Print

မိမိ၏ ဗီဇနှင့် ရသော သားသမီးကို လိုချင်တယ်ဆိုရင် ရနိုင်မလားဟု မေးလာသူ လ...

  19-Jun-2019
Preview Image

          မကြာမီက Lesbian ခေါ် ယောကျ်ားလျာတစ်ဦးက မေးခွန်းမေးလာပါတယ်။ သူက သတင်းတစ်ပုဒ်ကို ဖတ်မိတာကတော့ ယောကျ်ားလေးတစ်ဦးဟာ အကြောင်းတစ်ခုခုကြောင့် လိင်အဂါၤ ပြတ်တောက်ခဲ့ရပါတယ်။ ဒါပေမယ့် လိင်တံအစားထိုး ခွဲစိတ်မှု ခံယူပြီးနောက် သူ့ရဲ့ ချစ်သူ ကောင်မလေးမှာ ကိုယ်ဝန်ရှိနေပြီလို့ ဆိုပါတယ်။ ဒီသတင်းဟာ Lesbian ကို စိတ်လှုပ်ရှားစေပါတယ်။ သူက ကျောက်ကပ်အစားထိုးတာလည်း ကြားဖူးပါတယ်။ ယခုတစ်ဖန် လိင်တံအစားထိုးတာကို ကြားဖူးပါပြီ။ လိင်တံအစားထိုးတယ်ဆိုတာ သူများ လိင်တံကို မိမိမှာလာပြီး တပ်ဆင်တာပေါ့။ ယောကျ်ားဘဝကနေ မိန်းမဘဝကို ပြောင်းတာကတော့ လိင်တံကို ဖြတ်လိုက်ရတာပါ။ ဒါပေမယ့် မိန်းမဘဝကနေ ယောကျ်ားဘဝကို ပြောင်းရင် လိင်တံကို တပ်ရမှာဆိုတော့ မဖြစ်နိုင်ဘူးထင်ခဲ့တာ ယခုတော့ မျှော်လင့်ချက်ရောင်ခြည် သန်းလာပြီလို့ ဆိုပါတယ်။

   

       ဒါကြောင့် Lesbian ဟာ မိန်းမ ဘဝကနေ ယောကျ်ားဘဝကို ပြောင်းချင်တယ်။ လိင်တံအစားထိုးတပ်ဆင် ခွဲစိတ်လိုပါတယ်။ ပြီးရင် ကလေးယူချင်ပါတယ်ဆိုပြီး ဆန္ဒကို ပြောပြပါတော့တယ်။


          Lesbian ဖတ်ခဲ့ရတဲ့ ဆေးပညာသတင်းကတော့ ယောကျ်ားစစ်က လိင်တံ ဖြတ်တောက်တာပါ။ သူ့မှာ သန္ဓေသားကို ဖြစ်စေတဲ့ သုက်ပိုး Sperm ကို ထုတ်လုပ်တဲ့ ဝှေးစေ့ Testis များ ရှိပြီးသားပါ။ အကြောင်းတစ်ခုကြောင့် လိင်တံ ပြတ်သွားတာဖြစ်လို့ မပြတ်ဘဲ ကျန်ခဲ့တဲ့ အပိုင်းရှိရင် ဆက်လို့ရတာဖြစ်ပါတယ်။


          Lesbian ကတော့ မူလက မိန်းမခန္ဓာကိုယ် ဆိုတော့ ဝှေးစေ့ Testis မပါလို့ သုက်ပိုးမထုတ်နိုင်ပါ။ သန္ဓေသားဆိုတာက ယောကျ်ားရဲ့ သုက်ပိုး Sperm နဲ့ မိန်းမရဲ့ မျိုးဥ Ovum တို့ပေါင်းပြီး ဖြစ်လာတာပါ။ ဒါကြောင့် လိင်တူချစ်သူတွေ သားသမီးရဖို့ မလွယ်သေးပါဘူး။

 

