Print

လိင်ဆက်ဆံမှု၏ အကျိုးရလဒ်များ

  06-Apr-2019
Preview Image

လိင်ဆက်ဆံမှုသည် အန္တရာယ်ကင်း၍ လုံခြုံစိတ်ချရမှု တစ်ခုဖြင့် လုံလောက်မှု မရှိသေးပေ။ လူ့ဘဝ၏ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပေသည်။ လိင်ဆက်ဆံမှုတွင် ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ အကျိုးရလဒ်များ ပါရှိသည်။ နာကျင်မှု ဝေဒနာကို သက်သာစေနိုင်သည်။ ချစ်ကျွမ်းဝင်မှုကို နက်ရှိုင်းစေသည်။ ဆန္ဒပြီးမြောက်ချိန်တွင် အောက်ဆီတိုစင် Oxytocin ဟော်မုန်းသည် ချစ်ခြင်းမေတ္တာကို ခိုင်မာစေသော အချစ်ဟော်မုန်းဖြစ်သည်။


လိင်ဆက်ဆံမှုသည် သာမန်အားဖြင့် ကြည့်လျှင် မျိုးပွားခြင်းလုပ်ငန်းဖြစ်သည်။ ထို့အပြင် ပျော်ရွှင်ကျေနပ်မှုနှင့် ချစ်ကျွမ်းမှုတို့ ရရှိစေနိုင်သည်။ လိင်ဆက်ဆံမှု ကြောင့်

၁။ ရုပ်ပိုင်းဆိုင်ရာ

၂။ အသိဉာဏ်ပညာပိုင်း ဆိုင်ရာ

၃။ စိတ်လှုပ်ရှားမှုဆိုင်ရာ

၄။ စိတ်ပိုင်းဆိုင်ရာနှင့်

၅။ လူမှုရေးပိုင်းဆိုင်ရာ ကောင်းကျိုးများစွာ ဖြစ်ထွန်းစေနိုင်သည်။

လိင်ပိုင်းဆိုင်ရာကျန်းမာရေးတွင် ဆက်ဆံမှုမှတစ်ဆင့် ကူးစက်နိုင်သော ရောဂါများကို ကာကွယ်ခြင်းနှင့် မလိုလားအပ်သော ကိုယ်ဝန်ရရှိခြင်းကို ရှောင်ကြဉ်ခြင်းတို့ ပါရှိသည်။


အကျိုးရလဒ်များ

လိင်ဆက်ဆံမှုသည် နှလုံးသွေးကြောများ၏ လုပ်ငန်းကို အားပေးမြှင့်တင်နိုင်သော လေ့ကျင့်ခန်းတစ်ရပ်ဖြစ်သည်။ လိင်ဆက်ဆံမှုသည် ပြီးပြည့်ဝသော လေ့ကျင့်ခန်းတစ်ရပ်မဟုတ်သော်လည်း အထောက်အကူဖြစ်စေသည့် လေ့ကျင့်ခန်းငယ်ဖြစ်သည်။


လိင်ဆက်ဆံမှုပြုသဖြင့် . . .

-       သွေးဖိအားကျစေနိုင်သည်။

-       စွမ်းအင်လောင်ကျွမ်းစေသဖြင့် ကိုယ်အလေးချိန်များခြင်းနှင့် အဝလွန်ကဲခြင်းတို့မှ ကာကွယ်နိုင်သည်။

-       နှလုံးကျန်းမာရေးကိုလည်း တိုးတက်ကောင်းမွန်စေသည်။

-       ကြွက်သားများ၏ ခွန်အားကို မြှင့်တင်ပေးနိုင်သည်။

-       နှလုံးရောဂါ၊ လေဖြတ်ခြင်းနှင့် သွေးတိုးရောဂါများ ဖြစ်ပွားမှု အန္တရာယ် လျော့နည်းစေသည်။

-       လိင်ဆန္ဒအားကောင်းစေသည်။


ခုခံစွမ်းအားစနစ်

တစ်ပတ်လျှင် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်မျှ လိင်ဆက်ဆံခြင်းသည် ခုခံစွမ်းအားစနစ်ကို မြှင့်တင်ပေးရာ ရောက်သည်။ တံတွေးတွင် ပဋ္ဋိပစ္စည်း Immunoglobulin A များလာကြောင်း တွေ့ရသည်။ ရောဂါပိုးမွှားများ ဝင်ရောက်မှုမှ ကာကွယ်နိုင်သည်။ လိင်အဂါၤ ကြွက်နို့ရောဂါ ဖြစ်စေသော ဗိုင်းရပ်စ်ပိုး HPV ကို တိုက်ဖျက်နိုင်စွမ်းရှိသည်။

တစ်ပတ်လျှင် သုံးကြိမ်ထက်ပို၍ ဆက်ဆံပါက ပဋ္ဋိပစ္စည်းပမာဏ များလာခြင်းမရှိတော့ပေ။ ဖိစီးမှုနှင့် သောကတို့သည် လိင်ဆက်ဆံမှု၏ ကောင်းကျိုး ဖြစ်ပေါ်မှုကို ပျောက်ကွယ်သွားစေသည်။


