Print

Lung Cancer ( အဆုတ်ကင်ဆာ)

  21-Nov-2016
Preview Image

အဆုတ်ကင်ဆာရောဂါသည် အောက်ဆီဂျင်ကို ရှူသွင်း၍ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ပြန်ရှူထုတ်ပေးသော အဆုတ်တွင် ကင်ဆာဖြစ်သောရောဂါ ဖြစ်လာခြင်းဖြစ်သည်။

လက္ခဏာများ
------------------
အဆုတ်ကင်ဆာရောဂါသည် စဖြစ်စတွင် လက္ခဏာများ ပြလေ့မရှိသော်လည်း ရောဂါကျွမ်းလာသည်နှင့်အမျှ သိသာထင်ရှားသောလက္ခဏာများ ပြလာတတ်သည်။ လက္ခဏာများအနေဖြင့် 
-    ကာလကြာရှည် ချောင်းဆိုးခြင်း
-    ချောင်းဆိုးသွေးပါခြင်း
-    မောခြင်း
-    အသက်ရှူလျှင် တရွှီရွှီမြည်ခြင်း
-    ကိုယ်အလေးချိန် သိသိသာသာ ကျဆင်းလာခြင်း
-    အရိုးများ နာကျင်ကိုက်ခဲခြင်း
-    ခေါင်းကိုက်ခြင်းတို့ဖြစ်သည်။

ဖြစ်ပွားရသောအကြောင်းရင်းများ
-------------------------------------------
များသောအားဖြင့် အဆုတ်ကင်ဆာသည် ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်စေနိုင်သော်လည်း ဆေးလိပ်မသောက်သူများတွင်လည်း ဖြစ်ပွားသည်ကို တွေ့ရှိရသည်။ ထိုသူများတွင်မူ အဆုတ်ကင်ဆာဖြစ်ပွားစေသော တိကျသောအကြောင်းရင်းကို မသိနိုင်ပေ။ ဆေးလိပ်သောက်သူများဆိုလျှင် ဆေးလိပ်တွင် ပါဝင်သော ကင်ဆာဓာတ်တိုးပစ္စည်းများကြောင့် ပုံမှန်ဆဲလ်များ ပျက်စီးကာ နောက်ဆုံးတွင် အဆုတ်ကင်ဆာအထိ ဖြစ်ပွားလာရခြင်းဖြစ်သည်။

ဖြစ်နိုင်ချေများသူများ
-------------------------
အဆုတ်ကင်ဆာ ဖြစ်နိုင်ချေများသူများမှာ
. ဆေးလိပ်သောက်သူများ
. ကိုယ်တိုင်ဆေးလိပ်မသောက်သော်လည်း ဆေးလိပ်ငွေ့ ရှူရှိူက်သူများ
. Radon ဓာတ်ငွေ့နှင့် ထိတွေ့မှုများသူများ
. မိသားစုမျိုးရိုးတွင် အဆုတ်ကင်ဆာရောဂါရှိသူများဖြစ်သည်။

နောက်ဆက်တွဲပြဿနာများ
------------------------------------
အဆုတ်ကင်ဆာ၏ နောက်ဆက်တွဲပြဿနာများအနေဖြင့်
-    မောလာခြင်း
-    ချောင်းဆိုးသွေးပါခြင်း
-    ကင်ဆာဆဲလ်များ အရိုးသို့ ပျံ့နှံ့ကာ အရိုးများနာကျင်ခြင်း
-    အဆုတ်တွင်း ရေဝင်ခြင်း
-    တခြားကိုယ်တွင်းအင်္ဂါများဖြစ်သော ဦးနှောက်၊ အသည်းများသို့ ပျံ့နှံ့သွားခြင်းများ ဖြစ်နိုင်ပါသည်။

ဆရာဝန်နှင့်သွားရောက်ပြသသင့်သောအချက်များ
----------------------------------------------------------------
အကယ်၍ အထက်ပါလက္ခဏာများ ခံစားရခြင်း / ဆေးလိပ်ဖြတ်မရပါက နီးစပ်ရာကျန်းမာရေးဆေးခန်းသို့ သွားရောက်ပြသကာ ဆရာဝန်နှင့် သွားရောက်တိုင်ပင်သင့်ပါသည်။

စစ်ဆေးမှုများ
------------------
အဆုတ်ကင်ဆာ ဟုတ်မဟုတ် သိနိုင်ရန်အတွက် ရောဂါအခြေအနေအကြောင်း မေးမြန်းခြင်း၊ စမ်းသပ်ခြင်းများအပြင် ဓာတ်မှန်ရိုက်ခြင်း၊ သလိပ်စစ်ခြင်း၊ အသားစယူ၍စစ်ဆေးခြင်းများဖြင့် စစ်ဆေးနိုင်သည်။ ထို့အပြင် အဆုတ်ကင်ဆာအဆင့်ကို သိရှိနိုင်ရန်အတွက် ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း၊ သံလိုုက်ဓာတ်မှန်ရိုက်ခြင်းများဖြင့် စမ်းသပ်နိုင်သည်။

ကုသခြင်း
---------------
အဆုတ်ကင်ဆာအား ကုသရာတွင် လူနာ၏ ကျန်းမာရေးအခြေအနေနှင့် ကင်ဆာအဆင့်ပေါ်မူတည်၍ ကုသနည်းများ ကွာခြားသွားနိုင်သည်။ 
ခွဲစိတ်ခြင်း၊ ကင်ဆာဆေးများနှင့် ကုသခြင်း၊ ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်းများနှင့် ကုသနိုင်သည်။ 
ခွဲစိတ်ရာတွင်လည်း ကင်ဆာအကျိတ်လောက်သာ ဖယ်ရှားခြင်း / အဆုတ်တစ်ခုလုံးအား ဖယ်ရှားခြင်းစသဖြင့် ရောဂါအခြေအနေပေါ်မူတည်၍ ကွဲပြားသွားသည်။

ကာကွယ်ခြင်း
------------------
အဆုတ်ကင်ဆာ မဖြစ်ပွားစေရန် ကာကွယ်မှုများအနေဖြင့် 
-    ဆေးလိပ်ဖြတ်ခြင်း
-    ဆေးလိပ်ငွေ့များ ရှူရှိူက်ခြင်းမှ ရှောင်ကြဉ်ခြင်း
-    ကင်ဆာဓာတ်တိုးပစ္စည်းများကို ရှောင်ကြဉ်ခြင်း
-    အစားအစာများကို သင့်တင့်မျှတအောင် စားခြင်းနှင့် သန့်ရှင်းလတ်ဆတ်သော အသီးအရွက်များ စားခြင်း
-    လေ့ကျင့်ခန်းများ လုပ်ခြင်းတို့ကို လုပ်ဆောင်သင့်သည်။

Ref: Mayo Clinic



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18