Print

Sex Education နှင့် Sex Counselling ဆိုတာ ဘာလဲ

  17-Jun-2019
Preview Image

          ကောင်းဆဲလင်း (Counselling) ဆိုတဲ့ စကားရပ်ဟာ မြန်မာပြည်မှာ လူသိများလာတာကတော့ HIV / AIDS ဝေဒနာ ဆိုတာ ပေါ်ပေါက်လာပြီး HIV ပိုးရှိသူ တွေကို နှစ်သိမ့်ဆွေးနွေးတယ်ဆိုပြီး လူသိများပါတယ်။ ဒီတော့ ကောင်းဆဲလင်း ဆွေးနွေးမှု ခံယူတယ်ဆိုတာနဲ့ HIV ရှိနေတယ်လို့ယူဆကြတယ်။ HIV ဝေဒနာရှင်တွေကလည်း ၁၉၈၀ မှ ၁၉၉၀ ပြည့်နှစ်လွန်တွေကဆိုရင် HIV ရှိရင် မုချသေမယ် ဆိုပြီးပြောကြတော့ မိမိကိုယ်ကို သတ်သေလောက်အောင် စိတ်ညစ်တော့ Counselling ကို ခံယူကြပါတယ်။


          ဒီတော့ Counselling ဟာ ဝေဒနာသည်ကို နှစ်သိမ့်ဆွေးနွေးတာလို့ လူသိများပါတယ်။ Counselling ကို မြန်မာပြန်ရာမှာ ပညာပေးဆွေးနွေးခြင်းဆိုရင် ပိုကောင်းမယ်လို့ ပြောပါတယ်။ Counselling ဆိုတာ ငိုနေတဲ့ ကလေးတစ်ယောက်၊ ဝမ်းနည်းနေတဲ့ ကလေးတစ်ယောက်ကို ရင်ခွင်ထဲမှာ ထားပြီး ချော့တာ မဟုတ်ပါဘူး။ ပြဿနာ ရှိနေတဲ့ လူတစ်ယောက်က ဒီပြဿနာကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ ရင်ဆိုင်နိုင်အောင် သူ့ကို အသိခွန်အား၊ စိတ်ခွန်အား၊ နည်းဗျူဟာခွန်အားတွေ ပေးတာဖြစ်တယ်။ ကောင်းဆဲလင်း (Counselling) ဆိုတာ စိတ်ပညာ ရှင်တစ်ယောက်က ဘယ်လိုအဓိပ္ပာယ် ဖွင့်လဲဆိုရင် ပြဿနာရှိသူတစ်ယောက်ဟာ သူ့ပြဿနာ သူရှင်းနိုင်အောင် သူ့ကို အရည်အသွေး မြှင့်ပေးတာပဲ ဖြစ်တယ် လို့ ဆိုပါတယ်။


          ဒီတော့ ပြဿနာဆိုရာမှာ လူတွေ သိထားတာကတော့ HIV ပြဿနာပဲ ဖြစ်နေတယ်။ တကယ်တော့ HIV ဖြစ်မှ ပြဿနာမဟုတ်ပါဘူး။ လိင်တူချစ်သူတွေလည်း ပြဿနာရှိတယ်။ ခွဲခြားဆက်ဆံခြင်း ခံရသူတွေလည်း ပြဿနာရှိတယ်။ အိမ်ထောင်ရေး အဆင်မပြေရင်လည်း ပြဿနာရှိတယ်။ ပန်းသေပန်းညှိုးရင်လည်း ပြဿနာရှိတယ် စသဖြင့် ပြဿနာပေါင်း သောင်းခြောက်ထောင်ရှိပါတယ်။


 ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာတော့ ပြဿနာမှန်သမျှအတွက် ကောင်းဆဲလင်းလုပ်ပေးတဲ့ ဌာနတွေရှိပါတယ်။ ဒီအခါမှာ ကျွန်တော်ပြောချင်တဲ့ Sex Counselling အကြောင်း ရောက်ပါပြီ။ ရှေးဦးစွာ Sex Education အကြောင်းပြောဖို့ လိုပါတယ်။ Sex Education က ယေဘုယျ ဆန်တယ်။ ဥပမာ ပန်းညှိုးပန်းသေ ကာကွယ်ရေး ဆိုပြီး ပညာပေးရင် ဆေးလိပ်ဖြတ်ဖို့တို့ ၊ အိပ်ရေးဝဝအိပ်ဖို့တို့ ၊ မျှတဲ့အာဟာရ စားသောက်ဖို့တို့ ၊ လိုအပ်ရင် ဟော်မုန်းကုသမှု ခံယူဖို့တို့ ပွင့်ပွင့်လင်းလင်း ပြောတာပါ။           Sex Education ကို ဂျာနယ်မှာ ထည့်လို့ ရပါတယ်။ သူက ပွင့်လင်းမြင်သာမှု ဒဿန (Transparency Concept) ရှိတယ်။


Sex ကောင်ဆဲလင်း ကြတော့ တသီးကုဂ္ဂလဆန်တယ်။ ဥပမာ အသက် ၅၀ လောက်ရှိတဲ့ လူတစ်ယောက်က သူ့ဇနီး နဲ့ လိင်ဆက်ဆံရတာ အဆင်မပြေဘူး ဆိုပြီး သီးခြားပြောလာမယ်ဆိုပါတော့။

ဒီတော့ ဘာနဲ့သွားတူလဲဆိုတော့ ရှေးတုန်းက ရှင်ဘုရင်တွေ မိဖုရားများတော့ အသက်ကြီးတဲ့ မိဖုရားခေါင်ကြီး နဲ့ ဘုရင်က ဖိုမ ကိစ္စ စိတ်မပါတဲ့အခါမှာ ဘုရင်ကို တော်ဝင်သမားတော်က တိုးတိုးတိတ်တိတ် နည်းဗျူဟာ ပေးရတာက ကောင်းဆဲလင်းပါ။ ဒီကိစ္စက ပွင့်လင်း မြင်သာလို့မရဘူး။ ဂျာနယ်မှာ ထည့်ရေးရင် ပြဿနာတက်နိုင်ပါတယ်။


ဆရာဝန်ကျင့်ဝတ်နဲ့ သွားနှီးနွယ်တယ်။ ဘယ်လိုလဲဆိုတော့ ဆရာဝန်တွေ ကျန်းကျိန်ရတဲ့ ကျမ်းသစ္စာမှာ ကျွနု်ပ်သည် လူနာတို့၏ လျှို့ဝှက်အပ်သော ကိစ္စများကို လျှို့ဝှက်ပေးပါမည်လို့ ကျမ်းကျိန်ရပါတယ်။ အဲဒါကို ပရော်ဖက်ရှင်နယ် ဆေကရယ်ဆီ (Professional Secrecy) လို့ ခေါ်ပါတယ်။


