခြင်း။

အဓိကခံစားရသော ရောဂါလက္ခဏာများမှာ ဗိုက်ထဲတွင် ပူလောင်သည့် ခံစားမှုမျိုးခံစားရခြင်း ဖြစ်သည်။ အစာအိမ်ထဲမှ အက်ဆစ်ထွက်ခြင်းကြောင့် သော်၎င်း၊ အစာအိမ်ထဲတွင် အစာမရှိသောကြောင့်သော်လည်းကောင်း ဗိုက်နာခြင်းကို ပိုမိုဆိုးရွားစေပါသည်။ ဗိုက်နာခြင်းကို အက်ဆစ်ကို နည်းသွားစေသည့် အစားအစာများစားပေးခြင်း၊ အက်ဆစ်နည်းသွားစေသည့် ဆေးများသောက်ပေးခြင်းဖြင့် သက်သာအောင်ပြုလုပ်နိုင်သည်။ ထိုသို့ဗိုက်နာခြင်းသည် အစားပုံမှန်မစားမိချိန် နှင့် ညဘက်တွင် ပိုဆိုးနိုင်သည်။

များသောအားဖြင့် အစာအိမ်အနာရှိသူများတွင် ရောဂါလက္ခဏာ မပြတတ်ကြပေ။ 


အချို့ အချိန်တွင် အစာအိမ်အနာကြောင့် ပြင်းထန်သော ရောဂါ လက္ခဏာ များ ပြတတ်ကြသည်။

- ပျို့အန်ခြင်း သို့မဟုတ် သွေးအန်ခြင်း (အနီရောင် သို့မဟုတ် အမဲရောင်)။

- ကတ္တရာစေးကဲ့သို့ ဝမ်းမဲမဲ သွားခြင်း။

- အသက်ရှူရခက်ခြင်း။

- သတိမေ့ခြင် သလိုဖြစ်ခြင်း။

- အကြောင်းရင်းမရှိဘဲ ပိန်သွားခြင်း။

- အစားအသောက် စားသောက်မှုပုံစံ ပြောင်းလဲသွားခြင်း


ဖြစ်ပွားရသော အကြောင်းရင်းများ 

အစာအိမ်နှင့် အူလမ်းကြောင်းတွင်ရှိသော အက်ဆစ်များသည် အစာအိမ်နှင့် အူလမ်းကြောင်း၏နံရံ ကိုစားသောကြောင့် အစာအိမ်အနာဖြစ်လာခြင်းဖြစ်သည်။ အက်ဆစ်ကြောင့် အစာအိမ်အနာဖြစ်ကာ သွေးထွက်လာခြင်းဖြစ်သည်။ ပုံမှန်အားဖြင့် အစာအိမ်နှင့် အူလမ်းကြောင်း ကိုကာကွယ်ထားသည့် အချွဲလွှာတစ်လွှာရှိသည်။ အက်ဆစ်ပမာဏများလာလျှင်သော်လည်းကောင်း၊ အချွဲပမာဏနည်းသွားလျှင်သောလည်းကောင်း အစာအိမ်အနာ ဖြစ်လာနိုင်သည်။


အဖြစ်များဆုံး အကြောင်းရင်းများမှာ-

(၁) ဘက်တီးရီးယား - H.Pylori ဘက်တီးရီးယားသည် အစာအိမ်နှင့် အူလမ်းကြောင်း၏ နံရံတွင် အများအားဖြင့် နေထိုင်ပြီး အစာအိမ်၏ အတွင်းလွှာရောင်ပြီး နောက်ပိုင်းတွင် အစာအိမ်အနာဖြစ်လာနိုင်သည်။

H.pylori ရောဂါပိုး မည်သို့ ကူးစက်သည်ကို ရှင်းလင်းစွာမသိရပါ။ တစ်ဦးနှင့်တစ်ဦး ထိတွေ့ရာမှ ကူးစက်သည်ဟုခန့်မှန်းကြသည်။ ထို့အပြင် အစာနှင့် ရေမှလည်း ကူးစက်နိုင်သည်။


(၂) အကိုက်အခဲပျောက်ဆေးများ ပုံမှန်သုံးစွဲနေခြင်း - အကိုက်အခဲ ပျောက်ဆေးများသည် အစာအိမ်နှင့် အူလမ်းကြောင်း၏ နံရံကို ရောင်ရမ်းစေပါသည်။ 