         ကျွန်တော်ကြားဖူးတဲ့ သတင်းတစ်ပုဒ်ကို သူပြန်ပြောမိတာကတော့ ယောကျ်ားတစ်ယောက်က ကိုယ်ဝန်ဆောင်တာမျိုးကြားဖူးပါတယ်။ ဒါပေမယ့် အဲ့ဒီယောကျ်ားက မူလဘဝက မိန်းမဖြစ်ပြီး ယောကျ်ားက မူလဘဝက မိန်းမဖြစ်ပြီး ယောကျ်ားလျာ Lesbian တစ်ဦးပါ။ သူဟာ ပွင့်ပွင့်လင်းလင်းပဲ။ ယောက်ျားလိုပဲ ဝတ်လိုက်ပြီး ဟော်မုန်းကုသမှု ခံယူလို့ မုတ်ဆိတ်မွေး၊ ပါးသိုင်းမွေးတွေ၊ စလုပ်တွေ ထွက်လာပြီး သူ့ချစ်သူ မိန်းကလေးနဲ့ လက်ထပ်လိုက်ပါတယ်။ ဒါပေမယ့် သူက မိန်းမဘဝက လာတာဆိုတော့ သူ့မှာ သားအိမ်၊ သားဥအိမ်တွေ ပါပြီးသားပါ။ ဒီတော့ တခြား ယောကျ်ားတစ်ဦးရဲ့ သုက်ပိုးနဲ့ သန္ဓေအောင်စေတော့ ကိုယ်ဝန်ရတာဖြစ်ပါတယ်။

 

         Lesbian တွေ မုဒိန်းကျင့်ခံရပြီး ကိုယ်ဝန်ရကုန်တဲ့ သာဓကတွေ တော်တော် များများရှိပါတယ်။ ဒီတော့ လိင်တူချစ်သူဟာ သားရင်း၊ သမီးရင်း ရနိုင်ပါတယ်။ ဒါပေမယ့် Lesbian ရဲ့ ဗီဇ က သန္ဓေသားမှာပါပြီး သူ့ချစ်သူ ကောင်မလေးရဲ့ ဗီဇကတော့ မပါဝင်ပါဘူး။

  

        ဒီတော့ သူ့ချစ်သူကောင်မလေးဘက်က ကြည့်ရင်တော့ ရလာတဲ့ သန္ဓေသားဟာ (လင်ပါသား) လို့ ပြောလို့ရပါတယ်။ နှစ်ပါးစုံ သားသမီးလို့တော့ ပြောလို့မရပါဘူး။ နှစ်ပါးစုံ သားသမီးဆိုတာကတော့ မိခင်ရော၊ ဖခင်ရောရဲ့ ဗီဇသွေးနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ဒီတော့ ကျွန်တော့် မိတ်ဆွေ Lesbian က သူ့ရဲ့ ခေတ်လွန် အတွေးတစ်ခု ကို တင်ပြလာပါတယ်။ ဘယ်လိုလဲဆိုရင် လိင်တူချစ်သူစုံတွဲတွေ ရှိတယ်ဆိုပါစို့ ။


          Gay က လိင်ပြောင်းပြီး ယောကျ်ားစစ်စစ်နဲ့ လက်ထပ်တာမျိုးလည်း ရှိတယ်။ ယောကျ်ားလျာ Lesbian က ဟော်မုန်းကုသခံယူပြီး မိန်းမစစ်နဲ့ လက်ထပ်တာလည်း ရှိကြပါတယ်။ ဒါပေမယ့် သူ့ရဲ့အတွေးကတော့ Gay က လိင်ပြောင်းပြီး မိန်းမဘဝ ခံယူမယ် ဆိုပါစို့။ အဲဒီ လိင်ပြောင်းသူနှစ်ဦး လက်ထပ်ရင်ရော ကလေးရနိုင်မလားလို့ မေးလာပါတယ်။ Gay ကလည်း မူလက ယောကျ်ားဆိုတော့ လိင်ပြောင်းခွဲစိတ်ကာ မလုပ်မီ သူ့ရဲ့သုက်ပိုးကို အေးခဲ သိမ်းဆည်းထားမယ်။ Lesbian ကလည်း သားဥ Ovum ကို အေးခဲ သိမ်းဆည်းထားမယ်။ အဲဒီ သုက်ပိုးနဲ့ သားဥကို ပြင်ပမှာ ဆေးပညာနည်းနဲ့ သန္ဓေအောင်စေနိုင်ပါသလား။ အဲဒီလို လိင်ပြောင်းထားသူနှစ်ဦး လက်ထပ်လိုက်ရင် လိင်တူချစ်သူတွေဟာ သားရင်း၊ သမီးရင်း ရနိုင်တာပေါ့။ မဟုတ်ဘူးလား ဆရာရေလို့ မေးပါတယ်။ အဲဒီ Lesbian ဟာ စာတော်တော် ဖတ်ထားပုံရပါတယ်။


