Print

သွေးဆုံးပြီးနောက် ကျန်သေးသည့်မျိုးဥလောင်းတို့ကို လှုပ်နှိုး၍ ကလေးရစေခြ...

  15-Jun-2019
Preview Image

          အမျိုးသမီးများဟာ မွေးဖွားလာကတည်းက မျိုးဥလောင်းပေါင်း သန်းချီပါရှိလာပါတယ်။ ကလေးဘဝမှာ မျိုးဥလောင်းတို့ ဖွံ့ဖြိုးမှုရပ်တန့်နေကြပြီး အပျိုဘော်ဝင်ချိန်မှစ၍ ဓမ္မတာ  တစ်ရာသီမှာ (များသောအားဖြင့် တစ်လတစ်ခါ) မျိုးဥလောင်းအနည်းငယ်တို့ ရင့်မှည့်ဖို့ ဖွံ့ဖြိုးလာကြတယ်။ ပုံမှန်အားဖြင့် ဖွံ့ဖြိုးလာတဲ့မျိုးဥလောင်းများစွာအနက် တစ်ရာသီမှာတစ်ခုသာ သန္ဓေအောင်နိုင်တဲ့အဆင့်အထိ ရင့်မှည့်လာလေ့ရှိပါတယ်။ အပြိုင်အဆိုင် ဖွံ့ဖြိုးနေတဲ့ ကျန်မျိုးဥလောင်းတို့ ပျက်စီးသွားကြမှာ ဖြစ်ပါတယ်။ များသောအားဖြင့် အမျိုးသမီး ဘဝတစ်လျှောက်မှာ မျိုးဥလောင်းပေါင်း လေးရာခန့်သာ ရင့်မှည့်ကြွေဆင်းလေ့ရှိပါတယ်။


          အသက်ကြီးလာတဲ့အခါ (ပုံမှန်အားဖြင့် အသက်ငါးဆယ်ကျော်တဲ့အခါ) ကျမှ ထိန်းညှိဓာတ်အပြောင်းအလဲများဖြစ်ပေါ်ကာ မျိုးဥလောင်တို့ မဖွံ့ဖြိုးကြတော့ပါဘူး။ မျိုးဥသန္ဓေအောင်ခဲ့ရင် အခြေကျအဖြစ်တွယ်ဖို့ ပြင်ဆင်ထားတဲ့ သားအိမ်အတွင်မြှေး ကွာကျခြင်း(ဓမ္မတာသွေးဆင်းခြင်း) လည်း မဖြစ်ပေါ်လာတော့ပဲ သွေးဆုံးခြင်းအနေအထားသို့ ရောက်ရှိလာကြမှာ ဖြစ်ပါတယ်။


          အခုလိုသွေးဆုံးကာ ကိုယ်ဝန်ဆောင်နိုင်စွမ်း အဆုံးသတ်သွားပေမယ့် ဥအိမ်အတွင်း မျိုးဥလောင်းတွေ ကျန်ရစ်နေလေ့ရှိပါသေးတယ်။ အချို့ အမျိုးသမီးများကျတော့ အကြောင်းကြောင်းကြောင့် အရွယ်ကောင်းစဉ်မှာပင် စောစီးစွာသွေးဆုံးသွားကြလို့ ကလေးရနိုင်ဖို့အခြေအနေ နည်းပါးလာစေပါတယ်။ ကိုယ့်မျိုးဥမရနိုင်လို့ ဖန်ပြွန်သန္ဓေနဲပင် ကလေးရယူနိုင်ဖို့ မဖြစ်နိုင်ကြဘူး။


          ဒါပေမယ့် သဘာဝအလျောက် မျိုးဥမကြွေဆင်းနိုင်တော့ပေမယ့် မျိုးဥလောင်း ကျန်ရစ်နေသေးသူများအတွက် ကြွက်နဲ့စမ်းသပ်ရာမှ မျှော်လင့်ချက်ရောင်ခြည် ပေါ်ထွက်လာခဲ့ဖူးပါသည်။ ဒါကလည်း ကယ်လီဖိုးနီးယားပြည်နယ် စတန်းဖို့ ဆေးတက္ကသိုလ်မှ ပါမောက္ခ Aaron Hsueh နဲ့ အဖွဲ့တို့ရဲ့ စွမ်းဆောင်ချက်ပါ။