(၃) အခြားဆေးဝါးများ - စတီးရိုက်များ၊ သွေးကျဲဆေးများ၊ စိတ်ကျဆေးများ နှင့် အရိုးခိုင်ဆေးများသည် အစာအိမ်အနာဖြစ်လာနိုင်သည်။

   


ဖြစ်နိုင်ချေများသူများ 

(၁) ဆေးလိပ်သောက်ခြင်း - H.pylori ကူးစက်ခံထားရသည့် ရောဂါသည်များတွင် အစာအိမ်အနာ ဖြစ်နိုင်ချေများသည်။

(၂) အရက်သောက်ခြင်း - အရက်သည် အစာအိမ်၏နံရံကို ပါးလွှာစေပြီး အက်ဆစ်ထွက်သည့် ပမာဏကို များပြားစေသည်။

(၃) စိတ်ဖိစီးမှုများသူများ

(၄) အစပ်စားသုံးသူများ



နောက်ဆက်တွဲ ပြဿနာများ 

ဆေးကုသမှုမခံယူလျှင် ဖြစ်ပေါ်လာနိုင်သော နောက်ဆက်တွဲ ပြဿနာများမှာ

(၁) ဝမ်းတွင်းသွေးယိုခြင်း - သွေးအနည်းငယ်ထွက်လျှင် သွေးအားနည်းသည့် လက္ခဏာများဖြင့် သော်လည်းကောင်း၊ သွေးအလွန်အမင်းထွက်လျှင် ဆေးရုံတက်ရခြင်း သို့မဟုတ် သွေးသွင်းရခြင်း များ ဖြစ်နိုင်သည်။ သွေးအလွန်အမင်းထွက်ခြင်းကြောင့် သွေးအန်ခြင်း သို့မဟုတ် ကတ္တရာစေးကဲ့သို့ ဝမ်းမဲမဲသွားခြင်းများဖြစ်နိုင်သည်။

(၂) ပိုးဝင်ခြင်း - အစာအိမ်နှင့် အူ၏နံရံမှ အနာသည် တစ်ဖြေးဖြေး လိုက်စားသွားပြီး ဝမ်းဗိုက်တွင် ပိုးများဝင်ခြင်းကို ဖြစ်စေပါသည်။

(၃) ပိတ်ဆို့ခြင်း - အစာအိမ်အနာကြောင့် အစာအိမ်လမ်းကြောင်းတစ်လျှောက်တွင် ဖောင်းလာခြင်း၊ ရောင်ရမ်းခြင်း၊ အမာရွတ်ဖြစ်ခြင်း တို့ကြောင့် အစာအိမ်နှင့် အူလမ်းကြောင်းကို ပိတ်စေပါသည်။ ထိုသို့ ပိတ်ဆို့သွားခြင်းဖြင့် လူနာအနေဖြင့် ရင်ပြည့်ခြင်း၊ ပျို့အန်ခြင်း၊ ကိုယ်အလေးချိန်ကျသွားခြင်းများကို ဖြစ်စေနိုင်ပါသည်။


ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ - အထက်မှ ဖော်ပြထားသော ရောဂါလက္ခဏာများ တွေ့လျှင် ဆရာဝန်နှင့် သွားရောက် ပြသပါ။ ဆးဆိုင်တွင် ဝယ်သော အစာအိမ်အနာပျောက်ဆေးများ သောက်သော်လည်း မသက်သာလျှင် ဆရာဝန် နှင့် သွားရောက်ပြသပါ။



စစ်ဆေးမှုများ-

(၁) H.pylori ပိုးရှိမရှိ စစ်ဆေးခြင်း - သွေး၊ ဝမ်း နှင့် လေငွေ့ဖြင့် ရှူသည့် စစ်ဆေးမှုများဖြင့် စမ်းသပ်နိုင်သည်။ အထက်ပါနည်းလမ်းများမှ လေငွေ့ဖြင့် စစ်ဆေးခြင်းသည့် အတိကျဆုံးဖြစ်သည်။ သွေး ဖြင့်စစ်ဆေးခြင်းသည့် တိကျမှု သိပ်မရှိသဖြင့် ပုံမှန် သုံးလေ့မရှိပါ။

လေငွေ့ဖြင့် စစ်ဆေးခြင်း အတွက် ရေဒီယို သတ္တိကြွ ကာဗွန် တစ်မျိုးကို စားခြင်း သို့မဟုတ် သောက်သုံးခြင်း ကိုပြုလုပ်ရမည်။ ထို့နောက် အလုံပိတ်ထားသော အိတ်ထဲသို့ လေကိုမှုတ်ထုတ်ရမည်။ 