          သူ့မေးခွန်းကို ဖြေရာမှာ Medicine ဆိုတဲ့ ဆေးပညာကို အားကိုးအားထားပြုပြီး မဖြေချင်ပါဘူး။ History ဆိုတဲ့ သမိုင်းကို အားကိုးအားထားပြုပြီး ဖြေချင်ပါတယ်။ သမိုင်းဘာသာရပ်မှာ စစ်သူကြီးနပိုလီယန်က ဘာပြောလဲဆိုတော့ လောကကြီးမှာ မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး။ မဖြစ်သေးတာဘဲ ရှိတယ်လို့ဆိုပါတယ်။

  

        ဒါကြောင့် Lesbian မေးတဲ့ မေးခွန်းက လိင်တူချစ်သူတွေ နှစ်ပါးစုံ ကလေးရနိုင်သလား ဆိုတာမျိုးကတော့ ဖြစ်တော့မဖြစ်သေးဘူး။ ဒါပေမယ့် အနာဂါတ်မှာ မဖြစ်နိုင်ဘူးလို့လည်း ပြောလို့မရဘူး ဆိုပြီးတော့ဘဲ ဖြေရတော့မှာ ဖြစ်ပါတယ်။


          မျက်မှောက်ခေတ် မှာ မြင်နေရတာကတော့ Gay က ယောကျ်ားစစ်စစ်နဲ့ ကြိုက်ကြတယ်။ ယောကျ်ားလျာက မိန်းမစစ်စစ်နဲ့ ကြိုက်ကြတယ်။ Gay နဲ့ Lesbian ကြိုက်ကြတာတော့ အလွန်ရှားပါတယ်။ အနောက်တိုင်းဒေသတွေမှာ လိင်တူချစ်သူတွေကို လက်ထပ်ခွင့် ပြုထားပေမယ့် အရှေ့တိုင်းဒေသက လူတော်တော်များများကတော့ လိင်တူချစ်သူတွေကို နှာခေါင်းရှုံ့ကြပါတယ်။


          Gay နဲ့ Lesbian လက်ထပ်လိုက်ရင် ပိုပြီး တော့်တောင် နှာခေါင်းရှုတ်ကြဦးမလား မသိပါဘူး။ ဒါပေမယ့် တွေးကြည့်တော့ Gay နဲ့ Lesbian လက်ထပ်ရင် လိင်တူလက်ထပ်တာမဟုတ်ဘဲ လိင်ကို လက်ထပ်သလို ဖြစ်နေပါတယ်။ ကျွန်တော်ကတော့ လိင်တူချစ်သူတွေရဲ့ အတွေးနဲ့ မေးတဲ့ မေးခွန်းတွေကို ဂရုတစိုက် ၊ လေးလေးစားစားနဲ့ ဉာာဏ်မီသလောက် ဖြေကြားပါတယ်။ လွတ်လွတ်လပ်လပ် တွေးကြပါစေ။ မေးကြပါစေလို့ သဘောထားလိုက်ပါတယ်။


          လူတစ်ဦးနဲ့ တစ်ဦး အတွေးအမြင်ချင်း တူချင်မှ တူမှာပေါ့။ မတူတဲ့ အမြင်တွေကို နားလည်ပေးခြင်းဟာ ဖွံ့ဖြိုးရေးရဲ့ စရိုက်လက္ခဏာ တစ်ခု ဖြစ်တယ်လို့ ကျွန်တော်ဆိုချင်ပါကြောင်း . . .

Credit : ဒေါက်တာ ထွန်းဝင်း

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18