Print

Genital Herpes (လိင်အင်္ဂါတွင်ပေါက်သော ရေယုန်ရောဂါ)

  19-Nov-2016
Preview Image

 

လိင်အင်္ဂါရေယုန်ရောဂါသည် ရေယုန်ဗိုင်းရပ်စ်ပိုးတစ်မျိုး (Herpes simplex virus) ကြောင့် ဖြစ်ပွားပြီး လိင်အင်္ဂါပေါ်နှင့် လိင်အင်္ဂါနားတဝိုက်တွင်အလွန်နာကျင်စေသော အရေကြည်ဖုများကို ဖြစ်ပေါ်စေသည်။ လိင်မှတဆင့်ကူးစက်တတ်သော ရောဂါတစ်မျိုးဖြစ်ပြီး ရောဂါပိုးတစ်ကြိမ်ဝင်ပြီးပါက ပထမ(၂)နှစ်အတွင်း လေးကြိမ်မှ ငါးကြိမ်ထိ ပြန်လည်ဖြစ်ပွားတတ်သည်။ ရေယုန်ရောဂါပိုး (Herpes simplex virus) ကို HSV type1 နှင့် HSV type2 ဟူ၍ခွဲခြားနိုင်ပြီး နှစ်မျိုးလုံးမှာ တိုက်ရိုက်ထိတွေ့ခြင်းနည်းဖြင့် လွယ်ကူစွာကူးစက်နိုင်သည်။ ရေယုန်ရောဂါပိုးသည် လိင်အင်္ဂါအတွင်းပိုင်း၊ လိ်င်အင်္ဂါပတ်ဝန်းကျင် နှင့် ပါးစပ်စသော စိုစွတ်သော နေရာများတွင် ပေါက်လေ့ရှိသည်။ 

 

လက္ခဏာများ
ရေယုန်ရောဂါသည် တခါတရံ ရောဂါပိုုးဝင်ပြီး လေးရက်မှ တစ်ပတ်အတွင်း ရောဂါလက္ခဏာများ ပြတတ်သော်လည်း အများအားဖြင့် လက္ခဏာမပြဘဲ ကိုယ်တွင်းတွင်ရှိနေကာ ကိုယ်ခံအားနည်းချိန်မှပေါ်လာတတ်သည်။ ထို့ကြောင့် မိမိတွင် ရောဂါရှိနေသည်ကို သတိမထားမိဘဲဖြစ်တတ်သည်။ ရောဂါပိုးဝင်ပြီး ပထမဦးဆုံးပြသော ရောဂါလက္ခဏာများမှာ ပြင်းထန်လေ့ရှိသည်။ 

 

လိင်အင်္ဂါရေယုန်ရောဂါပိုးဝင်ပြီး တစ်ပတ်အတွင်းတွင် 
- လိင်အင်္ဂါနှင့် စအိုတစ်ဝိုက်၊ ပေါင် နှင့် တင်ပါးတို့တွင် အရည်ကြည်ဖုများပေါ်ခြင်း၊ အရည်ကြည်ဖုများပေါက်သွားပြီး နီရဲသော အနာများဖြစ်ပေါ်ခြင်း၊
- အမျိုးသမီးများတွင် သားအိမ်ခေါင်း၌ အရည်ကြည်ဖုနှင့် အနာများပေါက်ခြင်း၊
- မိန်းမကိုယ်မှ အရည်များဆင်းခြင်း၊ 
- အပေါ့သွားစဉ်နာခြင်း၊
- ကိုယ်လက်များကိုက်ခဲခြင်း၊ မအီမသာဖြစ်ခြင်း၊ ဖျားခြင်း စသော လက္ခဏာများဖြစ်တတ်သည်။ ရောဂါလက္ခဏာများမှာ ရက်(၂၀)မျှကြာတတ်သည်။
 ရှေးဦးလက္ခဏာများပေါ်ပေါက်ပြီး ပျောက်ကင်းသွားသည့်တိုင် ဗိုင်းရပ်စ်ပိုးမှာ အာရုံကြောအတွင်းခိုအောင်းနေပြီး ကို်ယ်ခံအားနည်းချိန်တွင်ပြန်လည်ဖြစ်ပွားတတ်သည်။ 

 

