Print

မကြာခဏ ကိုယ်ဝန်ပျက်ကျရသော အကြောင်းရင်းများ

  11-Jul-2020
Preview Image

          မကြာခဏ အလိုအလျောက်ကိုယ်ဝန်ပျက်ကျခြင်း၊ ဆုံးရှုံးရခြင်းကို Recurrent pregnancy loss ဟုခေါ်ပြီး RPL ဟု အတိုကောက် ခေါ်ဝေါ်ပါသည်။ နောက်ဆုံးရာသီပေါ်သောရက်မှ ရက်သတ္တပတ် ၂၀ အောက်တွင် သုံးကြိမ်ဆက်တိုက်ပျက်ကျမှ RPL ဟု သတ်မှတ်ပါသည်။


          အလိုအလျောက် ကိုယ်ဝန်ပျက်ကျခြင်းသည် (RPL မဖြစ်သေးသော်လည်း) အတွေ့ရများသော အခြေအနေတစ်ရပ်ဖြစ်ပါသည်။ သို့သော် RPL ဖြစ်နေတိုင်း လုံးဝကလေးမရနိုင်ပါဟု ပြော၍မရနိုင်ပါ။ ဖြစ်စေသော အကြောင်းရင်းများကို ရှာဖွေပြီး ယင်းအကြောင်းရင်းကို ကုသနိုင်လျှင် ကလေးပြန်ရနိုင်သည်လည်း ရှိပါသည်။ ထို့ကြောင့် RPL ဖြစ်စေသော အကြောင်းရင်းများကို ဆက်လက်ပြီးဖော်ပြပါမည်။


၁။ မျိုးဗီဇဆိုင်ရာ ပြဿနာများ

          RPL ဖြစ်စေသော အကြောင်းရင်းများ၏ ၂ - ၄ ရာခိုင်နှုန်းခန့်မှာ မိဘနှစ်ပါး၏ မျိုးဗီဇ ခရိုမိုဇုန်းများ ပြန်စီရာတွင် အစီအစဉ်မကျခြင်းကြောင့် ဖြစ်ပါသည်။ (ဖခင်ထံမှ မျိုးဗီဇခရိုမိုဇုန်း ၂၃ ခု၊ မိခင်ထံမှ ၂၃ ခု ပေါင်းပြီးမှ သန္ဓေသားလောင်း၏ မျိုးဗီဇဖြစ်ပေါ်လာရသည်။


၂။ ခန္ဓာဗေဒ ဖွဲ့စည်းပုံ ပြဿနာများ

          ခန္ဓာဗေဒ ဖွဲ့စည်းပုံအရ RPL ဖြစ်ရခြင်းမှာ သားအိမ်နံရံဆီသို့ သွေးလုံလောက်အောင် မရောက်ခြင်း၊ သားအိမ်နံရံတွင် အချင်းတွယ်မှုပုံမမှန်ခြင်း၊ မလုံလောက်ခြင်းတို့ ဖြစ်ပါသည်။ ထိုသို့ဖြစ်စေသော အကြောင်းရင်းများမှာ မွေးရာပါ သားအိမ်ဖွဲ့စည်းမှုပုံမမှန်ခြင်း၊ သားအိမ်တွင်းကပ်ငြိမှုများခြင်း (intrauterine adhesions)၊ သားအိမ်အတွင်း အလုံးများ ရှိနေခြင်း (uterine fibroids or polyps) စသည်တို့ကြောင့် ဖြစ်ပါသည်။ သားဖွားမီးယပ်ဆရာဝန်များနှင့် သေချာစွာ တိုင်ပင်ကုသခြင်းဖြင့် သားသမီးရတနာရရန် မျှော်လင့်ချက်ရှိပါသည်။


၃။ ဟော်မုန်းဆိုင်ရာ ပြဿနာများ

          သားဥအိမ် ရေအိတ်တည်သော ရောဂါ (polycystic ovarian syndrome)၊ Luteal phase defect (LPD)၊ ဆီးချိုရောဂါ၊ သိုင်းရွိုက်ရောဂါနှင့် ပရိုလက်တင်များသော ရောဂါ (hyperprolactinemia) စသော ဟော်မုန်းဆိုင်ရာ ရောဂါများသည် RPL ဖြစ်စေသော အကြောင်းရင်းများ၏ ၁၇ - ၂၀ ရာခိုင်နှုန်းခန့်အထိ ရှိပါသည်။ ရောဂါတစ်မျိုးချင်းစီအလိုက် သက်ဆိုင်ရာအထူးကုများနှင့် ကုသရန် လိုအပ်ပါသည်။


၄။ ကူးစက်ရောဂါဆိုင်ရာ ပြဿနာများ

          တော်ဇိုပလက်စမားပိုး (Toxoplasma gondii)၊ ရေယုန်ရောဂါပိုး (herpes simplex virus)၊ ဝက်သက်ရောဂါပိုး၊ Listeria monocytogenes ပိုးစသော ရောဂါပိုးများသည် သားပျက်သားလျှော ဖြစ်စေနိုင်ပါသည်။ ကူးစက်ရောဂါများသည် RPL ဖြစ်စေသော အကြောင်းရင်းများ၏ ဝ.၅ - ၅ ရာခိုင်နှုန်းအထိ ပါဝင်ပါသည်။

