Print

သားအိမ်အစားထိုးခြင်း

  10-Jun-2019
Preview Image

         သားအိမ်အစားထိုး ခွဲစိတ်ကုသမှုရဲ့ အခက်အခဲက ခွဲစိတ်ရအလွန်ရှုပ်ထွေးတဲ့ ကုသမှုတစ်ခု ဖြစ်နေခြင်းပါ။ ပညာရှင်ဝန်ထမ်းအများအပြား ပူးပေါင်းလုပ်ဆောင်ကြရပါတယ်။ ပထမဦးစွာ အစားထိုးပေးမယ့် သားအိမ်နဲ့ ဆက်စပ်နေတဲ့ သွေးလွှတ်ကြော သွေးပြန်ကြောတွေကို အလှူရှင်ထံမှ ခွဲစိတ်ထုတ်ယူရပါတယ်။ အလှူရှင်ဟာ သက်ရှိထင်ရှားရှိသူဖြစ်ချင်ဖြစ်မယ်။ သေဆုံးသွားသူ အလှူရှင်ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ ဒီနောက်မှာ လျင်မြန်စွာ ခွဲစိတ်အစားထိုးပေးရပါမယ်။ ကုသမှု အောင်မြင်ခြင်းရှိမရှိက အစားထိုးသားအိမ်မှ အချိန်တန်ရှိ ဓမ္မတာသွေး ဆင်းမဆင်းပေါ် မူတည်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အစားထိုးပေးထားတဲ့ သားအိမ် ပုံမှန်အလုပ်လုပ်နေရပါမယ်။ ဓမ္မတာသွေး ဆင်းကိုဆင်းရမှာဖြစ်ပါတယ်။


          အကယ်၍ သားအိမ်အစားထိုးခွဲစိတ်ကုသတာ တစ်နှစ်ကြာသွားတဲ့အထိ ပုံမှန်ဖြစ်နေတယ်။ ဘာပြဿနာမှ မပေးဘူးဆိုရင်ကိုယ်ဝန်ဆောင်စေဖို့ ခန္ဓာကိုယ် ပြင်ပမှာ သန္ဓေအောင်ထားတဲ့ သန္ဓေသားကို သားအိမ်အတွင်း ထည့်သွင်းပေးမှာ ဖြစ်ပါတယ်။ ကိုယ်ဝန်ပုံမှန် ဖွံ့ဖြိုးကြီးထွားနေမယ်ဆိုရင် အချိန်တန်တဲ့အခါ ဗိုက်ခွဲမွေးဖွားပေးပါလိမ့်မယ်။ ဗိုက်ခွဲမွေးဖွားရခြင်းဟာ အစားထိုးပေးထားတဲ့ သားအိမ်အပေါ် ဝန်ပိုမသက်ရောက်စေဖို့ ကြိုတင်သတိထား ပြုလုပ်ပေးတာဖြစ်ပါတယ်။ အကြောင်းက သားအိမ်အစားထိုး ထည့်သွင်းစဉ်မှာ အစားထိုး သားအိမ်ရှင်သန်စေရေး ပုံမှန်အလုပ်လုပ်နိုင်ရေးအတွက် လိုအပ်တဲ့ သွေးကြောတွေကိုသာ ဆက်ပေးထားတာပါ။ အာရုံကြောတွေ ပြန်ဆက်မပေးထားပါဘူး။ ဒါကြောင့် အစားထိုးသားအိမ်က ရင်သွေးမွေးဖွားခါနီးလို့ သားအိမ်ညှစ်နေသည့်တိုင် နာကျင်တာမျိုး မခံစားရလို့ပါ။ မွေးတော့မယ်ဆိုတာ ကာယကံရှင် မသိနိုင်ပါဘူး။


          ဒါပြင် သားအိမ်အစားထိုးပေးပြီးနောက် ကိုယ်ဝန်ဆောင်စဉ်တစ်လျှောက်လုံး အစားထိုးသားအိမ်ကို မတွန်းလှန်ပစ်ရအောင် ဆေးပြင်းတွေ သုံးစွဲနေရပါတယ်။ ဒါကတော့ ဘယ်အင်္ဂါပဲ အစားထိုးထိုး အသုံးပြုတဲ့ ကုထုံးပါ။ အမျိုးသမီးအဖြစ် လိင်ပြောင်းထားသူတွေ သားအိမ်အစားထိုးထားရင်လည်း ဒီဆေးပြင်းတွေ သုံးစွဲရမှာပါပဲ။ ဆေးရဲ့ဘေးထွက်ဆိုးကျိုး အန္တရာယ်ကိုလည်း ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဒါက ပထမအချက်ပါ။


