Print

ပြဿနာဇစ်မြစ်နှင့် ကုသမှု

  10-Apr-2019
Preview Image

          လိင်အင်္ဂါ ကောင်းစွာ တောင့်တင်းနိုင်ခြင်းမရှိမှု Erectile Dysfunction (ပန်းသေ၊ ပန်းညှိုး၊ ပန်းမလန်းနိုင်ခြင်း)မှာ လိင်ဆက်ဆံမှု ပြုရန်အတွက် လိင်အင်္ဂါ တောင့်တင်းမှုမရှိသဖြင့် အခက်အခဲ ကြုံတွေ့ရခြင်းကို ဆိုလိုသည်။

လိင်အင်္ဂါသို့ ကောင်းစွာ သွေးဝင်စီးဆင်းမှု မရှိခြင်းသည် အဓိကအကြောင်းအရင်း ဖြစ်သည်။ သွေးလွှတ်ကြောနံရံများ မာကြောနေခြင်းနှင့် ကြမ်းခြင်း Altrerosclerosis ၊ အာရုံကြောဆိုင်ရာ ရောဂါများနှင့် စိတ်ကျန်းမာရေး ပြဿနာများ (ဖိစီးမှု၊ ပူပင်သောက ဝေဒနာ၊ စိတ်ကျဝေဒနာ) တို့သည် လိင်အင်္ဂါသို့ သွေးဝင်စီးဆင်းမှုကို ထိခိုက်စေသည်။ လိင်အင်္ဂါ၌ အမာရွတ်ရှိခြင်း၊ ဆေးဝါးများ သုံးစွဲခြင်းနှင့် နာတာရှည်ရောဂါများသည်လည်း လိင်အင်္ဂါအတွင်းသို့ သွေးဝင်ရောက်မှုကို လျော့နည်းသွားစေနိုင်သည်။

လိင်ဆက်ဆံလိုစိတ် လျော့နည်းခြင်း သို့မဟုတ် ဆန္ဒမရှိခြင်းမှာလည်း ကြုံတွေ့ရလေ့ရှိသော ပြဿနာတစ်ရပ်ဖြစ်သည်။ ဆန္ဒနည်းပါးမှု သို့မဟုတ် မရှိခြင်းမှာ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ အကြောင်းအရာများကြောင့် ဖြစ်နိုင်သည်။ အမျိုးသားလိင်ဟော်မုန်း တက်စတိုစတီရုန်း (Testosterone) ပမာဏ လျော့နည်းကျဆင်းမှုနှင့် ဆက်နွယ်ပတ်သက်လေ့ ရှိသည်။

ပူပင်သောက ဝေဒနာ၊ စိတ်ကျဝေဒနာ၊ သွေးချိုဆီးချိုရောဂါ။ သွေးတိုးရောဂါ၊ စိတ်ကျဝေဒနာ ကုဆေးဝါးများနှင့် ဆက်ဆံမှု ပြဿနာများသည် လိင်ဆန္ဒကို လျော့ပါးစေသည်။

လိင်အင်္ဂါတောင့်တင်းမှု ပြဿနာကို ကုသရာတွင် ဖြစ်ပွားရခြင်း၏ ဇာစ်မြစ်ကို ဖယ်ရှားရန်မှာ အဓိကကျသည်။ ဆေးဝါးများ Cialis, Levita, Staxyn, Stendra, Viagra သုံးစွဲနိုင်သည်။ အဆိုပါ ဆေးများသည် အမျိုးသားလိင်အင်္ဂါသို့ သွေးဝင်စီးဆင်းမှု ပိုမိုကောင်းမွန်စေသည်။

  လိင်အင်္ဂါတောင့်တင်းမှု ပြဿနာအတွက် ဟော်မုန်းအစားထိုးကုထုံး Testosterone Replacement Therapy ဖြင့်လည်း ကုသပေးနိုင်သည်။ ဆေးဝါးကုထုံးနှင့် ဟော်မုန်းကုထုံးတို့အပြင် စိတ်ပိုင်းဆိုင်ရာ ကုထုံးကိုလည်း အသုံးပြုနိုင်သည်။ စိတ်ကျန်းမာရေး ဆရာဝန် သို့မဟုတ် စိတ်ပညာရှင်များ၏ အကူအညီ ရယူနိုင်သည်။

အထောက်အကူပြု ကုထုံးအနေဖြင့် လိင်အင်္ဂါအတွင်း သွေးဝင်စီးဆင်းမှု ကောင်းစေရန် လေဟာနယ် ပြုလုပ်သည့် ကုထုံး Vacuum Devices သုံးနိုင်သည်။ Penile Implant ခေါ် အစားထိုး ပစ္စည်းဖြင့်လည်း ကုသနိုင်သေးသည်။ လိင်ဆက်ဆံမှုနှင့် ပတ်သက်သော ပညာပေးဆွေးနွေးမှုများမှာလည်း အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်သည်။ လိင်ပိုင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့် ပွင့်လင်းစွာ ဆွေးနွေးကြရမည် ဖြစ်သည်။ လမ်းညွှန်ချက်များအတိုင်း လိုင်နာဆောင်ရွက်ခြင်းဖြင့် လိင်အင်္ဂါကောင်းစွာ တောင့်တင်းနိုင်မှု မရှိခြင်းကို သက်သာ ပျောက်ကင်းသွားစေမည် ဖြစ်သည်။