နောက်တကြိမ်ဖြစ်ပွားလျှင်

- အရည်ကြည်ဖုများမပေါ်မီတွင် လိ်င်အင်္ဂါတဝိုက်နှင့် ခြေထောက်တို့တွင် ကျဉ်ခြင်း၊ ပူစပ်စပ်ဖြစ်ခြင်း၊ ယားယံခြင်း၊
- လိင်အင်္ဂါတဝိုက်၊ စအို၊ ပေါင်နှင့် တင်ပါးတို့တွင်် အလွန်နာကျင်သော အနီရောင် ရေကြည်ဖုများဖြစ်ပြီး ပေါက်ထွက်ခြင်း၊
- သားအိမ်ခေါင်းတွင် အနာနှင့် အရည်ကြည်ဖုများပေါက်ခြင်း တို့ဖြစ်တတ်သည်။
နောက်တကြိမ်ပြန်ဖြစ်ချိန်တွင် သွေးတွင်း၌ ရေယုန်ပိုးကိုပြန်လည်တိုက်ခိုက်သော ကိုယ်ခံအားဓာတ် (Antibodies) များပေါ်ပေါက်နေပြီးဖြစ်သောကြောင့် ပထမတကြိမ်လောက် မဆိုးရွားတတ်ပေ။

 

ဖြစ်ပွားရသော အကြောင်းရင်းများ
လိင်အင်္ဂါရေယုန်ရောဂါသည် ရေယုန်ရောဂါပိုး (Herpes simplex virus)ကြောင့် ဖြစ်ပွားခြင်းဖြစ်ပြီး ထိုရောဂါပိုးသည် အရေပြားခြင်းထိတွေ့ရာမှ လွယ်ကူစွာကူးစက်နိုင်သည်။ လိင်ဆက်ဆံခြင်းမှ အများဆုံးကူးစက်နိုင်ပြီး လိင်အင်္ဂါ၊ ပါးစပ်နှင့် စအိုတစ်ဝိုက်တွင် အဖြစ်များသည်။
ရေယုန်ရောဂါပိုးသည် အရေပြားမှဝေးကွာသွားလျှင် လျင်မြန်စွာသေဆုံးတတ်သောကြောင့် မျက်နှာသုတ်ပဝါ၊ ရေခွက် စသော အသုံးဆောင် ပစ္စည်းများမှတဆင့် မကူးစက်နိုင်ပါ။ သို့သော် လိင်ပိုင်းဆိုင်ရာပစ္စည်းများ ဥပမာ- sex toy ကို မျှဝေသုံးပါမူ ကူးစက်နိုင်သည်။
ရေယုန်ရောဂါသည်် ခန္ဓာကိုယ်တွင်းတွင် ဆက်လက်ရှိနေပြီး ထိုနေရာကို မကြာခဏ ပွတ်တိုက်မိလျှင်(ဥပမာ- လိင်ဆက်ဆံစဉ်)၊ နေမကောင်းဖြစ်လျှင်၊ စိတ်ဖိစီးမှုများလျှင်၊ အရက်အလွန်အကျွံသောက်မိလျှင်၊ နေရောင်နှင့် ထိတွေ့မှုများလျှင်၊ လိင်အင်္ဂါနှင့် ပတ်သက်သော ခွဲစိတ်မှုများပြုလုပ်လျှင်၊ ကိုယ်ခံအားနည်းလျှင် (ဥပမာ- ကင်ဆာဆေးသွင်းခြင်း) ပြန်လည်ဖြစ်ပွားတတ်သည်။

 

နောက်ဆက်တွဲ ပြဿနာများ
- တခါတရံ ရေယုန်ကြောင့်ဖြစ်သော အရည်ကြည်ဖုများတွင် အခြား ဘက်တီးရီးယားပိုးများ ထပ်ဝင်ကာ နှုတ်ခမ်း၊ လက်နှင့် အခြားသော အင်္ဂါအစိတ်ပိုင်းများသို့ အရေပြားရောဂါများ ကူးစက်နိုင်သည်။ 
- HIV/ AIDS ရောဂါရှင်များကဲ့သို့ ကိုယ်ခံအားလွန်စွာနည်းနေသူများတွင် ရေယုန်ရောဂါပိုးသည် ဦးနှောက်၊ မျက်စိ၊ အသည်းနှင့် အဆုတ်တို့တိုင် ပျံ့နှံ့နိုင်သည်။
- မိခင်တွင် လိင်အင်္ဂါရေယုန်ရှိပါက ကိုယ်ဝန်ဆောင်စဉ်နှင့် မွေးဖွားစဉ်တို့တွင် ကလေးငယ်အားထိခိုက်နိုင်သည်။
- ကိုယ်ဝန်မဆောင်စဉ်ကပင် မိခင်တွင် လိင်အင်္ဂါရေယုန်ရောဂါပိုုးရှိနေပါက ကိုယ်ခံအားဓာတ် (Antibodies) များရှိနေပြီးဖြစ်သောကြောင့် ကလေးငယ်အား ကူးစက်နိုင်ခြေ လွန်စွာနည်းသည်။ 
- ကိုယ်ဝန် ၂၆ပတ်အတွင်း ရောဂါရရှိပါက ကိုယ်ဝန်ပျက်ကျခြင်း၊ ကလေးငယ်အားကူးစက်ခြင်းတို့ဖြစ်နိုင်သည်။
- ကိုယ်ဝန် ၂ရပတ်နှင့် အထက်တွင် မိခင်ရောဂါကူးစက်ခံရပါက ကိုယ်ခံအား (antibodies) ထုတ်ရန် အချိန်မရှိတော့သဖြင့် ကိုယ်ဝန်ဆောင်စဉ်နှင့် မွေးဖွားစဉ်တို့တွင် ကလေးငယ်အား ကူးစက်နိုင်ချေ များသည်။
- မိခင်မှ မွေးကင်းစကလေးသို့ ကူးစက်ပါက မျက်စိ၊ ပါးစပ်၊ အရေပြား၊ အာရုံကြော အဖွဲ့အစည်းတို့ကို ထိခိုက်နိုင်သည်။ အလွန်ပြင်းထန်သော အခြေအနေတွင် အခြားအင်္ဂါ အစိတ်အပိုင်းများကိုပါ ထိခိုက်နိုင်ပြီး အသက်ဆုံးရှူံးနိုင်သည်။