ထိုစမ်းသပ်စစ်ဆေးမှုမပြုလုပ်မှီ အစာအိမ်ဆေးသောက်ထားသူသည် ဆရာဝန်ကိုပြောပြရမည်။ အဘယ်ကြောင့်ဆိုသော် အစာအိမ်ဆေးသောက်ထားလျှင် အဖြေအမှားထွက်လာနိုင်သည်။

(၂) အစာအိမ်မှန်ပြောင်းကြည့်ခြင်း - အစာအိမ်နှင့် အူအပေါ်ပိုင်းတွင် အနာရှိမရှိ သိရှိနိုင်သည်။ အစာအိမ်အနာတွေ့လျှင် အသားစယူရမည်။ H.pylori ပိုးရှိမရှိ ဓါတ်ခွဲစမ်းသပ်မှုလုပ်ရမည်။

အစာအိမ်မှန်ပြောင်းကြည့်သင့်သူများမှာ - အသက်ကြီးသူများ၊ အစာအိမ်သွေးယိုသည့် လက္ခဏာရှိသူများ၊ ကိုယ်အလေးချိန်ရုတ်တရက် ကျသွားသူများ၊ အစာမျိုရခက်သူများဖြစ်သည်။ အစာအိမ်ထဲတွင် အနာတွေ့လျှင် ဆေးကုသမှုခံယူပြီး အနာပျောက်ခြင်းကို အတည်ပြုရန် နောက်တစ်ခါ အစာအိမ်မှန်ပြောင်း ထပ်ကြည့်ရမည်။

(၃) အစာအိမ်အပေါ်ပိုင်းစစ်ဆေးမှုများ - ဘေရီရန် (barium) မျို၍ ဓါတ်မှန်ရိုုက်ခြင်း ဖြင့် အစာပြွန်၊ အစာအိမ်နှင့် အူအစိတ်အပိုင်းများတွင် အနာရှိမရှိကိုသိနိုင်သည်။ 



ကုသခြင်း-

အနာဖြစ်ရသည့် အကြောင်းရင်းကို မူတည်၍ ကုသနည်းများကွဲပြားသည်။ H.pylori ပိုးရှိလျှင် ကုရမည်။ အကိုက်အခဲပျောက်ဆေးများသောက်ခြင်းကို ရပ်တန့်ရမည်။ အစာအိမ်အနာကျက်အောင်ဆေးသောက်ရမည် ဖြစ်သည်။ 


သောက်ဆေးများမှာ -

(၁) H.pylori ကိုသတ်ရန်အတွက် ပိုးသတ်ဆေး ၂ ပတ်ခန့် သောက်ရမည့်အပြင် အစာအိမ်၏ အက်ဆစ်ပမာဏကို လျော့ချရန်အတွက် propton pump inhibitors နှင့် bismuth subsalicylate တို့ သောက်သုံးရမည်ဖြစ်သည်။

- အက်ဆစ်ပမာဏကို လျော့ချပေးပြီး အစာအိမ်အနာသက်သာစေသည့် ဆေးဝါးများ - proton pump inhibitors သည် အက်ဆစ်ကို ထုတ်လုပ်ပေးသည့် ဆဲလ်များ၏ အလုပ်ကို တားဆီးထားသည်။ 

သို့သော် ပမာဏ အမြောက်အများကို အလွန်အကျွံ သုံးစွဲလျှင် တင်ပဆုံ၊ လက်ကောက်ဝတ် နှင့် ကျောရိုးကျိုးခြင်းများ ဖြစ်ပေါ်နိုင်သည်။ ထို့ကြောင့်ဆရာဝန်နှင့် တိုင်ပင်၍ ကယ်လ်ဆီယမ် သောက်သုံးနိုင်သည်။ 

- အက်ဆစ်ထုတ်လုပ်ခြင်းကို လျှော့ချပေးသောဆေးဝါးများ - histamine blockers - အစာအိမ်အနာကြောင့်ဖြစ်သည့် နာကျင်ခြင်းကို သက်သာစေပြီး အနာမြန်မြန် ကျက်စေသည်။