အမျိုးသားများတွင် လိင်ဆက်ဆံမှု ပြဿနာများ ဖြစ်ပေါ်ရခြင်းမှာ -

က။ ရုပ်ပိုင်းဆိုင်ရာအကြောင်း ဇာစ်မြစ်များနှင့်

ခ။ စိတ်ပိုင်းဆိုင်ရာအကြောင်း ဇာစ်မြစ်များကြောင့် ဖြစ်နိုင်သည်။

ရုပ်ပိုင်းဆိုင်ရာအကြောင်းအရင်း ဇာစ်မြစ်များမှာ -

-       သွေးချို ဆီးချိုရောဂါ

-       နှလုံးရောဂါ

-       နှလုံးသွေးကြောရောဂါ

-       ဦးနှောက်နှင့် အာရုံကြောဆိုင်ရာရောဂါ

-       ဟော်မုန်း မမျှတမှု ပြဿနာများ

-       နာတာရှည်ရောဂါများ (ကျောက်ကပ်ရောဂါ၊ အသည်းရောဂါ)

-       အရက်စွဲလန်းခြင်း

-       ဆေးဝါးသုံးစွဲခြင်း

-       တချို့သော ဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးများ (ဥပမာ - စိတ်ကျဝေဒနာ ကုဆေးဝါး)


စိတ်ပိုင်းဆိုင်ရာအကြောင်းအရင်း ဇာစ်မြစ်များမှာ -

-       ဖိစီးမှု

-       ပူပင်သောကဝေဒနာ

-       လက်ထပ်ခြင်းနှင့် ဆက်ဆံမှုပြဿနာများ

-       စိတ်ကျဝေဒနာ

-       အခြား စိတ်ကျန်းမာရေးပြဿနာများ

-       ယခင်က လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှု စသည်တို့ ဖြစ်သည်။

လိင်ဆက်ဆံမှု ပြဿနာများမှာ အရွယ်ရောက်ပြီးသူ အမျိုးသား အမျိုးသမီးတို့ အားလုံးတွင် ကြုံတွေ့ရနိုင်သည်။ သက်ရွယ်ကြီးသူများတွင် ဖြစ်ပွားမှုနှုန်း ပိုမိုမြင့်မားကြောင်း တွေ့ရသည်။


အမျိုးသားများတွင်

၁။ သုတ်လွှတ်မှုဆိုင်ရာ ပြဿနာများ

၂။ လိင်အင်္ဂါတောင့်တင်းမှု ပြဿနာများနှင့်

၃။ လိင်ဆန္ဒလျော့နည်းခြင်းတို့ ဖြစ်ပွားမှုများသည်။

 

 

သုတ်လွှတ်မှုဆိုင်ရာ ပြဿာနာများတွင်

က။ သုတ်လွှတ်မြန်ခြင်း

ခ။ သုတ်လွှတ်ရန် ခက်ခဲခြင်းနှင့် (သုတ်မလွှတ်နိုင်ခြင်း)

ဂ။ နောက်ကြေင်းပြန် သုတ်လွှတ်ခြင်းတို့ တွေ့ရနိုင်သည်။

          လိင်ဆက်ဆံမှု မပြုမီနှင့် လိင်ဆက်ဆံမှု ပြုပြီး မကြာမီ သုတ်လွှတ်စေခြင်းကို သုတ်လွှတ်မြန်ခြင်း Premature Ejaculation ဟု သုံးနှုန်းခေါ်ဆိုသည်။ အချိန်ကြာမြင့်သည့် သုတ်မထွက်နိုင်ခြင်းကို Inhibited or Refarded Ejaculation ဟု သုံးနှုန်းသည်။ သုတ်လွှတ်ချိန်တွင် သုတ်ရည်မှာ ပြင်ပသို့ မထွက်ဘဲ ဆီးအိမ်အတွင်းသို့ နောက်ကြောင်းပြန် သုတ်လွှတ်ခြင်း Retrograde Ejaculation လည်း ကြုံတွေ့ရနိုင်သည်။

          သုတ်လွှတ်မြန်ခြင်းနှင့် သုတ်လွှတ်ရန် ကြန့်ကြာနေခြင်းသည် စိတ်ပိုင်းဆိုင်ရာကြောင်းရင်းဇာစ်မြစ်များကြောင့် အဖြစ်များသည်။ လိင်ဆက်ဆံမှုအပေါ် အပြစ်ဟု ထင်မြင်မှု၊ လိင်ဆက်ဆံဖော်အပေါ် စိတ်ဝင်စားမှုနည်းခြင်းနှင့် စိတ်ဝေဒနာ တချို့ကြောင့် ဖြစ်နိုင်သည်။ တချို့သော ဆေးဝါးများကြောင့်လည်း ဖြစ်တတ်သည်။

          နောက်ကြောင်းပြန် သုတ်လွှတ်ခြင်းမှာ သွေးချိုဆီးချိုရောဂါကြောင့် အာရုံကြောများ ပျက်စီးခြင်း၊ ဆီးကျိတ်ခွဲစိတ် ကုသခြင်းနှင့် စိတ်ဝေဒနာများကို ကုသမှု ခံယူခြင်းတို့ကြောင့် ဖြစ်နိုင်ကြောင်း တွေ့ရသည်။

 Credit : ဒေါက်တာအေးကျော် (ဇီဝကမ္မ)

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18