          နောက်တစ်ချက်က သန္ဓေသားကိစ္စပါ။ သန္ဓေသားဆိုတာ ကလာပ်စည်းတစ်ခုတည်းရှိတဲ့ မျိုးအောင်ဥကနေ ကလာပ်စည်း သန်းပေါင်းများစွာပါရှိနေတဲ့ ရင်သွေးအဖြစ် ဖွံ့ဖြိုးရာအဆင့်များစွာဟာ သဘာဝအလျောက် ချောမွေ့နေဖို့ လိုပါတယ်။ အစားထိုးသားအိမ်ဝန်းကျင်နဲ့ ဓာတ်သဘာဝ ဝန်းကျင်တို့ သဘာဝအတိုင်း ရှိနေဖို့ဆိုတာ ပိုမိုရှုပ်ထွေးခက်ခဲတဲ့ကိစ္စ ဖြစ်ပါတယ်။ ပိုဆိုးတာက အမျိုးသားကနေ အမျိုးသမီးအဖြစ် လိင်ပြောင်းထားသူတွေမှာ အခက်အခဲပိုဖြစ်နိုင်ပါတယ်။

 

         တတိယအချက်အနေနဲ့ သန္ဓေသားပိုမိုဖွံ့ဖြိုးဖို့ ထိန်းညှိဓာတ် ကြီးထွားဓာတ်တွေ အချိုးအစား မျှတနေကြပါတယ်။ ဒါကို အမျိုးသမီးခန္ဓာကိုယ်က သဘာဝအလျောက် ဖန်တီးပေးနိုင်ပါတယ်။ လိင်ပြောင်း အမျိုးသမီးအတွက်ကတော့ အမျိုးသားခန္ဓာကိုယ်ဖြစ်ဖို့ ခက်ခဲပါလိမ့်မယ်။ ကိုယ်တွင်းစစ် ထွက်ကျိတ်ဆိုုင်ရာ ကျွမ်းကျင်ပညာရှင် Endocrinologist တွေပင် တာဝန်မယူရဲသေးတဲ့ ကိစ္စပါ။ ဒါပြင် သန္ဓေသား ဖွံ့ဖြိုးဖို့ လိုအပ်တဲ့ ဓာတ်ပစ္စည်းအာဟာရတွေ ထောက်ပံ့ပေးမယ့် သွေးကြောတွေကလည်း သဘာဝသားအိမ်လို မပြည့်စုံနိုင်ပါဘူး။ ဒီအခက်အခဲတွေကို ရင်ဆိုင်ရဲမယ်ဆိုရင်တော့ မျိုးပွားကျွမ်းကျင်ပညာရှင်တွေအနေနဲ့ သီအိုရီတွေအရ ကျော်လွှားနိုင်ဖွယ်ရှိတယ်လို့ ယူဆကြပါတယ်။ လွယ်တော့ မလွယ်ပါဘူး။

 