- အစာအိမ် နှင့် အူ၏ နံရံကို ကာကွယ်ပေးသော ဆေးဝါးများ - sucralfate and misoprostol


ပြန်ပြရန်

အစာအိမ်အနာကုသမှုသည် အများအားဖြင့် အောင်မြင်သည်ကများသည်။ ဆေးကုသမှုခံယူသော်လည်း အနာမပျောက်ဘဲ ဆက်ရှိနေလျှင် အခြားအကြောင်းရင်းများကို ရှာဖွေရန် အစာအိမ်မှန်ပြောင်းကြည့်ရန် လိုအပ်ပါသည်။

အစာအိမ်မှန်ပြောင်းကြည့်နေစဉ် အနာတွေ့လျှင် ထပ်မံဆေးကုသမှုခံယူရမည်။ ပြီးလျှင် အစာအိမ်မှန်ပြောင်း နောက်တစ်ကြိမ်ကြည့်ရှုရမည် ဖြစ်သည်။ 


အကယ်၍အစာအိမ်အနာ မပျောက်ခဲ့လျှင်

အစာအိမ်အနာကို ကုသမှုခံယူသော်လည်း မပျောက်ကင်းသည့် အကြောင်းရင်းများစွာ ရှိနိုင်သည်။ ၎င်းတို့မှာ - 

- ဆရာဝန် ညွှန်ကြားချက်အတိုင်းဆေးပုံမှန် မသောက်ခြင်း။

- အချို့ H.pylori ပိုးများသည် ပိုးသတ်ဆေးကို ခံနိုင်ရည် ရှိခြင်း။

- ဆေးလိပ်၊ ဆေးရွက် နှင့် ကွမ်းရွက်ကြီး ပုံမှန် စားသုံးနိုင်ခြင်း။

- အကိုက်အခဲ ပျောက်ဆေးများ ပုံမှန် သုံးစွဲနေခြင်း။


အခြားဖြစ်နိုင်သော အဖြစ်နည်းသည့် အကြောင်းရင်းများမှာ - 

- အစာအိမ်မှ အက်ဆစ် အလွန်အကျွံ ထုတ်လုပ်ခြင်း။

- H.pylori မဟုတ်သည့် အခြားရောဂါပိုးများ။

- အစာအိမ်ကင်ဆာ။

ထို့သို့ မပျောက်ကင်းသည့် အစာအိမ်အနာကို ကုသရာတွင် ကုသမှုကို နှောင့်နှေးစေသော အကြောင်းရင်းများကို ဖယ်ရှားရမည်။ ပို၍ အစွမ်းထက်သော ပိုးသတ်ဆေးများ သုံးသင့်လျှင် သုံးရမည်။ 

အစာအိမ်အနာမှ သွေးထွက်ခြင်း သို့မဟုတ် အစာအိမ်ပေါက်ခြင်း ဖြစ်ပေါ်လာလျှင် ခွဲစိတ်ကုသရန်လိုအပ်နိုင်သည်။ သို့သော် ယခုနောက်ပိုင်းတွင် အစာအိမ်အနာအတွက် အစွမ်းထက်သည့် ဆေးဝါးများပေါ်ပေါက်လာပြီး ဖြစ်သည့် အတွက် ခွဲစိတ်ကုသရန် လိုအပ်မှုနည်းပါးသွားပြီဖြစ်သည်။ 


ကာကွယ်ခြင်း

- ရောဂါပိုးမဝင်အောင် ဂရုစိုက်ပါ။ H.pylori မည့်သို့ ကူးစက်သည်ကို တိကျသည့်အဖြေ မရှိသေးဘူး။ သို့သော် တစ်ဦးမှ တစ်ဦးသို့ အစာသို့မဟုတ် ရေမှ တစ်ဆင့်ကူးဆက်သည် ဟု ပြောသည့် အထောက်အထား အနည်းငယ်တော့ တွေ့ရှိရသည်။

-H.pylori မဖြစ်အောင် ကာကွယ်နိုင်သည်။ လက်ကို ဆပ်ပြာနှင့်ပုံမှန်ဆေးပါ။ အစာကို ကျက်အောင်ချက်ပါ။ 

- အကိုက်အခဲ ပျောက်ဆေးများကို လိုအပ်မှ သုံးစွဲပါ။ ပုံမှန် အကိုက်အခဲပျောက်ဆေးများ သုံးစွဲနေရသူဖြစ်လျှင် ဆေးကို အစာစားပြီးမှ သောက်ပါ။