အိပ်စက်အနားယူမှု

လိင်ဆန္ဒပြည့်ဝချိန်တွင် အချစ်ဟော်မုန်း အောက်ဆီတိုစင်နှင့် အင်ဒေါ်ဖင် Endorphins ဟော်မုန်းများ ထွက်သည်။ အဆိုပါ ဟော်မုန်းများသည် ကောင်းမွန်နှစ်ခြိုက်စွာ အိပ်ပျော်စေသည်။


ခေါင်းကိုက်ဝေဒနာ

ခေါင်းတစ်ခြမ်းကိုက်ခြင်း သို့မဟုတ် ခေါင်းစုခဲကိုက်ခြင်းကို လိင်ဆက်ဆံခြင်းဖြင့် သက်သာပျောက်ကင်းစေနိုင်သည်။ ခေါင်းကိုက်စဉ် လိင်ဆက်ဆံမှုပြုပါက  . . .

-       ခေါင်းတစ်ခြမ်းကိုက် ဝေဒနာ၏ ၆၀ ရာခိုင်နှုန်း သက်သာမှုရစေသည်။

-       ၇၀ ရာခိုင်နှုန်းတွင် အတော်အသင့် သို့မဟုတ် အပြည့်အဝ သက်သာမှုဖြစ်စေသည်။

-       စုခဲ ခေါင်းကိုက်မှုတွင် ၃၇ ရာခိုင်နှုန်း တိုးတက်မှုရစေသည်။

-       ၉၁ ရာခိုင်နှုန်းတွင် အတော်အသင့်မှ အပြည့်အဝ သက်သာမှု ဖြစ်စေနိုင်သည်။


အမျိုးသား အမျိုးသမီးဆိုင်ရာ ရောဂါများ

အမျိုးသားများတွင် ပုံမှန် လိင်ဆက်ဆံမှုသည် ဆီးကျိတ်ကင်ဆာ ဖြစ်ပွားမှုကို လျော့နည်းစေသည်။ တစ်ပတ်လျှင် ငါးကြိမ်မှ ခုနစ်ကြိမ် သုက်လွှတ်နိုင်လျှင် ဆီးကျိတ်ကင်ဆာ ဖြစ်ပွားမှုမှ ၃၆ ရာခိုင်နှုန်း လျော့ကျသွားနိုင်သည်။

တစ်ပတ်လျှင် နှစ်ကြိမ် သို့မဟုတ် သုံးကြိမ်မျှ လိင်ဆက်ဆံမှုပြုလျှင် သေဆုံးမှုအန္တရာယ်ကိုပင် ၅၀ ရာခိုင်နှုန်း လျော့နည်းသွားစေနိုင်သည်ဟု ဆိုသည်။

အမျိုးသမီးများတွင် စိတ်ဆန္ဒ ပြီးမြောက်မှုသည် နာကျင်မှုဝေဒနာကို သက်သာစေသည်။ အမျိုးသမီးများ၌ လိင်ဆက်ဆံမှုသည် . . .

-       ဆီးအိမ်ကို ထိန်းချုပ်နိုင်စေသည်။

-       ဆီးဝမ်း မထိန်းနိုင်မှု ပြဿနာ လျော့နည်းစေသည်။

-       မီးယပ်သွေးဖြစ်စဉ်၌ နာကျင်မှု ခံစားရမှုကို ပျောက်ကင်းစေသည်။

-       သားသမီးရရန် အခွင့်အလမ်းပိုသည်။

-       ဆီးခုံတွင်း ကြွက်သားများအား သန်စွမ်းစေသည်။

-       သားမွေးလမ်းကြောင်း ခြောက်သွေ့မှုမှ ကာကွယ်ပေးသည်။

-       သားအိမ်အတွင်းဆုံးလွှာရှိ တစ်လျှူးနေရာလွဲမှု ပြဿနာ Endometrosis မှ ကင်းဝေးစေသည်။


စိတ်ကျန်းမာရေး

လိင်ဆက်ဆံမှုသည် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို အားပေးမြှင့် တင်ပေးနိုင်သည်။ စိတ်ကျဝေဒနာနှင့် ပူပင်သောက ဝေဒနာတို့မှ ကင်းဝေးစေပြီး ပျော်ရွှင်မှုကို ရရှိစေသည်။

-       စိတ်ပျော်ရွှင်လန်းဆန်းခြင်း

-       ယုံကြည်မှု၊ ချစ်ကျွမ်းဝင်မှု၊ မေတ္တာတရားတို့ ပိုမိုအားကောင်းလာခြင်း

-       စိတ်တည်ငြိမ်အောင် ထိန်းချုပ်နိုင်စွမ်းကောင်းခြင်း

-       စိတ်အလိုလိုက်၍ မှားယွင်းသော အပြုအမူများ မပြုလုပ်ခြင်း

စသည့် အကျိုးများသည် လိင်ဆက်ဆံမှု၏ ရလဒ်ကောင်းများဖြစ်သည်။

အသက် ၅၀ နှင့် ၉၀ ကြားအရွယ်တို့၌ လိင်ဆက်ဆံခြင်းသည် မှတ်ဉာဏ်စွမ်းရည် ပိုမိုကောင်းမွန်စေနိုင်သည်။