          ပညာရှင်အဖွဲ့ဟာ မျိုးဥလောင်းဆက်လက်ကြီးထွားရင့်မှည့်မှုကို တားဆီးပိတ်ပင်ထားတဲ့ PTEN  ဗီဇကို ရှာဖွေတွေ့ရှိထားပါတယ်။ ဒီဗီဇတားဆီး ပိတ်ဆို့ ထားတဲ့ဖြစ်စဉ်ကို ပြောင်းပြန်လှန်ဖြစ်ပျက်စေမယ့် ဓာတုဖြစ်စဉ်ကို လည်း တွေ့ရှိထားပါတယ်။ ဒါကြောင့် ကြွက်မရဲ့ဥအိမ်အပိုင်းအစများကို တွေ့ရှိထားတဲ့ ဓာတ်ပစ္စည်းများနဲ့ မွေးမြူကြည့်တဲ့အခါ မျိုးဥလောင်းတို့ ရင့်မှည့်လာကြတာ တွေ့ခဲ့ကြတယ်။ တစ်နည်းအားဖြင့် ငြိမ်နေတဲ့ မျိုးဥလောင်းတွေကို ဆက်လက်ရင့်မှည့်ကြီးထွားစေအောင် လှုံ့ဆော်ပေးနိုင်ခဲ့ကြပါတယ်။ ဥအိမ်ကို အတုံးငယ်များ ဖြစ်အောင် စိတ်တောက်လိုက်ခြင်းအားဖြင့် ဦးနှောက်က ထိန်းညှိဓာတ်ပို့ ဟန့်တားထားမှုကို ကျော်လွှားစေတယ်လို့ ဆိုပါတယ်။

 

         ဥအိမ်ကို အပိုင်းအစများအဖြစ်ဖြတ်တောက်ပြီး မျိုးဥရင့်မှည့်စေမယ့် လှုံဆော်ဓာတ်နဲ့ မွေးမြူထားတဲ့ ဥအိမ်အပိုင်းအစများကို ကြွက်မကိုယ်ထဲ ပြန်ထည့်သွင်း စမ်းသပ်ကြတဲ့အခါ မျိုးဥတွေ ရင့်မှည့် ကြွေဆင်းလျက် ကြွက်ငယ်များပေါက်ပွားလာကာ သက်သေပြနိုင်ခဲ့ကြပါတယ်။


          အခုအခါ အမေရိကန်နိုင်ငံ Stanford တက္ကသိုလ်မှ သုတေသီအဖွဲ့နဲ့ ဂျပန်နိုင်ငံ St Marianna ဆေးတက္ကသိုလ်မှ သုတေသီတွေဟာ ကြွက်တွေနဲ့ စမ်းသပ်အောင်မြင်ခဲ့တဲ့ နည်းစနစ်ကို လူတွေမှာ စမ်းသပ်ကြည့်ခဲ့ကြတယ်။ အမျိုးသမီးအများအပြားနဲ့တော့ မဟုတ်သေးပါဘူး။ အသက် သုံးဆယ်ဝန်းကျင်မှာ သွေးဆုံးသွားကြသူ အမျိုးသမီး (၂၇) ယောက်နဲ့ ပါ။ ဒီလိုအရွယ်ကောင်းစဉ် သွေးဆုံးမှုမျိုးဟာ အမျိုးသမီးအယောက်တစ်ရာမှာ တစ်ယောက်လောက် ဖြစ်တတ်ကြပါတယ်။


