Print

Inguinal Hernia (ပေါင်ခြံနေရာတွင် အူကျွံခြင်း)

  19-Nov-2016
Preview Image

 

အူ သို့မဟုတ် အူကို ဖုံးအုပ်ထားသော Omentum တို့ အားနည်းနေသော ဝမ်းဗိုက်ကြွက်သားမှ အပြင်သို့ ဖောင်းထွက်နေခြင်းကို အူကျွံခြင်းဟုခေါ်သည်။ အူကျွံနေသော အလုံးသည် ချောင်းဆိုးချိန်၊ အလေးအပင်မချိန်တို့တွင် နာကျင်လာတတ်သည်။

 

လက္ခဏာများ
အူကျွံခြင်း ဖြစ်ပေါ်နေသောလည်း အချို့သူများတွင် လက္ခဏာများမသိသာသောကြောင့် သတိမထားမိ ဖြစ်တတ်သည်။ 
ပေါင်ခြံနေရာတွင် အူကျွံခြင်း၏ လက္ခဏာများအနေဖြင့်
• ပေါင်ခြံနေရာ ဆီးခုံတစ်ဖက်တစ်ချက်တွင် အလုံးပေါ်ခြင်း
• ထိုအလုံးမှ နာကျင်ခြင်း၊ ပူခြင်း၊ ကိုက်ခြင်း
• ခါးကိုင်းချိန်၊ ချောင်းဆိုးချိန်၊ အလေးအပင်မချိန်တို့၌ ပေါင်ခြံနေရာတွင် သက်တောင့်သက်သာမရှိခြင်း
• ပေါင်ခြံနေရာတွင် လေးသလို၊ ဆွဲထားသလို ခံစားရခြင်း
• ကျွံလာသော အူအပိုင်းမှာ ကပ်ပယ်အိတ်အတွင်းထိအောင် ရောက်ရှိနေပါက ဝှေးစေ့ဝန်းကျင်တွင် နာကျင်ခြင်း၊ ရောင်ရမ်းလာခြင်းတို့ကိုကြုံတွေ့ရတတ်သည်။
အူကျွံကျပါက ကြမ်းပေါ်တွင် ပက်လက်လှဲကာ ဖြည်းညှင်းစွာ ပြန်သွင်းနိုင်သည်။ ရောင်ရမ်းမှုကို သက်သာစေရန် ရေခဲကပ်ပေးနိုင်သည်။ ခါးနှင့် တင်ပဆုံရိုးအပိုင်းကို ဦးခေါင်းထက်မြင့်အောင် မြှင့်ထားကာ နားနေစေနိုင်သည်။
ကျွံကျလာသော အစိတ်အပိုင်းမှာ အူတစ်ခုတည်းသာ မဟုတ်ဘဲ Omentum (အူမပေါ်ဖုံးအလွှာ) ပါ ပါဝင်နေပါက ပြန်သွင်း၍ မဝင်ဖြစ်တတ်သည်။ ထိုသို့ ပြန်သွင်း၍မရပါက အူပေါ်တွင် ဖိမိနေတတ်ပြီး အူသို့ သွေးပြတ်တောက်သွားတတ်သည်။ ထိုသို့ ဖြစ်ပွားပါက နီးစပ်ရာ ဆေးရုံသို့သွားရောက်ကာ အမြန်ဆုံးခွဲစိတ်ကုသမှုခံယူသင့်သည်။
အူကျွံပြီး ပြန်သွင်းမရတော့ပါက
• အလွန်အမင်း နာကျင်ခြင်း
• ပျို့ခြင်း၊ အန်ခြင်း
• ဖျားခြင်း
• ရင်တုန်ခြင်း
• အလုံးမှာ နီလာခြင်း၊ ပြီးနောက် ခရမ်းရောင်သန်းခြင်း၊ ညိုလာခြင်းတို့ကို ကြုံတွေ့ရတတ်သည်။
ကလေးငယ်များတွင် မွေးရာပါ ဝမ်းဗိုက်ရှိကြွက်သားများအားနည်းခြင်းကြောင့် ဖြစ်ပွားရပြီး ကလေးငိုချိန်၊ ချောင်းဆိုးချိန်််၊ ဝမ်းညှစ်ချိန်တို့ကို အလုံးပေါ်လာတတ်သည်။ 

 