         ဝှေးစေ့ရှိနေရင် ဘယ်လိုပဲ ပြင်ပကနေ ထိန်းညှိဓာတ်တွေ အားဖြည့်ပေးနေသည့်တိုင် ကိုယ်ဝန်ကို ထိန်းထားနိုင်ဖို့ မလုံလောက်ပါဘူး။ ဒါကြောင့် လိင်မပြောင်းထားရသေးရင် ပထမဦးစွာ ဝှေးစေ့ကို ထုတ်ပစ်ရပါမယ်။ ဒါမှ ယောကျ်ား ထိန်းညှိဓာတ်တွေ ထွက်မနေမှာပါ။ ဒါပြင် အစားထိုးသားအိမ်အတွက် မွေးလမ်းကြောင်း ဖန်တီးပေးရပါမယ်။ ဒါပေမဲ့ လိင်ပြောင်းထားသူအတွက် ဒါတွေ မလိုအပ်တော့ပါဘူး။ လွယ်ထားတဲ့ ကိုယ်ဝန် ပျက်မကျရအောင်သာ လိုအပ်တဲ့ ထိန်းညှိဓာတ်တွေအများအပြား ပေးထားရပါလိမ့်မယ်။ ဒီစိတ်ကူးကို ကျွမ်းကျင်သူတွေက သဘောမတူကြပါဘူး။ Baylor တက္ကသိုလ် ဆေးပညာဌာနမှ အစားထိုး ခွဲစိတ်ပညာရှင် Giuliano Testa က သဘာဝအတိုင်း မျှတနေစေမယ့် ထိန်းညှိဓာတ်တွေပေးဖို့က အရေးကြီးသော အဟန့်အတားပဲလို့ ဆိုပါတယ်။ သူဟာ အမျိုးသမီးများအား သားအိမ်အစားထိုး ခွဲစိတ်ကုသမှုကို ညွှန်ကြားပေးရမယ့် ပညာရှင်ပါ။ ကိုယ်ဝန်ဆောင်စဉ်အတွင်း ထိန်းညှိဓာတ်တွေရဲ့ အချိုးအစားကို မသိနိုင်လို့ဖြစ်ပါတယ်။ သူ့အနေနဲ့တော့ လိင်ပြောင်းအမျိုးသမီးများကို သားအိမ်အစားထိုးပေးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ အမျိုးသမီးအဖြစ် လိင်ပြောင်းထားသူ အမျိုးသားတွေမှာ သားအိမ်အစားထိုးခြင်းဟာ တစ်ချိန်ချိန်မှာ ဖြစ်လာလိမ့်မယ်လို့ ဝန်ခံထားပါတယ်။ ပုံမှန် ကိုယ်ဝန်ဆောင်နိုင်ဖို့ကတော့ ခက်ခဲပါလိမ့်မယ်။


          အမေရိကန်နိုင်ငံ Cleveland ဆေးခန်းမှ အမျိုးသမီး ဝမ်းဗိုက်အောက်ပိုင်း ဆေးပညာကျွမ်းကျင်သူ Cecile Unger ကတော့ အမျိုးသမီးအဖြစ် လိင်ပြောင်းထားသူ အမျိုးသားကိုယ်တွင်း အစားထိုးပေးထားတဲ့ သားအိမ်မှာ ကိုယ်ဝန်ဆောင်တဲ့အခါ သန္ဓေသားအတွက် သွေးအထောက်အပံ့လုံလောက်မှုမရှိမှာ ပူပန်ကြောင်း ဝေဖန်ထားပါတယ်။ မြောက်ကယ်လီဖိုးနီးယားရှိ Mills – Peninsula ဆေးကုဌာနမှ အမျိုးသမီးရောဂါ ခွဲစိတ်ကုသပညာရှင် Marci Bowers ကလည်း အစားထိုး သားအိမ်အတွင်း သန္ဓေတည်တဲ့အခါ မတည်ငြိမ်တဲ့ ဇီဝဝန်းကျင်နဲ့ မမျှော်မှန်းနိုင်တဲ့ အန္တရာယ်တွေ  သန္ဓေသားအပေါ် ကျရောက်မှာ ပူပန်ကြောင်း သတိပေးထားပါတယ်။ သူကိုယ်တိုင်က လိင်ပြောင်းထားသူပါ။ ကိုယ်ဝန်ဆောင်တာကို လေးစားပါတယ်။ ဒါပေမဲ့ လိင်ပြောင်းအမျိုးသမီးရဲ့ သားအိမ်မှာ ကိုယ်ဝန်ဆောင်တာ သူ့ဘဝမှာ မြင်သွားနိုင်မယ်မထင်ဘူးလို့ သူ့လူနာတွေကို ပြောပြတတ်ပါတယ်။


          လိင်ပြောင်း အမျိုးသမီးများအတွက် ကိုယ်ဝန်ဆောင်နိုင်ရေးမှာ ငွေကြေးအနေအထားကလည်း အဟန့်အတား ဖြစ်စေနိုင်ပါတယ်။ ကျင့်ဝတ်ပိုင်းအရ အဟန့်အတားရှိမှာ ဖြစ်ပါတယ်။ အမျိုးသားမှ အမျိုးသမီးလိင်အင်္ဂါအဖြစ် ပြောင်းလဲတဲ့ ခွဲစိတ်ကုသမှုစရိတ်ဟာ အမေရိကန် သုံးငွေ ဒေါ်လာ ၂၄၀၀၀ ဝန်းကျင် ကုန်ကျနိုင်ပါတယ်။ သားအိမ်ပါ ထပ်အစားထိုးအုံးမယ်ဆိုရင် ကုန်ကျစရိတ် အများအပြား လိုအပ်ပါလိမ့်မယ်။


