Print

Hiccups (ကြို့ထိုးခြင်း)

  06-May-2017
Preview Image

ကြို့ထိုးခြင်းဆိုသည်မှာ ရင်ဝမ်းခြားကန့်လန့်ကာကြွက်သား ကျုံ့ရာမှဖြစ်ပေါ် လာခြင်းဖြစ်သည်။ ရင်ဝမ်းခြားကန့်လန့်ကာကြွက်သားသည် ရင်ခေါင်းနှင့်ဝမ်းဗိုက်ကို ခွဲခြားထားသောကြွက်သားဖြစ်၍ အသက်ရှူလုပ်ငန်းဆောင်တာ၏ အရေးပါသောအခန်းကဏ္ဍတွင်ပါဝင်ပါသည်။ ကြို့ထိုးလျှင် အသံထွက်ရခြင်းမှာ ရင်ဝမ်းခြားကန့်လန့်ကာကြွက်သား ကျုံ့သည့်အချိန်တွင် အသံကြိုး(vocal cord) ပိတ်သွားသဖြင့် လေကတွန်းပြီးထွက်ရသောကြောင့် အသံထွက်လာခြင်းဖြစ်သည်။

ရုတ်တရက်အံ့သြသွားလျှင်၊ အစားအများကြီးစားပြီးလျှင် (သို့) အရက်သောက်ပြီးလျှင် ကြို့ထိုးတတ်သည်။ ပုံမှန်ကြို့ထိုးလျှင် မိနစ်အနည်းသာကြာပါသည်။ အချို့ကိစ္စများတွင် ရောဂါတစ်ခုခုရှိ၍ ကြို့ထိုးနေတတ်သည်။ ပေါ်လိုက်ပျောက်လိုက်ဖြင့် ၁လလောက်ထိ မပျောက်ပဲ ရှိတတ်သည်။


လက္ခဏာများ

ကြို့ထိုးခြင်းတွင် အခြားထူးခြားသော လက္ခဏာများ မရှိပါ။ တစ်ခါတစ်ရံတွင် ရင်ဘတ်၊ ဝမ်းဗိုက်၊ လည်ချောင်းတို့မှ တင်းကြပ်လာခြင်းများလည်း ဖြစ်တတ်ပါသည်။


ဖြစ်ပွားရသော အကြောင်းရင်းများ

ကြို့ထိုးခြင်းကို အဓိကဖြစ်စေသောအကြောင်းအရာများမှာ

• ဂတ်စ်ပါသော အချိုရည်များသောက်ခြင်း(carbonated beverages)

• အရက်ကို အလွန်အကျွံသောက်ခြင်း

• အစား အများကြီးစားခြင်း

• ရုတ်တရက်အံ့သြခြင်း (သို့) ရုတ်တရက်စိတ်လှုပ်ရှားခြင်း

• အပူချိန်ရုတ်တရက်ပြောင်းလဲခြင်း

• ပီကေဝါးစဉ် (သို့) ချိုချဉ်စုပ်စဉ် လေအများကြီးဝင်သွားခြင်း စသည်တို့တွင် ဖြစ်တတ်ပါသည်။ 

အထက်ဖော်ပြပါကိစ္စများကြောင့် ဖြစ်သောကြို့ထိုးခြင်းများသည် ၄၈ ထက်ပိုကြာလေ့မရှိပါ။ ၄၈ နာရီထက်ပိုကြာသော ကြို့ထိုးခြင်းများသည် အောက်ပါအချက်များကြောင့် ဖြစ်နိိုင်ပါသည်။


အာရုံကြောထိခိုက်မိခြင်း 

 ကြာရှည်ကြို့ထိုးခြင်းသည် ရင်ဝမ်းခြားကန့်လန့်ကာ ကြွက်သားကို ဆက်သွယ်ထားသော Vagus အာရုံကြော နှင့် Phrenic အာရုံကြော တို့ထိခိုက်မိရမှဖြစ်ခြင်းဖြစ်သည်။ 


ထိုသို့ထိခိုက်စေသောအကြောင်းအရာများမှာ

၁။ ဆံပင်(သို့) တစ်စုံတစ်ခု နားထဲသို့ဝင်ပြီး နားစည်ကိုထိခိုက်မိခြင်း

၂။ အလုံး၊ အရည်အိတ်၊ သိုင်းရွိုက်ကြီးပြီး လည်ပင်းရှိ Vagus အာရုံကြော နှင့် Phrenic အာရုံကြောကို ဖိမိခြင်း

၃။ အစာအိမ်မှ လေနှင့်အက်ဆစ်တို့ အပေါ်သို့ပြန်တက်လာခြင်း

၄။ လည်ချောင်းနာခြင်း၊ လေပြွန်ရောင်ခြင်း တို့ကြောင့်ဖြစ်နိုင်ပါသည်။


အာရုံကြောမကြီးထိခိုက်မိခြင်း

အာရုံကြောမကြီးတွင် အလုံးအကြိတ်ပေါ်ခြင်း၊ ပိုးဝင်ခြင်း (သို့) ထိခိုက်ဒဏ်ရာရခြင်း တို့ကြောင့်  ကြို့ထိုးခြင်း ဖြစ်ပေါ်နိုင်သည်။ ဥပမာ - 

၁။ ဦးနှောက်ရောင်ခြင်း

၂။ ဦးနှောက်အမြှေးရောင်ခြင်း

၃။ Multiple Sclerosis

၄။ လေဖြန်းခြင်း

၅။ ဦးနှောက်က ိုထိခိုက်ဒဏ်ရာရခြင်း

၆။ ဦးနှောက်တွင် အလုံးအကြိတ်ပေါ်ခြင်း တို့ကြောင့်ဖြစ်နို်င်သည်။


ဆေး (သို့) ကိုယ်ခန္ဓာအတွင်း ဇီဝကမ္မဖြစ်စဉ် ပြောင်းလဲမှုကြောင့် ကြာရှည်ကျို့ထိုးခြင်း