 

စစ်ဆေးမှုများ
လိင်အင်္ဂါရေယုန်ရောဂါသည် အသက်၂ဝမှ ၂၄နှစ်ကြားအရွယ်တွင် အဖြစ်များဆုံးဖြစ်ပြီး လက္ခဏာများပြနေစဉ်တွင် ရောဂါအမည်သတ်မှတ်ရန် အလွယ်ကူဆုံးဖြစ်သဖြင့် အထက်ပါ လက္ခဏာများပြလျှင်ပြချင်း နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းသို့သွားရောက် စစ်ဆေးမှု ခံယူသင့်သည်။
- ရှေးဦးစွာ အရည်ကြည်ဖုတွင်းမှ အရည်ကိုယူ၍ ရေယုန်ပိုး ဟုတ်မဟုတ််စမ်းသပ်ရမည်။ ထိုသို့စမ်းသပ်ရာမှ ပိုးမရှိဟု အဖြေထွက်သည့်တိုင် ရောဂါမရှိဟု စိတ်ချ၍မရပါ။ နောက်တဖန်ဖြစ်ပွားသော ရောဂါလက္ခဏာများကို စောင့်ကြည့်ရန်လိုအပ်ပါသည်။
- လိင်အင်္ဂါရေယုန်ရောဂါရှိသူများအနေဖြင့် အခြားလိင်မှတဆင့်ကူးစက်တတ်သော ရောဂါများကိုလည်း စစ်ဆေးကြည့်ရန်လိုအပ်ပါသည်။

 

ကုသခြင်း
လိင်အင်္ဂါရေယုန်ကို ကုသရာတွင်  ပထမဆုံးအကြိမ် ဖြစ်ပွားခြင်းဖြစ်ပါက Aciclovir  ဗိုင်းရပ်စ်သတ်ဆေးကို တနေ့လျှင် ငါးကြိမ်ဖြင့် အနည်းဆုံး ငါးရက်သောက်ရမည်။ ဆေးသောက်နေစဉ် ရေယုန်ဖုများထပ်မံထွက်လာပါက ဆေးကို ဆက်သောက်ရန်လိုအပ်သည်။ Aciclovir သည် ရေယုန်ပိုးကို မပွားအောင်သာ တားနိုင်ပြီး ရောဂါကိုအပြီးပျောက်အောင် မလုပ်နိုင်ပါ။ ဆေး၏ဘေးထွက်ဆိုးကျိုးအနေဖြင့် ခေါင်းကိုက်ခြင်း၊ မအီမသာဖြစ်ခြင်းတို့ ဖြစ်နိုင်ပါသည်။ Aciclovir အပြင် Famciclovir နှင့် Valaciclovir တို့ကိုလည်း သုံးနို်င်ပါသည်။


