Print

Carpel Tunnel Syndrome

  26-Oct-2016
Preview Image


လက်ကောက်ဝတ်အတွင်းရှိ အာရုံကြော (Median Nerve) ကို ဖိမိခြင်းကြောင့် လက်ဖဝါးနှင့် လက်ချောင်းများတွင် ထုံခြင်း၊ ကျဉ်ခြင်းနှင့် တခါတရံ နာကျင်ခြင်းကို Carpel tunnel syndrome ဟုခေါ်သည်။

လက္ခဏာများ
Carpel tunnel syndrome ၏ ရောဂါလက္ခဏာများမှာ တဖြည်းဖြည်းချင်း ဖြစ်ပေါ်လာတတ်ပြီး ညဘက်နှင့် နံနက်စောစောတွင် ပို၍ဆိုးတတ်သည်။အများအားဖြင့် လက်မ၊ လက်ညှိုး၊ လက်ခလယ်နှင့် လက်သူကြွယ်တစ်ဝက်တို့တွင် ထုံခြင်း၊ ကျဉ်ခြင်း၊ တခါတရံ နာကျင်ခြင်းတို့ ခံစားရတတ်သည်။


တခါတရံတွင် 
• လက်ဖဝါး၊ လက်ဖျံနှင့် လက်မောင်းများ ကိုက်ခဲခြင်း၊ 
• အပ်နှင့် ထိုးသကဲ့သို့ စူးခနဲ ခံစားရခြင်း၊ 
• လက်ဖဝါး အရေပြားများ ခြောက်လာခြင်း၊ ရောင်လာခြင်း၊ အရောင်ပြောင်းလာခြင်း၊ 
• အတွေ့အထိကို မသိခြင်း၊ 
• လက်ဖဝါးရှိ ကြွက်သားများ အားနည်းလာခြင်း၊ သိမ်လာခြင်း
• လှုပ်ရှားမှုများလျှင် လက္ခဏာများ ပိုဆိုးလာခြင်း
• ပစ္စည်းများကိုင်တွယ်ရာတွင် မကြာခဏ ပြုတ်ကျတတ်ခြင်း
• ကွန်ပြူတာ စာရိုက်ခြင်း၊ ကြယ်သီးတပ်ခြင်းတို့ကို လုပ်ရာတွင် ခက်ခဲခြင်း တို့ဖြစ်နိုင်သည်။

ဖြစ်ပွားရသော အကြောင်းရင်းများ
လက်ဖဝါးအတွင်းရှိ တစ်ရှူးများ ရောင်ရမ်းလာခြင်း၊ အာရုံကြော ဖြတ်သန်းသွားသော လှိုဏ်ခေါင်းကျဉ်းလာခြင်းတို့ကြောင့် လက်ကောက်ဝတ်ရှိ အာရုံကြော (Median nerve) ကို ဖိမိပြီး ထုံခြင်း၊ ကျဉ်ခြင်း နှင့် နာကျင်ခြင်းတို့ကို ခံစားရခြင်း ဖြစ်သည်။

ဖြစ်နိုင်ချေများသူများ
- မိသားစုတွင်း အလားတူ ရောဂါရှိသူများ
- ဆီးချို၊ သိုက်ရွိုက်ရောဂါနှင့် လေးဖက်နာ အဆစ်ရောင်ရောဂါရှိသူများ
- အဝလွန်သူများ
- ကိုယ်ဝန်ဆောင်များ
- လက်ကောက်ဝတ်ကို ထိခိုက်ဖူးသူများ
- ဂီတ တူရိယာ တီးခတ်သူများနှင့် တုန်ခါနေသော ပစ္စည်းများဖြင့် အလုပ်လုပ်ရသူများတွင် အဖြစ်များသည်။

စစ်ဆေးမှုများ
- ဆရာဝန်နှင့် ပြသပြီး ရောဂါလက္ခဏာများကို စမ်းသပ်စစ်ဆေးခြင်း
- ဖြစ်စေသော အကြောင်းရင်းများကို သိနိုင်ရန် သွေးစစ်ခြင်း
- အာရုံကြော ပျက်စီးခြင်းရှိမရှိကို လျှပ်စစ်သုံး၍ စမ်းသပ်ခြင်း
- အာရုံကြော၏ ခိုင်းစေမှုကို ကြွက်သားများက တုန့်ပြန်နို်င်စွမ်း ရှိမရှိကို စမ်းသပ်ခြင်း
- လက်ကောက်ဝတ်တွင်း ကျိုးခြင်း၊ ပုံမမှန်သည်များရှိခြင်းကို သိနိုင်ရန် ဓာတ်မှန်ရိုက်ခြင်း
- တီဗွီ ဓာတ်မှန်ရိုက်ခြင်း တို့ကို ပြုလုပ်နိုင်ပါသည်။

ကုသခြင်း
- Carpel Tunnel Syndrome သည် အချို့သူများတွင် ကုသစရာမလိုအပ်ဘဲ လအနည်းငယ် အကြာတွင် ပျောက်ကင်းသွားတတ်ကြသည်။
- ရောဂါလက္ခဏာကို ပိုမိုဆိုးရွားလားစေတတ်သော အပြုအမူများ၊ လှုပ်ရှားမှုများကို ရှောင်ကျဉ်ရန်လိုအပ်သည်။
- အာရုံကြောကို မဖိမိစေရန် လက်ကောက်ဝတ်ကို သင့်တော်သော (neutral position) တွင်ထားပြီး ကျပ်စည်း၍ ငြိမ်အောင်ထားရမည်။ 
- ချက်ချင်းခွဲစိတ်ကုသရန် မလိုအပ်သေးပါက လက်ကောက်ဝတ်အတွင်းသို့ စတီးရွိုက်ပါသောဆေးများ ထိုးသွင်းခြင်း၊ အကိုက်အခဲပျောက်ဆေးများ ပေးခြင်းတို့ဖြင့် ကုသနိုင်သည်။
- လိုအပ်ပါက ခွဲစိတ်ကုသမှု ခံယူရမည်။
- ကိုယ်ဝန်ဆောင်များတွင် ဖြစ်ပွားပါက ကလေးမွေးပြီး တစ်လခွဲမှ သုံးလ အတွင်း အလိုအလျောက် သက်သာပျောက်ကင်းသွားတတ်သည်။ 
- အာရုံကြောကို ကြာရှည်စွာ ဖိမိထားပါက အာရုံကြောပျက်စီးခြင်း၊ ကြွက်သားများ ပိန်လှီခြင်းတို့ ဖြစ်နိုင်သဖြင့် ဖြစ်ပွားပါက ချက်ချင်းကုသရန် လိုအပ်ပါသည်။

Ref: NHS Choices, UK



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18