          မိမိဆန္ဒနဲ့ စမ်းသပ်ခံသူ ထိုအမျိုးသမီးများရဲ့ ဥအိမ်ကို ခွဲစိတ်ထုတ်ယူခဲ့ကြတယ်။ စမ်းသပ်ကြည့်တော့ အမျိုးသမီး (၁၃) ဦးရဲ့ ဥအိမ်မှာသာ မျိုးဥလောင်းတို့ ကျန်ရှိနေသေးတာ တွေ့ခဲ့ကြတယ်။ ကျန် (၁၄) ဦးတို့ကတော့ ဘာမှ ဆက်လုပ်စရာ မရှိတော့ပါဘူး။


          ကြွက်ဥအိမ်နဲ့ စမ်းသပ်ခဲ့စဉ်ကအတိုင်း မျိုးဥလောင်းရှိနေသေးတဲ့ ဥအိမ်များကို အတုံးငယ်များအဖြစ် ပိုင်းစိတ်လိုက်ပြီး လှုံ့ဆော် ဓာတ်ပစ္စည်းများနဲ့ မွေးမြူခဲ့ကြတယ်။ သင့်တော်တဲ့အချိန်မှာ ဥအိမ်အပိုင်းအစများကို သက်ဆိုင်ရာ အမျိူးသမီးများရဲ့ ဥပြွန်ထိပ်မှာ ထားရှိပေးခဲ့ကြတယ်။ မျိုးဥရင့်မှည့်မှုဆိုင်ရာ ထိန်းညှိဓာတ်တွေလည်း ပေးခဲ့ကြတယ်။

 

         မျိုးဥလောင်းတို့ ကြီးထွား ရင့်မှည့် လာမှုအခြေအနေကို အသံလွန်လှိုင်းအသုံးပြုပြီး စောင့်ကြည့်ခဲ့ကြတယ်။ အမျိုးသမီး (၁၃) ယောက်အနက် ရှစ်ဦးမှာ မျိုးဥတို့ ရင့်မှည့်လာတာ တွေ့ခဲ့ကြလို့ သူတို့ကို မျိုးဥကြွေဆေးများပေးပြီး ဥအိမ်မှ မျိုးဥတွေ ကြွေဆင်းအောင် ပြုလုပ်ပေးခဲ့ကြတယ်။ ကြွေဆင်းလာတဲ့ မျိုးဥများကို ထုတ်ယူပြီး ဓာတ်ခွဲခန်းအတွင်းမှာပဲ သန္ဓေအောင်စေခဲ့ကြတယ်။ အခုအချိန်ထိ အမျိုးသမီးသုံးဦးမှာ သူတို့ရဲ့ သန္ဓေအောင်မျိုးဥများကို သားအိမ်အတွင်း ထည့်သွင်းပေးခဲ့ကြတယ်။

  

        ထိုသုံးဦးအနက် တစ်ဦးမှာ သန္ဓေသား အမြစ်တွယ်နိုင်ခြင်းမရှိလို့ ကိုယ်ဝန်မတည်နိုင်ခဲ့ပါဘူး။ နှစ်ဦးကတော့ ကိုယ်ဝန်ဆောင်နိုင်ခဲ့ကြရာ အမျိုးသမီးတစ်ဦးက ၂၀၁၂ ခုနှစ် ၊ ဒီဇင်ဘာလမှာ ဂျပန်နိုင်ငံ သားယောကျ်ားလေး မွေးဖွားခဲ့ပါတယ်။ ကျန်တစ်ဦးကတော့ ကိုယ်ဝန်ဆောင်ထားဆဲ မမွေးဖွားသေးပါဘူး။

 