ဆရာဝန်နှင့်သွားရောက် ပြသသင့်သော အချက်များ
ဆီးခုံရိုး၏ တစ်ဖက်တစ်ချက် ပေါင်ခြံနေရာတွင် အလုံးပေါ်လာခြင်း၊ အလုံးမှ နာကျင်ခြင်း၊ မတ်တပ်ရပ်သောအချိန်တွင် ထိုအလုံးမှာ ပို၍ သိသာလာခြင်း၊ အလုံးမှ ရုတ်တရက် နီလာခြင်း ၊ ထို့နောက် ခရမ်းရောင်၊ အညိုရောင်သန်းလာခြင်းတို့ဖြစ်ပွားပါက နီးစပ်ရာ ဆေးရုံသို့သွားရောက်ကာ အမြန်ဆုံး ဆေးကုသမှု ခံယူသင့်သည်။

 

ဖြစ်ပွားရသော အကြောင်းရင်းများ
• ဝမ်းဗိုက်အတွင်း ဖိအားများခြင်း
• ဝမ်းဗိုက်ကြွက်သားတွင် အားနည်းနေသော နေရာရှိခြင်း
• ဝမ်းသွားစဉ်၊ အပေါ့သွားစဉ်တို့တွင် ညှစ်ခြင်း
• အလေးအပင်မခြင်း
• ဝမ်းဗိုက်အတွင်း ရေဖျဉ်းစွဲနေခြင်း
• ကိုယ်ဝန်ဆောင်နေချိန်
• အဝလွန်ခြင်းနှင့် 
• နာတာရှည် ချောင်းဆိုး၊ နှာစေးခြင်းတို့ကြောင့် ဖြစ်ပွားရခြင်းဖြစ်သည်။

 

အဖြစ်များသူများ
• အမျိုးသားများ
• မိသားစုဝင်များအတွင်း အလားတူရောဂါ ဖြစ်ဖူးသူများ
• နာတာရှည်ချောင်းဆိုးရောဂါရှိသူများ
• ဝမ်းမကြာခဏချုပ်တတ်သူများ
• အဝလွန်သူများ
• ကိုယ်ဝန်သည်များ
• အလေးအပင်မရသူများနှင့် ကြာရှည်မတ်တပ်ရပ်ရသူများ
• လမစေ့သော ကလေးငယ်များ
• ယခင်က အခြားတစ်ဖက်တွင် အူကျွံဖူးသူများတွင် အဖြစ်များသည်။

 

နောက်ဆက်တွဲ ပြဿနာများ
• ကပ်ပယ်အိတ်အတွင်းထိအောင် ရောက်ရှိနေပါက ဝှေးစေ့ပတ်ဝန်းကျင်တွင် နာကျင်ရောင်ရမ်းတတ်ခြင်းသည်။
• ကျွံကျလာသော အရာများတွင် အူသာမက Omentum ပါ ပါဝင်နေပါက ပြန်သွင်း၍ မရဖြစ်တတ်သည်။
• ဝမ်းဗိုက်အတွင်းသို့ ပြန်သွင်း၍ မရပါက အူသို့ ထောက်ပံ့သောသွေးကြောများ ပိတ်ပြီး အူပုပ်ခြင်း၊ ပိုးဝင်ခြင်းနှင့် သေဆုံးသည်အထိ ဖြစ်နိုင်သည်။

 

စစ်ဆေးမှုများ
ဆရာဝန်နှင့် ပြသကာ စမ်းသပ်မှုများပြုလုပ်ခြင်းဖြင့် အူကျွံခြင်းဟုတ်မဟုတ် သိရှိနို်င်ပါသည်။

 

ကုသခြင်း
အူကျွံကျသော အလုံးမှာ သေးငယ်ပါက ဆရာဝန်၏ ညွှန်ကြားချက်ကို ရယူကာ စောင့်ကြည့်နိုင်သည်။ အလုံးမှာ ပိုကြီးလာပြီး လှုပ်ရှားမှုတွင် သက်တောင့်သက်သာမရှိလျှင် သို့မဟုတ် နောက်ဆက်တွဲ ပြဿနာများကို ကာကွယ်နိုင်ရန် ခွဲစိတ်ကုသမှု ခံယူရမည်။

 

ကာကွယ်ခြင်း
အူကျွံကျခြင်းကို ကာကွယ်ရန်
• အဝမလွန်အောင် ထိန်းသိမ်းခြင်း
• အသီးအရွက်များများစားပါ
• အလေးအပင်မရာတွင် အထူးဂရုစိုက်ပါ/ ရှောင်ပါ
• အူကျွံသူများအတွက် သီးသန့်ထုတ်ထားသော အတွင်းခံကိုလဲ ဝတ်ဆင်နိုင်ပါတယ်။

 

Ref: Mayo Clinic



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18