Print

သားအိမ်မပါတဲ့ “မိစံ”

  08-Apr-2019
Preview Image

သမီးလေး “ပန်းဖြူဖွေး” . . .

“ကျား” ယူမလား “မ” ယူမလား ဆိုတဲ့ခေါင်းစဉ်ကလေးနဲ့ “ကျား” နဲ့ “မ” ဘာတွေ ကွာခြားသလဲ ဆိုတဲ့ အကြောင်း သမီးကို ပြောပြနေခဲ့တယ်နော်။ ပထမဆုံး ကွာခြားချက်ကတော့ “Chromosome” ခရိုမိုဆုန်းဆိုတဲ့ မျိုးဗီဇဖြစ်တယ်။ ယောကျ်ားလေးဆိုရင် “XY” မိန်းကလေးဆိုရင် “XX” ဆိုတဲ့ Sex Chromosome တွေ ကိုယ်စီပိုင်ဆိုင်ကြတာပေါ့။ ဒီတော့ “ကျား” လား “မ” လား ကွဲကွဲပြားပြား သိချင်ရင် ဒီမျိုးဗီဇက ဘာလဲဆိုတာကို စစ်ဆေးကြည့်နိုင်တယ်။

မျိုးဗီဇတွေ ပေါ်မူတည်ပြီး မတူခြားနားတဲ့ မျိုးပွားအဂါင်္တွေ အူဝဲလေးတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲ ကွဲကွဲပြားပြားဖြစ်ပေါ်လာကြတယ်။ “ယောကျ်ား” နဲ့ “မိန်းမ” လူသားနှစ်ယောက်မှာ ဘယ်သူက အင်အားကြီးမားပြီး လွှမ်းမိုးနိုင်သလဲ။ ဘယ်သူက ဦးဆောင်ပြီး ဆုံးဖြတ်ချက်တွေ ချလေ့ရှိသလဲ။ ဒီအချက်ဟာ စိတ်ဝင်စားဖို့ကောင်းတယ်။ ပုံမှန်အားဖြင့် “ကျား” နဲ့ “မ” မှာ ယောကျ်ားက ပိုပြီး အင်အားကြီးတဲ့ ၊ လွှမ်းမိုးတဲ့ အဆုံးအဖြတ်ပေးတဲ့လူလို့ သတ်မှတ်ကြတယ်။ အခုလည်းကြည့် . . . လူတစ်ယောက်မှာ ဘယ်လိုမျိုးပွား အဂါင်္တွေ ဖြစ်ပေါ်လာမယ်ဆိုတဲ့ အဆုံးအဖြတ်ကို ချပေးတဲ့ ဖန်တီးရှင်ဟာ “ကျား” ခရိုမိုဆုမ်း “Y” ပဲဖြစ်တယ်။

အူဝဲလေးရဲ့ မျိုးဗီဇဟာ “XY” ဆိုရင် “Y” မျိုးဗီဇ စွမ်းအားကြောင့် ဒီအူဝဲလေးမှာ “Testis” လို့ခေါ်တဲ့ “ဝှေးစေ့” လေးနှစ်လုံး ဖြစ်ပေါ်လာတော့တယ်။ “Y” မျိုးဗီဇမှာ ရှိတဲ့ SRY (Sex – determining region of they chromo – some) မျိုးဗီဇ ကလေးဟာ ဝှေးစေ့လေးဖြစ်ပေါ်ကြီးထွားလာစေတဲ့ အရာဖြစ်တယ်။ ဒီဝှေးစေ့လေး ဖြစ်လာတဲ့ လူကလေးဟာ ယောကျ်ားလေးပုံစံ ကြီးပြင်း လာမှာဖြစ်တယ်။