တစ်ဖန် Sex Counselling နဲ့ အခြားကောင်းဆဲလင်းတွေ ဘယ်လိုကွာခြားလဲဆိုတော့ တခြားကောင်ဆဲလင်းတွေ ကို ဥပမာပေးရရင် မိန်းမလျှာလေးတစ်ယောက်ဟာ သူ့ကိုလူတွေက၊ ဟားလို့ စိတ်ညစ်တယ်ပြောရင် သူ့ကိုလောကကြီးထဲမှာ အလိုက်သင့် အလျားသင့်နေတတ်အောင် ကောင်းဆဲလင်းလုပ်ရမယ်။ ဒီကိစ္စ၊ ဒီအဖြစ်ကို ဂေးရဲ့နာမည်လွဲပြီး ဂျာနယ်မှာ ထည့်လို့ရတယ်။ ဒါပေမယ့် Sex Counselling မှာတော့ ဘုရင်က မိဖုရားခေါင်ကြီးနဲ့ လိင်ဆက်ဆံရတာ အဆင်မပြေဘူးဆိုရင် ယောကျ်ားနဲ့ မိန်းမ အိပ်ခန်းဆောင်မှာ ဘယ်လိုနေထိုင်ရမလဲပြောတာကြတော့ ညစ်ညမ်းကိစ္စ ဆိုပြီး သတ်မှတ်ခံရရင် ကာယကံရှင်နဲ့ နာမည်တွေလွဲပြီး ဂျာနယ်မှာ ရေးလို့မရပြန်ဘူး။ ဒီနေရာမှာ အရှေ့တိုင်းနိုင်ငံတွေနဲ့ အနောက်တိုင်းနိုင်ငံတွေ သဘာဝမတူတာတွေကို တင်ပြချင်ပါတယ်။


          အပြာစာပေတွေဆိုရင် အရှေ့တိုင်းနိုင်ငံတွေက လက်မခံဘူး။ အပြာစာအုပ်ထွက်ရင် ရှူးရှူးရှားရှားနဲ့ ဒေါသဖြစ်တယ်။ အဲဒါကို ထိရှလွယ်ခြင်း (Sensitive) ဖြစ်တယ်လို့လည်း ခေါ်ပါတယ်။ အနောက်နိုင်ငံတချို့ကတော့ Sensitive မရှိပါဘူး။ မဖတ်ချင်တဲ့သူ မဖတ်နဲ့၊ ဖတ်ချင်တဲ့သူ ဖတ်ပေါ့ဆိုတဲ့ သဘောရှိတယ်။ ဒီတော့ သူတို့က စာပေတွေထွက်ရင် အမျိုးအစား Category ခွဲပေးထားတာမျိုး လုပ်တယ်။ ဥပမာ (A) အမျိုးအစား ဆိုရင် အပြာစာပေ (B)ဆိုရင် ကောင်းဆဲလင်း (C) ဆိုရင် Sex Education (D) အခြားအကြောင်းများဆိုပြီး အမျိုးအစားခွဲထားတယ်။ တင်းကြပ်တာ တစ်ခုကတော့ အပြာစာပေတို့ Sex ကောင်းဆဲလင်းတို့ကို ၁၈ နှစ်အောက် မဖတ်ရ ပြောတာမျိုး လောက်ပါပဲ။ အရှေ့တိုင်းမှာကတော့ Sex Education ဆိုရင် သတိထား ရေးသားဖော်ပြနိုင်ပြီး Sex ကောင်းဆဲလင်း ဆိုရင်တော့ ရေးဖို့မလွယ်သေးပါ။


          ဒီတော့ ပြဿနာတွေကို ကြိတ်မှိတ်ခံစားရတာရှိပါတယ်။ တစ်ခါက အရှေ့တိုင်းနိုင်ငံတစ်ခုမှာ လင်မယားနှစ်ယောက်ဟာ အိမ်ထောင်သက် အနှစ် ၂၀ မှာ ကွာရှင်းကြပါတယ်။ ကွာပြီးမှ သိရတာကတော့ သူတို့ဟာ အနှစ် ၂၀ အတွင်း တစ်ခါမှ လိင်ဆက်ဆံဖူးခြင်းမရှိဘူးဆိုတာပဲ။ သို့သော် Sex ကောင်းဆဲလင်းလဲမရှိတော့ အနှစ် ၂၀ လုံးလုံး ပြဿနာကို ကြိတ်မှိတ် ခံစားသွားရပါတယ်။

          ဒါကြောင့် Sex Counselling လုပ်ငန်းကတော့ ဖွံ့ဖြိုးတိုးတက်ဖို့ လိုတယ်လို့ ယုံကြည်မိပါကြောင်း. . . ။

Credit : ဒေါက်တာ ထွန်းဝင်း



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18