ယခင်တကြိမ်ဖြစ်ဖူးပြီး ပြန်ဖြစ်လျှင် ရောဂါလက္ခဏာများ မပြင်းထန်ပါက အောက်ပါအိမ်တွင်းနည်းများကို အသုံးပြုနိုင်သည်။
 - အခြားရောဂါပိုးများ ထပ်မဝင်စေရန် ဖြစ်သောနေရာကို ရေ သို့မဟုတ် ဆားရေဖြင့်ဆေးပါ။ 
 - နာကျင်မှုကို သက်သာစေရန်နှင့် အနာမြန်မြန်ပျောက်စေရန် ရေခဲဝတ်ကပ်ပါ။ လက်ဖက်ခြောက် အထုပ် အေးအေးလေးကပ်ပေးပါ။
 - ပွပွချောင်ချောင် အဝတ်စားများကို ဝတ်ပါ။
 - လိင်အင်္ဂါ တဝိုက်တွင်ဖြစ်ပွားပါက အပေါ့သွားစဉ် မနာကျင်စေရန် Vaseline gel လိမ်းပါ။
 - အပေါ့သွားစဉ်နာကျင်မှုကို သက်သာစေရန် ရေများများသောက်ပါ။ ရေချိုးဇလုံတွင်းစိမ်၍ အပေါ့သွားခြင်း၊ အပေါ့သွားနေစဉ် ရေလောင်းချပေးခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။ ရောဂါလက္ခဏာများပြင်းထန်လျှင် Aciclovir ကို တနေ့ငါးကြိမ်ဖြင့် ငါးရက်သောက်နိုင်ပါသည်။

 

တစ်ခါဖြစ်တစ်ခါ ကုသခြင်း (Episodic treatment)
တစ်နှစ်အတွင်း လိင်အင်္ဂါရေယုန် (၆)ကြိမ်အောက်ဖြစ်ပွားပါက Acyclovir ကို တနေ့ ငါးကြိမ်ဖြင့် ငါးရက်သောက်ရမည်။

 

နှိမ်နင်းကုသခြင်း (Suppressive treatment)
တစ်နှစ်အတွင်း လိင်အင်္ဂါရေယုန် ခြောက်ကြိမ်နှင့် အထက် ဖြစ်ပွားပါက သို့မဟုတ် လက္ခဏာများ အလွန်ပြင်းထန်လွန်းပါက aciclovirကို တနေ့နှစ်ကြိမ်ဖြင့် ခြောက်လမှ တစ်နှစ်ထိသောက်ရန်လိုအပ်သည်။ ထိုသို့သောက်ခြင်းကြောင့် မိမိ၏ အတူနေသူကို ကူးစက်ရန် အခွင့်အလမ်းကို လျှော့ချနို်င်သော်လည်း လုံးဝ မကာကွယ်နို်င်ပါ။


- ကိုယ်ဝန်ဆောင်မိခင်တွင် လိင်အင်္ဂါရေယုန်ဖြစ်ပွားနေပါက ကလေးအားမကူးစက်စေရန် Acyclovir ကို ကိုယ်ဝန်၃၆ပတ်ထိ ပုံမှန်သောက်ရန်လိုအပ်သည်။ မွေးလမ်းကြောင်းတွင် ရေယုန်နာများ၊ အရည်ကြည်ဖုများရှိနေပါက ကလေးငယ်အားမကူးစေရန် ဗိုက်ခွဲမွေးခြင်းကို ရွေးချယ်သင့်သည်။


- လိင်အင်္ဂါရေယုန်မကြာခဏ ပြန်လည်ဖြစ်ပွားနေပါက ကိုယ်ခံအားကျဆင်းနေခြင်းကြောင့် ဖြစ်နိုင်ပြီး HIV/AIDS ရောဂါကို သတိထားသင့်သည်။

 

လိင်အင်္ဂါရေယုန်ရောဂါကို ကာကွယ်ခြင်း
- လိင်အင်္ဂါရေယုန်ရောဂါရှိနေပါက တခြားသူအားမကူးစက်စေရန် အရည်ကြည်ဖုများ၊ အနာများ၊ ယားယံခြင်းများ မပျောက်မချင်းလိင်ဆက်ဆံမှုကို ရှောင်ရှားသင့်သည်။ 


- ပါးစပ်တွင်ရေယုန်ပေါက်နေပါက အခြားသူတစ်ဦးအား နမ်းရှုတ်ခြင်း မပြုသင့်ပါ။


- ရောဂါလက္ခဏာများမရှိတော့သည့်တိုင် လိင်ဆက်ဆံလျှင် အကာအကွယ် ကွန်ဒုံးကို သုံးသင့်သည်။ မိမိတွင်ရောဂါရှိနေပါက မိမိ၏ အတူနေဖော်ကိုလဲ ရောဂါရှိ၊ မရှိစစ်ဆေးရန်နှင့် ရောဂါရှိနေပါက ကုသမှုခံယူရန် တိုက်တွန်းသင့်ပါသည်။

 

Ref: NHS Choices, UK



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18