          ဒီကြားထဲမှာ အစားထိုးသားအိမ်ရရှိရေးနဲ့ ပတ်သက်တဲ့ အချက်ပေါ်ထွက်လာပါတယ်။ အမျိုးသမီးအဖြစ်မှ အမျိုးသားအဖြစ် လိင်ပြောင်းလိုသူ သုံးယောက်မှာ တစ်ယောက်ဟာ သူတို့ရဲ့ သားအိမ်ကို လှူဒါန်းလိုကြပါတယ်။ ရောဂါကြောင့် ဖယ်ရှားပစ်ရတဲ့ သားအိမ်မဟုတ်တဲ့အတွက် လက်ခံနိုင်တဲ့ အင်္ဂါအစိတ်အပိုင်းပါ။ ဒါပေမဲ့ ဒီလိုကိစ္စနဲ့ ပတ်သက်လို့ လုပ်ထုံးလုပ်နည်းတွေ မရှိသေးလို့ လက်မခံနိုင်ကြပါဘူး။ ပုံမှန်သားအိမ်ခွဲစိတ်ဖယ်ရှားခြင်းဟာ အချိန်အားဖြင့် နာရီဝက်ကနေ တစ်နာရီခန့်သာ ကြာမြင့်တတ်ပေမဲ့ အစားထိုးစရာ သားအိမ်ခွဲစိတ်ရယူတဲ့အခါ သွေးကြောတွေပါ ရယူရတာကြောင့် ဆယ်နာရီမှ တယ်တစ်နာရီထိ ကြာတတ်ပါတယ်။

  

       နောက်တစ်ခုက လိင်ပြောင်ထားသူမှာ သားအိမ်အစားထိုးပေးခြင်းဟာ အတွေ့အကြုံမရှိသေး မလေ့လာရသေးတဲ့ နယ်ပယ်ဖြစ်နေခြင်းဟာလည်း စဉ်းစားရမယ့် အချက်ပါ။ အထူးသဖြင့် လိင်ပြောင်းထားသူရဲ့ ခန္ဓာဟာ အမျိုးသားကိုယ်ပါ။ အမျိုးသမီးအင်္ဂါအစိတ်အပိုင်းကို လက်ခံထားနိုင်ဖို့ ကိုယ်ခံအား နှိမ်ဆေးပြင်းတွေ သုံးစွဲရပါလိမ့်မယ်။ သူရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ခံနိုင်ဖို့ ထည့်စဉ်းစားကြရပါမယ်။ ထိန်းညှိဓာတ်တွေ ဖြည့်စွက်ပေးနေနိုင်ပေမယ့် သဘာဝအတိုင်း ထိန်းညှိဓာတ်အမျိုးမျိုးတို့ အချိုးအစားညီညီ ရှိနေဖို့ကလည်း မလွယ်တဲ့အချက်ပါ။ သားအိမ်အစားထိုးမှုလည်း အောင်မြင်တယ်။ သန္ဓေသားလည်း လွယ်ထားနိုင်တယ်ထားဦး။ သန္ဓေဖွံ့ဖြိုးမှုတွေ မူမှန်ဖြစ်ပါ့မလားဆိုတာ ဘယ်သူမှ အာမ မခံနိုင်ကြပါဘူး။ သန္ဓေချွတ်ယွင်းနိုင်ခြေကိုလည်း ထည့်သွင်းစဉ်းစားရပါမယ်။ ပိုဆိုးတာက ငွေကြေးအကုန်အကျ ခံနိုင်ဖို့ပါ။ ဘယ်လိုပဲဖြစ်ဖြစ် လိင်ပြောင်းသူတွေ ကိုယ်ဝန်လွယ်နိုင်ဖို့ စိတ်ကူးလေးတော့ ယဉ်နိုင်ပြီဖြစ်ပါတော့သည်။

 

Credit: ဒေါက်တာမြင့်သန်း (အမျိုးသားစာပေဆုရ)

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18