- အကိုက်အခဲပျောက်ဆေးများ သောက်နေလျှင် အရက်သောက်ခြင်းကို ရှောင်ကြင်ပါ။ 

- အစာအိမ်အနာကို ဖြစ်လွယ်စေသည့် ဆေးဝါးများသောက်သုံးရမည် ဆိုပါက အထက်မှ ဖော်ပြထားသည့် အစာအိမ်ဆေး များဖြင့် တွဲ၍ သောက်သုံးပါ။



အခြားသိသင့်သော အချက်များ 

၁။ ကျန်းမာရေးနှင့် ညီညွတ်သည့် အစားအစာများရွေးချယ်စားသုံးပါ။ အသီးအနှံများ၊ ဗီတာမင် အေ နှင့် စီ ကြွယ်ဝသည့် အစားအစာများ၊ ဂျုံများစားသုံးနိုင်ပါသည်။ ဗီတာမင်ကြွယ်ဝသည့် အစားအစာများ မစားသုံးလျှင် အနာကျက်ရန် လွယ်ကူမည်မဟုတ်ပါ။

၂။ ဒိိန်ချဉ်စားပါ။

၃။ နို့နှင့် နို့ထွက်ပစ္စည်းများ - တစ်ခါတစ်ရံ နို့သောက်ခြင်းသည် အစာအိမ်အနာကို သက်သာစေသော်လည်း နောက်ပိုင်းတွင် အက်ဆစ်ပိုမို ထွက်လာခြင်း၊ ပို၍ နာကျဉ်ခြင်းများဖြစ်လာစေနိုင်သည်။ နို့သောက်မည်ဆိုပါက ဆရာဝန်နှင့် တိုင်ပင်ပါ။

၄။ အကိုက်အခဲပျောက်ဆေးအမျိုးအစားပြောင်းရန်။ အကိုက်အခဲပျောက်ဆေး ပုံမှန်သောက်နေသူဖြစ်လျှင် ဆရာဝန်နှင့် တိုင်ပင်ပြီး acetaminophen သောက်သုံး၍ ရနိုင် မရနိုင်ကို မေးမြန်းပါ။

၅။ စိတ်ဖိစီးမှုကို ချုပ်ထိန်းပါ။ စိတ်ဖိစီးမှုကြောင့် အစာအိမ်အနာပိုဆိုးလာနိုင်သည်။ မည်သို့ကြောင့်စိတ်ဖိစီးမှုဖြစ်ရသည်ကို စဉ်းစားပြီး ၎င်းကို ဖြေရှင်းနိုင်ရန်နည်းလမ်းကို ရှာဖွေပါ။ အကယ်၍ ရှောင်ရှား၍ မရနိုင်သော စိတ်ဖိစီးမှုဖြစ်လျှင် လေ့ကျင့်ခန်းလုပ်ခြင်း၊ သူငယ်ချင်းများဖြင့်တွေ့ဆုံခြင်း၊ စာရေးစာဖတ်ခြင်း ဖြင့် စိတ်ဖိစီးမှုလျော့နည်းအောင် နေထိုင်ပါ။

၆။ ဆေးလိပ်မသောက်ပါနှင့်။ ဆေးလိပ်သောက်ခြင်းသည် အစာအိမ်၏နံရံကို ကာကွယ်ပေးထားသည့် အမြှေးပါးလေးကို ဖျက်စီးပစ်နိုင်ပြီး အနာဖြစ်စေနိုင်သည်။ ဆေးလိပ်သောက်ခြင်းကြောင့် အစာအိမ်မှ အက်ဆစ် ပိုထွက်စေနိုင်သည်။

၇။ အရက်ဖြတ်ပါ သို့မဟုတ် အရက်လျှော့သောက်ပါ။ အရက်အလွန်အကျွံသောက်ခြင်းသည် အစာအိမ်နှင့် အူလမ်းကြောင်း၏ နံရံကို ဖျက်ဆီးနိုင်သည့် အတွက် အစာအိမ်နှင့် အူ ရောင်ရမ်းခြင်းနှင့် သွေးထွက်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါသည်။

၈။ အိပ်ရေးဝအောင်အိပ်ပါ။ အိပ်စက်အနားယူခြင်းသည် ကိုယ်ခံအားကို မြှင့်တင့်ပေးသည်။ 

၉။ မအိပ်ခင် အစာစားခြင်းကို ရှောင်ကြင်ပါ။


Ref: Mayo Clinic

Translator : Dr. Victoria



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18