          လိင်ဆက်ဆံရာမှ ကူးစက်တတ်သော နာတာရှည်ပိုးများ၊ ခုခံအားနည်းနေသူတို့တွင် ဖြစ်တတ်သော နာတာရှည်ဖြစ်စေသည့် ရောဂါပိုးများကြောင့်လည်း RPL ကို ပို၍ ဖြစ်စေနိုင်ပါသည်။ RPL ဖြစ်နေသော လူနာများတွင် ရောဂါပိုးများ ရှိ၊ မရှိကို စစ်ဆေးကုသခြင်းဖြင့် ပြန်လည်၍ ကလေးရရှိနိုင်ပါသည်။


၅။ ကိုယ်ခံအားဆိုင်ရာ ပြဿနာများ

          မိခင်နှင့် ကလေးသည် မျိုးရိုးဗီဇအရ လုံးဝထပ်တူကျနိုင်မည် မဟုတ်ပါ။ ထို့ကြောင့် ကိုယ်ဝန်တည်လာပါက မိခင်၏ ကိုယ်ခံအားသည် ကလေးကို ပြင်ပပစ္စည်း (foreign bodies) အနေနှင့် ယူဆပြီး တိုက်ခိုက်မှုမဖြစ်စေရန် သဘာဝမှ ပြင်ဆင်ပေးပါသည်။ သို့သော် ထိုသို့ပြင်ဆင်ရာတွင် လွဲချော်မှုများ ရှိလာသောအခါ အမေ၏ ကိုယ်ခံအားမှ သန္ဓေသားကို တိုက်ခိုက်ကာ ပျက်ကျစေပါသည်။


၆။ သွေးခဲခြင်းဆိုင်ရာ ပြဿနာမျာ

          Thrombophilia (သွေးခဲခြင်း) သည် မျိုးရိုးလိုက်ခြင်းကြောင့်လည်း ဖြစ်တတ်သလို အခြားသော အကြောင်းအရင်းများကြောင့်လည်း ဖြစ်တတ်ပါသည်။ ကိုယ်ဝန်ပုံမှန်ဖွံ့ဖြိုးမှုဖြစ်စဉ်တွင် ကိုယ်ဝန်ပတ် ၂၀ တွင် အချင်း၌ ဖွံ့ဖြိုးလာမည့် သန္ဓေသားကို ထောက်ပံ့နိုင်ရန် သွေးကြောများစွာ ဖြစ်ပေါ်လာပါသည်။ ထိုအချိန်တွင် Thrombophilia ဖြစ်နေသူဖြစ်ပါက ထိုသွေးကြောလေးများတွင် သွေးခဲပိတ်ဆို့ပြီး ကလေးထံသို့ လိုအပ်သော အောက်ဆီဂျင်နှင့် အာဟာရဓာတ်များ မရောက်ဘဲ ကလေးပျက်ကျခြင်းဖြစ်စေပါသည်။


၇။ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများ

          မိမိတို့နေထိုင်ရာ ပတ်ဝန်းကျင်၊ သွားလာရာ ပတ်ဝန်းကျင်နှင့် လုပ်ငန်းခွင်တွင် ထိတွေ့ရသော ဓာတုပစ္စည်းများ၊ ဓာတ်ရောင်ခြည်များ၊ ဆေးဝါးများ၊ အဆိပ်အတောက်များကြောင့် ကိုယ်ဝန်မကြာခဏ ပျက်ကျခြင်း (RPL) ကို ဖြစ်စေနိုင်ပါသည်။

          သိရှိရသမျှသော လေ့လာမှုများအရ RPL ကို ဖြစ်စေနိုင်သောအရာများမှာ ဆေးလိပ်၊ အရက် (alcohol ပါသောအရာများ)၊ ကဖင်းတို့မှာ အတွေ့ရများသောအရာများ ဖြစ်ပါသည်။


၈။ အထက်ပါ အချက်များသည် RPL ကို ဖြစ်စေသော သိရှိပြီးအချက်များဖြစ်ပါသည်။ သို့သော်လည်း RPL ဖြစ်နေသော စုံတွဲများ၏ တစ်ဝက်ခန့်ကိုသာ အထက်ပါအချက်များနှင့် ကိုက်ညီကြောင်း တွေ့ရပါသည်။ ကျန်တစ်ဝက်ခန့်မှာ အကြောင်းရင်းကို ရှာမတွေ့သေးပါ။

          ကိုယ်ဝန်မကြာခဏ အလိုအလျောက်ပျက်ကျခြင်းကို ကြုံတွေ့နေရသော စုံတွဲများအနေဖြင့် အားငယ်ရန်မလိုဘဲ ကျွမ်းကျင်သူများနှင့် ကုသမှုခံယူရန် အကြံပြုလိုပါသည်။ စိတ်ပိုင်းဆိုင်ရာနှစ်သိမ့်ဆွေးနွေးပေးခြင်းနှင့် ကိုယ်ဝန်မဆောင်မီ နှစ်သိမ့်ဆွေးနွေးပေးခြင်းသည်လည်း ကုသမှုကို ကြီးစွာ အထောက်အကူဖြစ်စေနိုင်ကာ ရင်သွေးရတနာထွန်းကားစေနိုင်ကြောင်း အားပေးစကား ပြောကြားရင်း နိဂုံးချုပ်ပါရစေ။

Credit : ဒေါက်တာလင်း

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18