ကြာရှည်ကျို့ထိုးခြင်းသည်

၁။ အရက်သမား

၂။ မေ့ဆေးပေးခံထားရသူ

၃။ Barbiturates ဆေးသောက်ထားသူ(အိပ်ဆေးသောက်ထားသူ)

၄။ ဆီးချိုရှိသူ

၅။ ခန္ဓာကိုယ်အတွင်းရှိ ဓာတ်များပြောင်းလဲခြင်း(Electrolytes inbalance)

၆။ ကျောက်ကပ်ပျက်နေသူ

၇။ စတီးရွိုက်ဆေး(steroid) သုံးနေသူ

၈။ စိတ်ငြိမ်ဆေး သုံးနေသူများတွင် ပိုဖြစ်နိုင်သည်။


ဖြစ်နိုင်ချေများသူများ

ကြာရှည်ကြို့ထိုးခြင်းသည်  အမျိုးသားများတွင်ပိုဖြစ်လေ့သည်။ ကြို့ထိုးခြင်းကိုပိုဖြစ်စေနိုင်သည့် အခြားအကြောင်းအရာများမှာ ရုတ်တရက် စိတ်လှုပ်ရှားခြင်း၊ စိတ်ဖိစီးခြင်း၊ ဝမ်းသာခြင်း၊ ဝမ်းဗိုက်ခွဲစိတ်မှု (သို့) မေ့ဆေးပေး ခွဲစိတ်မှုအပြီးတွင် တို့ဖြစ်သည်။


နောက်ဆက်တွဲ ပြဿနာများ

 ကြာရှည်ကြို့ထိုးခြင်းကြောင့် အစာစားခြင်း၊ အိပ်ခြင်း၊ စကားပြောခြင်း နှင့် ခွဲစိတ်ဒဏ်ရာကျက်ခြင်းတို့တွင် အနှောင့်အယှက်ပေးနိုင်သည်။ 


ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ

ကြို့ထိုးခြင်းကြောင့် ပုံမှန်အလုပ်မလုပ်နိုင်လျှင် (သို့) ကြို့ထိုးခြင်းသည် ၄၈နာရီထက်ပိုကြာလျှင် ဆရာဝန်နှင့်သွားပြသင့်ပါသည်။

 

စစ်ဆေးမှုများ

ဆရာဝန်စမ်းသပ်ရာတွင် သင်၏ အာရုံကြောအဖွဲ့အစည်း၏ လုပ်ငန်းဆောင်တာ များကို စမ်းသပ်လိမ့်မည်။ သင်၏ အချိန်၊နေရာကိုသိခြင်း၊ လှုပ်ရှားသွားလာမှုကို ထိန်းချုပ်နိုင်ခြင်း၊ အထိအတွေ့ခံစားနိုင်ခြင်း ရှိမရှိကို စမ်းသပ်လိမ့်မည်။ ဆရာဝန်က ရောဂါကြောင့်ဖြစ်သည့် ကြို့ထိုးခြင်းဟု ထင်ပါက အခြားစမ်းသပ်မှု များကို ပြုလုပ်လိမ့်မည်။ ဓာတ်ခွဲစမ်းသပ်မှုတွင် သင်၏သွေးကိုဖောက်၍ သင့်တွင် ရောဂါပိုး၊ ဆီးချို၊ ကျောက်ကပ်ရောဂါ ရှိမရှိကို စစ်ကြည့်လိမ့်မည်။ ထို့အပြင် ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း၊ CT၊ MRI ရိုက်ခြင်းဖြင့် အာရုံကြော နှင့် ရင်ဝမ်းခြားကန့်လန့်ကာကြွက်သားတို့ ပုံမှန်အခြေအနေတွင် ရှိမရှိကို စမ်းသပ်စစ်ဆေးလိမ့်မည်။ တစ်ခါတစ်ရံ မှန်ပြောင်းထည့်၍ လေပြွန် နှင့် အစာရေမျိုပြွန် ပုံမှန်ရှိမရှိ စမ်းသပ်နိုင်သည်။


ကုသခြင်း

ပုံမှန်အားဖြင့် ကြို့ထိုးလျှင် ဆေးကုရန်မလိုပဲ ပျောက်သွားလေ့ရှိသည်။ ရောဂါ တစ်ခုခုကြောင့် ကြို့ထိုးလျှင်မူ ထိုရောဂါကိုကုသလိုက်ပါက ကြို့ထိုးခြင်းပါပျောက်သွား လိမ့်မည်။ ထုံဆေးကို အာရုံကြောထဲထိုးသော ကုသနည်းလည်းရှိသည်။


အိမ်တွင်းကုထုံး

စက္ကူအိတ်ကို ပါးစပ်နှင့် နှာခေါင်းကိုတေ့ပြီး အသက်ရှုခြင်း 

ခဏအသက်အောင့်ခြင်း ရေခဲရေဖြင့် အာလုတ်ကျင်းခြင်း

ရေခဲရေအနည်းငယ်သောက်ခြင်း တို့ပြုလုပ်ပေးနိုင်သည်။ ကြာရှည်ကုသ၍မရသော ကြို့ထိုးခြင်းများတွင် အိပ်ငွေ့ချခြင်း၊ အပ်စိုက်ကုသခြင်း များဖြင့်လည်းကုသနိုင်ပါသည်။


Dr. Pyae Phyo Aung

Ref: 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18