         ဒါကြောင့် ပညာရှင် Aaron Hsueh က ရှိနှင့်ပြီး နည်းစနစ်များနဲ့ ကလေးမရနိုင်တော့တဲ့ သေဆုံးသွားသူ အမျိုးသမီးများ ကလေးရစေရေးအတွက် အသုံးပြုနိုင်လိမ့်မယ်လို့ဆိုလိုပါတယ်။ ဒါပေမယ့် အင်္ဂလန်နိုင်ငံ အီဒင်ဘတ် တက္ကသိုလ် မျိုးပွားမှုဆိုင်ရာ သုတေသီ Evelyn Telfer က အခုနည်းစနစ်ကို ဆေးရုံဆေးခန်းတို့မှာ အသုံးမပြုမီ ဆက်လက် သုတေသနပြုဖို့ လိုသေးတယ်။ ဒီနည်းစနစ်ရဲ့ စိတ်ချမှုကိုလည်း သေချာအောင် စမ်းသပ်ဖို့ လိုသေးတယ်လို့ ထောက်ပြသွားပါတယ်။


          ဘယ်လိုပဲဖြစ်ဖြစ်၊ အခုတွေ့ရှိချက်ဟာ စိတ်ဝင်စားစရာ ခြေလှမ်းတစ်ရပ်ဖြစ်ပါတယ်။ ဥအိမ်ကို လှီးဖြတ်စိတ်ပိုင်းပြီး Plen ဗီဇဟန့်တားဓာတ်နဲ့ ထားရှိမွေးမြူခြင်းမပြုဘဲ အမျိုးသမီးကိုယ်ထဲ ပြန်ထည့်ပေးခဲ့ရင်ရော မျိုးဥတွေ ကြီးထွား ရင့်မှည့်လာနိုင်ခြင်း ရှိ၊ မရှိဆိုတာ မသဲကွဲသေးပါဘူး။ ဆက်လက် စမ်းသပ်ရပါဦးမယ်။


          ပါမောက္ခ Aaron Hsueh က ဘီဘီစီကို ပြောကြားရာမှာ သူတို့ တီထွင်ထားတဲ့ ကုထုံးကို မွမ်းမံရပါဦးမယ်။ အကောင်းအနေအထား ရလာတဲ့အခါ အမျိုးသမီးထု ၂၅ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းကို ကုသပေးနိုင်လိမ့်မယ်လို့ ဆိုပါတယ်။ ဒါ့ပြင် ကင်ဆာရောဂါကို ကျော်လွှားနိုင်ခဲ့သူတွေကိုလည်း ကလေးရရေးအတွက် ကူညီပေးနိုင်ပါလိမ့်မယ်။ သူတို့ဟာ ကင်ဆာဆေးတွေကြောင့်သော်လည်းကောင်း၊ ဓာတ်ရောင်ခြည်ကုထုံးကြောင့်သော်လည်းကောင်း၊ သေဆုံးသွားပေမယ့် ဥအိမ်မှာ မျိုးဥလောင်း ကျန်နေသေးရင် ကလေးရရေး ကုသပေးနိုင်ပါလိမ့်မယ်။ အသက် ၄၀ နဲ့ ၄၅ နှစ်ကြား ဓမ္မတာသွေး လာလိုက်၊ ပျောက်လိုက် သွေးကစားနေသူတို့ကိုလည်း ကလေးရရေး ကူညီပေးနိုင်ဖွယ်ရှိတယ်လို့ ပြောကြားသွားခဲ့ပါတယ်။

 

         Liverpool အမျိုးသမီးဆေးရုံ မီးယပ်နဲ့ သားဖွားဆိုင်ရာ တော်ဝင်ကောလိပ်မှ ပါမောက္ခ Charles Kingsland က အမှန်တကယ် ပါးနပ်တဲ့ နည်းစနစ်ဖြစ်ကြောင်း ချီးကျူးသွားပါတယ်။ ဒါပေမယ့် ကလေးလိုချင်သူ အမျိုးသမီးတိုင်းမှာ အလုပ်ဖြစ်ပါ့မလားဆိုတာ မသိရသေးကြောင်းထောက်ပြထားပါတယ်။ ဒီနည်းစနစ်တကယ်အလုပ်ဖြစ်ကြောင်း သက်သေပြနိုင်ဖို့ စမ်းသပ်မှုအများအပြား ပြုလုပ်ကြရပါဦးမယ်။

Credit : ဒေါက်တာ မြင့်သန်း (သန္ဓေသား)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18