ဒီ “Y” မျိုးဗီဇ မပါဝင်တဲ့ လူကလေးမှာတော့ ဝှေးစေ့ ဆိုတာ ဖြစ်မလာတော့ဘဲ “Ovary” လို့ခေါ်တဲ့ သားဥအိမ်ကလေးနှစ်လုံး ဖြစ်လာပြီး မိန်းကလေးပုံစံအဖြစ် ကြီးပြင်းလာမှာ ဖြစ်တယ်သမီးရေ။ ယောကျ်ားလေး ဖြစ်လာမယ့် အူဝဲလေးရဲ့ ဗိုက်ထဲမှာ ဝှေးစေ့လေးနှစ်လုံးဖြစ်လာတယ်။ ဒီဝှေးစေ့ကလေးရဲ့ အစွမ်းကြောင့် တခြား ယောကျ်ားလေးတစ်ယောက်မှာ ရှိသင့်တဲ့ လိင်တံအချောင်းကလေးရယ်၊ သုက်ရည်အိတ်၊ သုက်ပိုးပြွန် စတဲ့ အဂါၤ အစိတ်အပိုင်းလေးတွေ ဖွံ့ဖြိုးလာတယ်။ ဝမ်းဗိုက်ထဲမှာ ရှိနေတဲ့ ဝှေးစေ့လေး နှစ်လုံးကလည်း တဖြည်းဖြည်းလရင့်လာတဲ့အခါ အောက်ကို ကျကျလာပြီး နောက်ဆုံးကျတော့ ပေါင်ကြားထဲက ကပ်ပယ်အိတ်လေးထဲကို ရောက်သွားတော့တယ်။

ကိုင်း . . . ဒီငတိကလေး “အူဝဲ . . . အူဝဲ” လို့ အော်ဟစ်သောင်းကျန်းပြီး ကမ္ဘာလောကကြီးထဲ ထွက်လာတဲ့အခါ ကျတော့ ပေါင်ကြားထဲမှာ ငှက်ပျောသီးလို အချောင်းလေးနဲ့ နှစ်လုံးပြူး သေနတ်လေးနဲ့ပေါ့။ အဲဒီလို နှစ်လုံးပြူးနဲ့ အချောင်းကလေး တစ်ချောင်း ပေါင်ကြားထဲမှာ ပါလာရင် အဲဒီအူဝဲလေးကို “ယောကျ်ားလေး” လို့ ခေါ်လိုက်တော့တာပေါ့။ “သားလေးတော့ . . . သားလေး” လို့လည်း ဝမ်းပန်းတသာ ကြွေးကြော် အော်ဟစ်တော့တယ်။

ဝှေးစေ့ဖြစ်မလာပဲ သားဥအိမ်လေးနှစ်ခု ဖြစ်လာတဲ့ ကလေးလေးတွေကျတော့ သားအိမ် သားဥပြွန်လေးတွေနဲ့ အောက်ဘက်မှာ သားအိမ်ခေါင်းမွေးလမ်းကြောင်းအဖြစ် ပေါင်ကြားထဲမှာ သွားပွင့်တယ်။ အမေ့ဗိုက်ထဲကနေ ထွက်လာတာနဲ့ ပေါင်ကြားထဲလှမ်းကြည့်လိုက်လို့ ငှက်ပျောသီးနဲ့ နှစ်လုံးပြူးလေးကို မတွေ့ရင် အဲဒီကလေးကို “မိန်းကလေး” လို့ခေါ်လိုက်တော့တာပေါ့။ ပေါင်ကြားထဲကို သေချာ မျက်စိကိုဖြဲပြီး ကြည့်လိုက်ရင်တော့ ငှက်ပျောသီးတံ ရှည်ရှည်လေးနေရာမှာ “မလိင်စေ့” လို့ခေါ်တဲ့ အဖုသေးသေးလေး ရှိမယ်။ ကပ်ပယ်အိတ်လေးနေရာမှာတော့ ခပ်ဖောင်းဖောင်းလေးဖြစ်နေတဲ့ နှုတ်ခမ်းသားကြီး နှစ်ခြမ်းကို တွေ့မြင်ရမှာ ဖြစ်တယ်။

ကိုင်း . . . သမီးလေး “ဖွေး” ရေ . . .