ယုံကြည်မှုစွမ်းအား

လိင်ဆက်ဆံခြင်းသည် နုပျိုလန်းဆန်းမှု ဖြစ်စေသည်။ အရွယ်တင်စေသည်။ အမှန်တကယ် အသက်ထက် ခုနစ်နှစ်မှ ၁၂နှစ်ခန့်ထိ ငယ်နေသကဲ့သို့ ဖြစ်စေသည်။ မိမိကိုယ် မိမိယုံကြည်မှု အားကောင်းစေနိုင်သည်။ အိမ်ထောင်သည်များအကြား လိင်ဆက်ဆံရေး ကောင်မွန်ခြင်းသည် အိမ်ထောင်ရေး ခိုင်မြဲစေသော အကြောင်းတစ်ခုဖြစ်သည်။

ဆန္ဒဖြေဖျောက်မှု

မိမိဘာသာ ဆန္ဒဖြေဖျောက်မှုသည်လည်း များစွာသော ကောင်းကျိုးရလဒ် များဖြစ်ထွန်းစေနိုင်ကြောင်း တွေ့ရသည်။

-       ဆက်ဆံဖော်နှင့် အတူနေထိုင်ဆက်ဆံရာတွင် ပိုမို အဆင်ပြေကောင်းမွန်စေခြင်း

-       မိမိခန္ဓာကိုယ်ကို ကောင်းစွာ နားလည်နိုင်ခြင်း

-       ဆန္ဒပြီးမြောက်မှုအတွက် အထောက်အကူဖြစ်စေခြင်း

-       မိမိကိုယ်မိမိ ယုံကြည်မှု ပြည့်ဝစေခြင်း

-       ကျေနပ်မှု ပိုမိုရရှိစေခြင်း

-       ပန်းသေ ပန်းညှိုးပြဿနာကို ကုစားနိုင်ခြင်း


အိမ်ထောင်မပြုခြင်း၊ ဆက်ဆံမှု ရှောင်ကြဉ်ခြင်း

အိမ်ထောင်မပြုဘဲနေခြင်း သို့မဟုတ် လိင်ဆက်ဆံမှုမပြုဘဲ နေခြင်းသည်လည်း သက်ရှည်ကျန်းမာမှုကို ထိခိုက်စေမည်မဟုတ်ပါ။ လိင်ဆက်ဆံခြင်းသည် ကျန်းမာရေးနှင့် ပျော်ရွှင်ခြင်းကို ရစေသည်ဖြစ်သော်လည်း ဘဝကို တက်ကြွစွာနေထိုင်ပြီး စိတ်ကျေနပ်မှု ဖြစ်စေလျှင် အသက် ၉၀ မှ ၁၀၀ ထိ သက်ရှည်ကျန်းမာနိုင်မည်ဖြစ်သည်။ အိမ်မွေးတိရစ္ဆာန်များ မွေးမြူခြင်း၊ တေးဂီတ နားထောင်ခြင်း ၊ စာရေးခြင်း၊ စာဖတ်ခြင်းနှင့် ဘာသာရေးကို နက်ရှိုင်းစွာ လုပ်ဆောင်ခြင်းတို့သည် ကျန်းမာသက်ရှည်နိုင်စေပါသည်။


အချုပ်အားဖြင့်ဆိုရသော်

လိင်ဆက်ဆံမှုသည် ဘဝ၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး၊ သုခချမ်းသာကြွယ်ဝစေသည်။ ဆန္ဒပြီးမြောက်ခြင်းသည် သံယောဇဉ်ကြိုးကို ချည်နှောင်ပေးသည်။ လိင်ဆက်ဆံမှုကြောင့် နှလုံးရောဂါ အန္တရာယ်မှ ကင်းနိုင်သည်။ မိမိကိုယ်မိမိ ယုံကြည်မှု အားကောင်းစေသည်။

လိင်ဆက်ဆံမှုနှင့် အလားတူ အကျိုးရလဒ်များကို အခြားနည်းလမ်းများဖြင့်လည်း ရရှိနိုင်ပါသည်။

လေ့ကျင့်ခန်းလုပ်ခြင်း၊ တိရစ္ဆာန်ငယ်လေးများမွေးခြင်း၊ တေးဂီတနားထောင်ခြင်း၊ ဝါသနာပါရာ ဆောင်ရွက်ခြင်း၊ မိတ်ဆွေသူငယ်ချင်းများနှင့် တွေ့ဆုံခြင်း ဘာသာရေးကို အလေးထားဆောင်ရွက်ခြင်းစသည်တို့သည်လည်း သက်ရှည်ကျန်းမာစေနိုင်သည်။

Credit : ဒေါက်တာ အေးကျော် (ဇီဝကမ္မ)

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18