“ကျား” နဲ့ “မ” လူသားနှစ်ဦးရဲ့ ခန္ဓာကိုယ် အတွင်းပိုင်းတွေရဲ့ လျှို့ဝှက်ချက်တွေအားလုံးကို သမီးသိအောင် ရှင်းပြပြီးသွားပြီနော်။ အဲဒီလိုမျိုး သိသွားပြီးပြီဆိုရင် သမီး “ဖွေး”  . . . ဦးဦး တစ်ယောက် အပြင်က ကြည့်လိုက်ရင် ဘာမှန်းညာမှန်း ခွဲခြားဖို့ခက်လှတဲ့ “မစံ” ဆိုတဲ့ “ကျား” မဟုတ် “မ” မဟုတ် ဟိုမရောက် ဒီမရောက် ငတိမလေး ရဲ့ အတွင်းပိုင်းက လျှို့ ဝှက်ချက် တွေကရော ဘယ်လိုဖြစ်မလဲဆိုတာ သိအောင် ဘယ်လို ဖော်ထုတ်မလဲဆိုတာ ရိပ်စားမိလောက်ပြီ။

ပထမဆုံးနဲ့ အလွယ်ကူဆုံး စမ်းသပ်စစ်ဆေးမှုတွေကတော့ အာထရာဆောင်း တီဗီရိုက်ကြည့်လိုက်တာပဲဖြစ်တယ်။ အပြင်ဘက်က ကြည့်တော့ “ကျား” လိုလို “မ” လိုလိုနဲ့ အထဲမှာရော မိန်းကလေး တစ်ယောက်မှာ ရှိရမယ့် သားအိမ်တွေ သားဥအိမ်တွေ ပါသလားဆိုတာ သိဖို့လိုတာကိုး။ အဲဒါကြောင့် အရင်ဆုံး “မိစံ” ရဲ့ ဝမ်းဗိုက်နဲ့ မျိုးပွားအဂါင်္တွေရှိတဲ့ နေရာကို အာထရာဆောင်း ရိုက်ကြည့်လိုက်တယ်။ အဲဒီအာထရာဆောင်ရဲ့ အဖြေလေးကတော့ “No” တဲ့။ “မိစံ” ရဲ့ ခန္ဓာကိုယ်ထဲမှာ သားအိမ်သားဥအိမ်စတဲ့ မိန်းမတစ်ယောက် မှာပါရမယ့် မျိုးပွားအဂါင်္တွေက လုံးဝလုံးဝ မရှိ “နတ္ထိ” ။

အလို. . . သားအိမ်မပါတဲ့ “မိစံ” ဟာ မိန်းမမှ ဟုတ်ပါရဲ့လား။

နောက်တစ်ခုထပ်ပြီး စမ်းသပ်ဖို့ လိုတာကတော့ “မျိုးဗီဇ” ဖြစ်တယ်။ “မိစံ” ရဲ့ မျိုးဗီဇက “XX” လို့ခေါ်တဲ့ “မိန်းကလေး” မျိုးဗီဇလား ၊ “XY” လို့ခေါ်တဲ့ “ယောကျ်ားလေး” မျိုးဗီဇ လား။

ဦးဦးတို့နိုင်ငံမှာ အဲဒီမျိုး ဗီဇတွေကို တိတိကျကျ စစ်ဆေးနိုင်တဲ့ ဓာတ်ခွဲခန်း ရှိနေပြီလား၊ မရှိသေးဘူးလားဆိုတာ ဦးဦးက သေချာမသိဘူး။ ဒုက္ခပါပဲ . . . ဘယ်မှာ သွားစစ်ရပါ့။

Credit : ဒေါက်တာ စိုးလွင် (တွဲဘက် ပါမောက္ခ)

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18